Thursday, July 12, 2012

ဘဝနဲ့ ရင်းတဲ့အသိ

သူငယ်ချင်း (သို့) ဆရာ (သို့) တပည့် တို့ဖြစ်ချင် ဖြစ်မယ်။ အားလုံးကို ပြန်ခြုံပြီးတော့ ပြောပြချင်တဲ့ ကိစ္စလေးတွေ အနည်းငယ်ရှိနေတယ်ကွာ။ သူငယ်ချင်းတို့ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် လူနည်းစု တစု ဖြစ် တယ်။ အဲဒီလူနည်းစု တစု ကောင်းစားဖို့အရေးကို မင်းတို့ ငါတို့ ရဲဘော်တွေရဲ့ အသက်တွေ သွေးမြေမှာ ကျခဲ့ရ လည်း သူတို့ရဲ့ ဆွေမျိုးတွေ မပါတဲ့အတွက် သူတို့က ဘာမှမဖြစ်ကြပါဘူးကွာ။ ။
          မင်းတို့ ငါတို့ ရဲဘော်တွေဟာ သူတို့စွန့်ပစ်လိုက်တဲ့ အညစ်အကြေးလောက် တန်ဖိုးမရှိဘူးဆိုတဲ့ အယူ ဝါဒရှိတယ်။ သူငယ်ချင်းတို့ ငါတို့ ရဲဘော်တွေ နေထိုင်စားသောက်ရတဲ့ ဘဝနဲ့ သူတို့ရဲ့ ဘဝနဲ့ ယှဉ်ပြီးကြည့်ပါ။ သူတို့သားသမီးတွေ အလကား ဖြုန်းတီးနေတဲ့ တနေ့တာ အချိန်ပိုင်းငွေကြေးပမာဏဟာ ငါတို့ ရဲဘော်ဆယ် ယောက်လောက်ရဲ့ လစာထက် ကျော်လွန်နေတာလေကွာ။ သူတို့နေထိုင်မှုကို ယှဉ်ကြည့်ပါ။ ဘယ်အတိုင်းအ တာ၊ ဘယ်အဆင့်အထိ ကွာဟ နေမလဲဆိုတာ သူငယ်ချင်းတို့ သိနေမှာပါ။ ဒါပေမယ့် သူငယ်ချင်းတို့ စိတ်ဓါတ် မကျပါနဲ့။ ဒါဟာ သူငယ်ချင်းတို့စိတ်ဓါတ်ကျစရာမဟုတ်ပါဘူး။ သူငယ်ချင်းတို့ သိပြီး နားလည်လာအောင် ပြောပြတာပါ။ ဒီထက်မက ဆိုးဝါးတာတွေ အများကြီးရှိနေပါသေးတယ်။

          ဒါကို သူငယ်ချင်းတို့အချင်းချင်း တိုင်ပင်ပြီးတော့ ကွာခြားမှုဘယ်လိုရှိတယ်၊ လူနည်းစုဟာ သူတို့ရဲ့ ကိုယ်ကျိုးအတွက် ဘယ်လိုအရာတွေ လုပ်နေတယ်ဆိုတာ သူငယ်ချင်းတို့ သိလာပါလိမ့်မယ်။ သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို စစ်အာဏာရှင်လူနည်းစု ကောင်းစားဖို့အရေးမှာ စတေးခံ တော့မှာလား ?
          မြန်မာပြည်မှာနေထိုင်တဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေအတွက် အသုံးပြုမလားဆိုတာကို သူငယ်ချင်းတို့ စဉ်းစားပါ။ အဖြေထွက်လာပါလိ့မ်မယ်။ အဲဒီအဖြေတခုအတွက် သူငယ်ချင်းတို့မှာ ဆုံးဖြတ်ပိုင် ခွင့်ရှိတယ်။ သူငယ်ချင်းတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ပါစေလို့ ဆုတောင်းပေးပါတယ်။
          သူငယ်ချင်းတို့ရေ တပ်မတော်တရပ်အခိုင်အမာရှိတယ်ဆိုတာ ကောင်းပါတယ်။ ဘယ်နိုင်ငံမဆိုလည်း တပ်မတော်တွေရှိကြတာပါပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ တပ်မတော်အတော်များများကတော့ သူတို့နိုင်ငံအတွက်တော့ ကောင်းကြတာပါပဲ။ ဘယ်တပ်မတော်ပဲဖြစ်ဖြစ် လူမျိုး၊ ဘာသာ၊ သာသနာနဲ့ နိုင်ငံတော် နောက်တခုက နိုင်ငံသားတွေကို ကာကွယ်ကြဖို့တော့လိုတယ်။ ဝမ်းနည်းစရာကောင်းတာက ဒို့ရဲ့ မြန်မာ့တပ်မတော်ကြီးက တော့ အဲဒီအချက်တွေနဲ့ တချို့နေရာတွေမှာ လွဲမှားနေတယ်သူငယ်ချင်းတို့ရေ။
          အဲလို လွဲမှားနေတဲ့ တပ်မတော်ကြီးမှာ ငါတို့လိုချင်တဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေကို ကာကွယ်ချင်တဲ့ တပ်မတော်သားတွေ ကောင်းမွန်စွာ ရှင်သန်နိုင်ကြပါ့မလား။ ရှင်သန်ခွင့်ကော ပေးကြမလားဆိုတာ သူငယ်ချင်း တို့စဉ်းစားကြည့်ပေါ့။
          ခုငါတို့တပ်မတော်ကြီးကလေ သာသနာတော်ကို စောင့်ရှောက်ဖို့နေနေသာသာ ဘုရားသားတော်တွေ ကိုလည်း သတ်ခဲ့ပြီ။ နိုင်ငံသားတွေကို ကာကွယ်ဖို့ဆိုတာမှာလည်း နယ်စပ်ဒေသစစ်ဆင်ရေးဒေသတွေမှာ မကဘူး မြို့လယ်ကောင်မှာလဲ နိုင်ငံသားတွေကို သတ်ခဲ့တယ်။ စစ်ဆင်ရေးဒေသတွေက ပြည်သူတွေဆိုတာက တော့ မင်းတို့ပိုသိမှာပါကွာ။ လက်ရှိကို ကချင်ပြည်နယ်ဘက်က ငါတို့ ပြည်သူတွေ ငါတို့သွေးချင်းတွေ ဘယ်လို ဖြစ်နေလဲ။ ဒါတွေဟာ မှားယွင်းတဲ့ အုပ်ချုပ်မှုနဲ့ မှားယွင်းတဲ့ နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ သူငယ်ချင်းတို့ သိမှာပါ။
          အဲလို မှားယွင်းမှုတွေနဲ့ ပြည့်နေတဲ့ တပ်မတော်ကို ပြန်ပြင်ဖို့ဆိုတာက ငါတို့ တပ်မတော်သားတွေရဲ့ တာဝန်ဆိုတာ သူငယ်ချင်းတို့ မေ့မထားပါနဲ့။ ခုလိုဖြစ်နေတာတွေကို ပြင်ဆင်ကြဖို့အတွက်ကို သူငယ်ချင်းတို့ အချင်းချင်း တယောက်နဲ့တယောက် ရာထူးအဆင့်အတန်းတွေကို ဘေးဖယ်လို့ တပ်မတော်ကြီးပြန်လည် ကောင်းမွန်လာဖို့နဲ့ တပ်မတော်သားကောင်းများအဖြစ် ဝံ့ဝံ့ထည်ထည် ဖြစ်လာဖို့ တိုင်ပင်ကြပါ။ ဆွေးနွေးကြပါ။ တခြားမသိသေးတဲ့ မင်းတို့ရဲ့ တပ်မတော်သားညီအကိုများကိုလည်း ပြောပြပေးကြပါ။
          သူငယ်ချင်းတို့ရေ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်ဆိုတဲ့ အခြေအနေကနေ တိုင်းပြည်တာဝန် ထမ်းဆောင်ကြရာမှာ ကောင်းမယ်ထင်တဲ့ အမြင်တွေကို အဆင့်တိုင်းက တင်ပြနိုင်ဖို့ အကြံပြုနိုင်ဖို့ မကောင်း တာတွေကို ဝေဖန်နိုင်ဖို့ ငါတို့တွေ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ကွာ။
ပြည်သူကမွေးဖွား ငါတို့စစ်သား
ပြည်သူကိုသတ်ဖြတ် ငါတို့စစ်တပ်မဖြစ်ပါစေနဲ့
အမှားကိုသိ၍ အမှန်ကို ရောက်နိုင်ကြပါစေ

(ပွင့်ထွက်နှလုံးသား)

No comments:

Post a Comment

Ads 468x60px

Featured Posts