Wednesday, July 11, 2012

တရားမျှတမှုမရှိသော ဇေကမ္ဘာကုမ္ပဏီ၏ မြေသိမ်းမှု

ရေကြီးပြီး လယ်ယာမြေ ရေမြုပ် သွားမည်ကို စိုးရိမ်ကြသဖြင့် ဇေကမ္ဘာ ကုမ္ပဏီမှ ဘိလပ်မြေ စက်ရုံအတွက် (၃) မိုင် ခန့်ရှည်သည့် တာကာ လမ်းမကြီး တည်ဆောက်နေခြင်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်နီး ပတ်ဝန်ကျင်းရှိ ကျေးရွာများက ကန့်ကွက်နေကြောင်း အမည် မဖော်လိုသူ နှီးဒုံကျေးရွာ လယ်သမား တစ်ဦးက ပြောပါသည်။   “ (၃)မိုင်ထဲက နှစ်မိုင်ကိုတော့ ဖေါက်ခဲ့ပြီး ပါပြီး။ ကျန်တဲ့တမိုင်ကတော့ လမ်းအူကြောင်းထဲပါတဲ့ လယ်ရှင်တွေက ဖေါက် ခွင့်မပေးလို့ ရပ်နေရတာပါ။ တကယ်လို့ ဖေါက်ခွင့်ပေးလိုက်ရင် ကျနော်တို့နယ်မှာက နှစ်စဉ်ရေးကြီးတယ်။ အဲဒီရေကြီးမှုကို အမြန် ရေကျသွားဖို့ လိုပါတယ်။ ဒါမှ စပါးပင်တွေ သေဘေးကနေ လွတ်မှာကိုးဗျ။ ဒီနေရာမှာ ဇေကမ္ဘာက လမ်းဖေါက်လိုက် ရင် လမ်းဟာ ရေလွတ်ဖို့တာ အမြင့်ကြီး လုပ်ရမှာပါ။ ဒီတာကြောင့်ရေစီးရေလာမှုကို ပိတ်လိုက်တဲ့ အတွက် ထောင်နဲ့ချီတဲ့ လယ်တွေ ပျက်တော့မယ် ဒါကြောင့် ကျနော်တို့ လယ်သမား တွေက မဖေါက်စေချင်ဘူး”ဟု ဒေသခံ လယ်သမား တဦးက ပြောပါသည်။
Zay_01 ရွာသူရွာသားများ ဆန္ဒဖော်ထုတ်ကြစဉ် (ဓါတ်ပုံ - အင်တာနက်)

အဆိုပါ တာလမ်းမကြီးသည် ကျိုက်မရောမြို့မှ ကော့ဒွန်းကော့ပနော် ကျေးရွာအနီးရှိ ပျားတောင်အထိ ဖြတ်ပြီးဖေါက် လုပ် နေသည့်အတွက်  တာလမ်းတလျှောက်မှ တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ဖျက်စီးပြီး ဖောက်လုပ် နေ ခြင်းဖြစ်သည်။ ကျေးရွာအတွက် ထိခိုက်မှုမရှိသော နေရာ၌ လမ်းဖေါက်ရန် ဝန်ကြီးနှင့် ကုမ္ပဏီပိုင်ရှင်ကို လိုက်ပြ ပေး သော်လည်း ဇေကမ္ဘကုမ္ပဏီက လက်မခံခဲ့ဟု နှီးဒုံကျေးရွာ ကျောင်းထိုင် ဆရာတော်က မိန့်ကြားခဲ့ပါသည်။
ဇေကမ္ဘာသည် (၂၀၁၀) ခုနှစ်တွင် အမှတ် (၁) စက်မှုဝန်ကြီးဌာန မှ တန်ချိန် (၁၀၀၀) ထွက်သည့် ဘိလပ်မြေ စက်ရုံနှစ်ရုံ  တည်ဆောက်ရန် ခွင့်ပြုချက် ရခဲ့ပါသည်။ ထိုကြောင့် ဇေကမ္ဘာကုမ္ပဏီနှင့် ကျိုက်မရောမြို့နယ်အာဏာပိုင်များတို့ကကော့ ဒွန်း ကော့ပနော် နှီးဒုံ ကျေးရွာမှ လယ်ဧက (၈၂၅) ခန့်ကို တိုင်းတာ သိမ်းယူခဲ့ပါသည်။ ဤလယ်မြေများကို လယ်သမား များက မရောင်းချလိုသော်လည်း မရောင်းမနေရ စနစ်ဖြင့် တန်ဘိုး အနည်းငယ်ပေးပြီး လယ်သမားများကို အာဏာသုံးဖယ် ရှားခဲ့ပါသည်။  ဤသို့ကြောင့် ဒေသခံတောင် သူလယ်သမားများက အလုပ်လက်မဲ့ဘဝ ကျရောက်ခဲ့ရပါသည်။

လယ်ရောင်းရန် ဆန္ဒမရှိသော လယ်သမားများကို တဧကလျင် တသိန်းကျပ်မှ (၃)သိန်းကျပ်ပေးပြီး မောင်းထုတ်ခဲ့ပါသည်။
လယ်သမားများ မကြေနပ်သဖြင့် တရားရုံးသို့ တိုင်တန်းကြသော်လည်း အရေးယူဆောင်ရွက်မှု မရှိခဲ့ပေ။
“ဥပဒေကလည်း မတရားဘူး၊ အစိုးရကလည်း မတရားဘူး၊ ဈေးပေါပေါနဲ့ မြေလိုချင်တဲ့ ကုမ္ပဏီတွေကလည်း အဲဒီဥပဒေနဲ့ အဲဒီအစိုးရကို ကပ်ပါးလုပ်ပြီး မတရားတဲ့ နည်းနဲ့ သိမ်းပိုက်တော့ လယ်သမားတွေ ဒုက္ခရောက်တာပေါ့။ ဒီလယ်မြေတွေကို သိမ်းပိုက်နေတာ ကုမ္ပဏီတခုထဲ သိမ်းပိုက်နေတာ မဟုတ်ပါဘူး။ စစ်တပ်၊ ရဲ၊ အစိုးရဌာနတွေကပါ လိုရင်လိုသလို သိမ်း ပိုက်နေတာလေ။ တနိုင်ငံလုံးအတိုင်းအတာဘဲ။ လယ်သမားတွေကို ကာကွယ်တဲ့ ဥပဒေကို မရှိဘူး။ သိမ်းပိုက်နေတဲ့ သူ တွေကလည်း အစိုးရရဲ့ အလိုတော်ရိတွေဘဲ ဖြစ်နေတယ်။  ဒါကြောင့် ကျနော်တို့ လယ်သမားတွေ လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး ထင်ပါတယ်” ဟု ဒေသခံ လယ်သမား တဦးက ဆိုပါသည်။
ဇေကမ္ဘာသည် အခက်အခဲဖြစ်နေသော လမ်းဖေါက်လုပ်နိုင်ရေးအတွက် ဥပဒေကြောင်းအရ ဆိုပြီး လယ်သမားများကို အရေးယူမည်ဟု ချိန်းခြောက် နေပါသည်။ ၄င်းတို့သည် ရန်ကုန်တိုင်း၌လည်း လယ်သမားများ၏ လယ်ယာမြေများကို ဈေးနှုန်း အနည်းငယ်ပေးပြီး သိမ်းပိုက်သည့်အတွက် ယနေ့အထိ ပြသနာဖြစ်နေဆဲ ဖြစ်ပါသည်။

No comments:

Post a Comment

Ads 468x60px

Featured Posts