Friday, July 27, 2012

ဖောင်တိန်အမှတ်(၁၀၁)


လွန်လေပြီးသော ၁၅ နှစ်ကျော်ခန့်က….။
ဆောင်းအကုန်နွေအကူး တပေါင်းလရာသီဦး နေ့တနေ့မှာ ကျနော်တို့တတွေ ပြင်ဦးလွင်ကို ရောက်ခဲ့ကြတယ်။ မန်းလေးကနေ မနက် ၉ နာရီသာသာလောက် စထွက်လာခဲ့ကြတာ ၁၁ နာရီ စွန်းစွန်းလောက်မှာ.. ပြင်ဦးလွင် မြို့မှာ ကျနော်တို့သင်တန်းတက်ရမယ့် လေ့ကျင့်ရေးသင်တန်းကျောင်းဝင်းထဲက ချယ်ရီပင်ရိပ်အောက်မှာ ဒိုင်နာကားလေး ရပ်တန့်သွားတော့...

ကားပေါ်ကလူတွေ တယောက်ပြီးတယောက် ခုန်ဆင်းနေတဲ့အချိန်..
သူငယ်ချင်းတဦးရဲ့ ခပ်ရှရှအသံ ထွက်ပေါ်လာတယ်..“ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်လို့ တင်စားပြောကြတာ.. ငါတကယ်ယုံသွားပြီ... ကြည့်စမ်းပါအုံး..လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ခွေးသေးပန်းလေးတွေကအစ လှနေလိုက်တာ..” တဲ့။ 
ချယ်ရီပန်းပွင့်ရာသီ ကုန်ဆုံးချိန် ဖြစ်နေပြီမို့.. ချယ်ရီပွင့်လှလှလေးတွေကို မြင်ခွင့်မရတော့ဘဲ.. အရွက်စိမ်းစိမ်းတွေ ကြားမှာ ဟိုတလုံး ဒီတလုံး တွဲလောင်းကျနေတဲ့ ချယ်ရီသီးလေးတွေကိုသာ တွေ့နေရပါတယ်။
ကျနော်တို့တက်ရမှာ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းသင်တန်း။ ထုံးစံအတိုင်းဆို ကြည်းတပ်၊ရေတပ်၊ လေတပ်၊ ရဲတပ်ဖွဲ့... တခါတရံ မီးသတ်၊လဝက၊ အကောက်ခွန် ဌာနဝန်ထမ်းများပါ တက်ရတတ်တယ်။ ဒါပေမဲ့ ကျနော်တို့ သင်တန်း အပတ်စဉ်မှာတော့ ကြည်းတပ်က ၄၁၀၊ ရေတပ်က ၃၀... စုစုပေါင်း ၄၄၀ ဦး။
နေ့လည် ၁ နာရီလောက်မှာ သင်တန်းသားအားလုံးနီးပါး စုံစုံညီညီ ရောက်လာကြတာမို့ အိပ်ဆောင် ၆ ခုခွဲပြီး နေရာ ချထားပေးတယ်။ အိပ်ဆောင် တခု သင်တန်းသား ၇၀ နှုန်း၊ ရေတပ်က ၅ ယောက်စီပါတယ်။ ကျနော်က အိပ်ဆောင်အမှတ် ၅ မှာ။
……………………………………………………………………………………
…………………………………………………………
ညနေ ၄ နာရီလောက်မှာ သင်တန်းသားအားလုံးတန်းစီပြီး သင်တန်းတလျှောက် တာဝန်ယူရမယ့် အလုပ် တာဝန်တွေ ခွဲပါတယ်။ ခန်းမတာဝန်၊ လက်နှိပ်စက်အကူ၊ စိုက်ခြံ၊ ဝက်ခြံ စသဖြင့် သင်တန်းချိန်ပြင်ပ လုပ်အားပေးတာဝန်တွေ ခွဲဝေသတ်မှတ်ပေးတာပါ။
ခန်းမဆောင်တွေရှေ့ ကွက်လပ်တနေရာမှာ သင်တန်းသားတွေ အားလုံး တန်းစီပြီးချိန်မှာ ကွမ်းစားစားနဲ့ ဆရာ တဦး ရောက်ရှိလာပြီး သူ့ကိုယ်သူမိတ်ဆက်စကား ပြောပါတယ်။
“ဆရာ့နာမည် .... ပါ။ ငါက ကရင်သွေးတဝက် ပါတယ်ကွ။ စကားကို တိုတိုရှင်းရှင်းပဲပြောတတ်တယ်။ မင်းတို့အထဲမှာ လက်သမားလုပ်တတ်သူတွေ အပြင်ထွက် တန်းစီလိုက်စမ်း”
ရေတပ်သား ၇ ဦးနဲ့ ကြည်းတပ်က ၁ ဦး ထွက်ရပ်လိုက်တယ်။
“လက်နှိပ်စက် ရိုက်တတ်တဲ့လူ ထွက်”
ရေတပ်သား ၆ ဦးသာ။
“ဟေ...”
ဆရာ့မျက်လုံးက ကြည်းတပ်သင်တန်းသားတွေဆီကို တချက်စူးစိုက်ကြည့်လိုက်တယ်။
“စိုက်ပျိုးရေးလုပ်တတ်သူရော”
ရေတပ်သား ၁၀ ဦးကျော်ကျော်လောက်နဲ့ ကြည်းတပ်က ၃၊ ၄ ဦး။
အခြေအနေက သိပ်မဟုတ်တော့... ဆရာနည်းနည်း ကျွဲမြီးတိုလာတဲ့ပုံ။
“မင်းတို့ ခြေလျင်၊ ခြေမြန်က လာတဲ့ လူ ၄၀၀ လောက်ထဲမှာ ရဲတင်းကိုင်ဘူးတဲ့ကောင်၊ ပေါက်ပြားပေါက်ဖူးတဲ့ ကောင် တယောက်မှ မပါဘူးလားကွ။ ခေါ်ထုတ်လိုက်ရင် ရေဘဲတွေပဲ ထွက်ထွက်လာတာ တွေ့ရတယ်။ ကဲ ခုတခါ ထပ်မေးမယ်.. ဝက်စာပုံးထမ်းဖူးတဲ့ကောင် ထွက်ခဲ့”
“ကြည်းတပ် ရဲဘော်တချို့ စိတ်မပါ့တပါ တလှမ်းချင်းထွက်လာတယ်။ ဒါတောင် ရေတပ်သား ၂ ယောက် နောက်ကပါလာလိုက်သေး”
ဆရာလည်း သူနဲ့အရောင်အသွေးတူ သင်တန်းသားရဲဘော်တွေကို ဘဝင်မကျ၊ မကျေမချမ်း ဖြစ်စွာနဲ့ပဲ လုပ်ငန်း တာဝန်ခွဲဝေခြင်း အမှုကိစ္စကို အဆုံးသတ်လိုက်ရတော့တယ်။
ဒီလိုမြင်ကွင်းကြောင့် ရေတပ်သားတွေဟာ အောက်သက်ကျေတဲ့ စွယ်စုံရစစ်သည်တွေလို့ အထင်ရောက် မစောလိုက်ပါလေနဲ့။
ရှေ့လူနဲ့နောက်လူ လက်ဆင့်ကမ်း မှာတမ်းခြွေလိုက်တဲ့ စကားလက်ဆောင်လေးတွေ ကြောင့်ပါ။ ကျနော်တို့ သင်တန်းသွားရခါနီး မိခင်တပ် ရပပ(ရေတပ်ပင်မပစ္စည်းထိန်းတပ်) မှာ တပတ်လောက် ကြိုတင်သတင်းပို့ကြရ တယ်လေ။ အဲဒီမှာ ရှေ့အပတ်စဉ်က သင်တန်းဆင်းလာတဲ့ နောင်တော်ကြီးတွေနဲ့ ဆုံဖြစ်ကြရော။ သူတို့ကြုံတွေ့ ခံစားခဲ့ရတဲ့ သင်တန်းသားဘဝ အစုံအလင်ကို သိခွင့်ရခဲ့သလို ဟိုရောက်ရင် ဘယ်လိုနေ ဘယ်လိုကျင့် ဆိုတဲ့ အမှာစကားတွေလည်း တသီကြီး နာကြားခဲ့ရတာ။
ဟုတ်လည်း ဟုတ်ပါတယ်။ ကိုယ့်မှာ ခေါင်းစဉ်တခု ခိုင်ခိုင်မြဲမြဲရှိထားမှ။ နို့မို့ဆို ညနေခင်း လုပ်အားပေးတာဝန် ခွဲဝေချိန်၊ ရုံးပိတ်ရက် တပ်ပြင်လုပ်အားပေး တာဝန်ခွဲချိန်တွေမှာ ပိုးစာခြံလုပ်အားပေး၊ တောင်ပေါ်ထင်းခုတ်၊ တပ်နယ်လုပ်အားပေး စသဖြင့် နယ်ရုပ်လေးတရုပ်လို စေလိုရာစေ ဘဝပါပဲ။ ဒီတော့ စစချင်း တာဝန်ခွဲဝေ ချထားတဲ့နေ့မှာ ရေတပ်သားတို့ ခေါင်းစဉ်ကိုယ်စီ အရယူကြတာ။
…………………………………………………………………………….
…………………………………………………
သင်တန်း စဖွင့်တဲ့နေ့ မနက်ပိုင်း PT ပြေးကြတဲ့အခါ အစိမ်းရောင်တွေကြားထဲ အပြာရင့်ရောင် ယူနီဖောင်း တစုံ လွင့်မျောလှုပ်ရှားနေတာကို တွေ့လိုက်ရပါတယ်။ သူက ခေါင်းစဉ်မဲ့ ရေတပ်သားလေးပေါ့။
ဘယ်သူက ဘယ်လိုလော်ဘီလုပ်စည်းရုံးလိုက်တယ်မသိ၊ ညနေပိုင်း အလုပ်တာဝန်ခန့်ခွဲချိန်အပြီးမှာ မနက်တုန်းက PT ပြေးနေတဲ့ ရေတပ်သားလေး ပေါက်တူးထမ်းလို့ စိုက်ခြံအဖွဲ့မှာ အားဖြည့်ဖို့ ရောက်လာ တယ်။ နောက်နေ့မနက်ကစ PT လေ့ကျင့်ခန်းမှာ ရေတပ်သားတယောက်မှ မတွေ့ရတော့။
ဆောင်းလေသွေးတဲ့ နှင်းမှုန်မှုန်နံနက်ခင်း မှိန်ပြပြလျှပ်စစ်မီးရောင်အောက်မှာ တဗြုတ်ဗြုတ် ကင်းဘတ် ဖိနပ်သံတွေနဲ့အတူ ပေါ်ထွက်လာတဲ့ “ဘယ်ညာ..ဘယ်ညာ..ဘယ်ညာဘယ်” “တစ်နှစ်သုံးလေး.. ပြည်သူ့ စစ်သား” စတဲ့ တိုင်ပင်ရွတ်ဆိုသံတွေကိုနားစွင့်ရင်း ကျနော်တို့တဖွဲ့စိုက်ခင်းထဲမှာ ပေါင်းသင်၊ မြက်နှုတ်၊ ရေလောင်းတဲ့ အလုပ်တွေကိုယ်စီ တာဝန်ထမ်းခဲ့ကြတယ်။
PT ဆရာက ကျနော်တို့ PT ဝင်မပြေးတာကို ဘယ်လိုမှမကျေနပ်နိုင်။ သက်ဆိုင်ရာဆရာကြီးတွေ စီစဉ်တာမို့ မပြောသာလို့ ရေငုံနှုတ်ပိတ်နေပေမယ့် ရေဘဲတွေ ဘယ်လောက်ကြာကြာရေငုပ်နိုင်မလဲ.. ကတွက်ပေါက်က ဗျိုင်းလို စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။
ဘာကြာလိုက်မလဲ... သင်တန်းသားအားလုံး မဖြစ်မနေ PT ဆန်းစစ် ဝင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်အရ ကျနော်တို့အားလုံး စစ်ရေးပြကွင်းထဲခပ်လျှိုလျှို ဝင်ရောက်လာတဲ့အခါ PT ဆရာက ခါးထောက်လျက် ကြိုဆိုနေတာကို တွေ့ရပါတယ်။ ခါတိုင်းလို ကင်းဘတ်ဖိနပ်လေးစီးပြီး ခပ်ရွရွ ပြေးရတာမျိုးမဟုတ်ဘဲ တိုက်ပွဲဝင်ဖိနပ်စီး စစ်ရေးပြကွင်းကို အလျားလိုက်ခေါက်တုန့်ခေါက်ပြန် ဒုန်းစိုင်းအပြေးတက်ခိုင်းတော့ တလျှောက်လုံးကွက် (သက်သာခိုခဲ့သမျှ) လာတဲ့ ချွေးပုတ်တွေ အလုံးလိုက် အလုံးလိုက်စီးဆင်းလာပြီး အမောပြေသံပုရာသီးတောင် မစားနိုင်အောင် ဖြစ်ခဲ့ရတယ်။
သင်တန်းသားအချင်းချင်း အနေနဲ့တော့ ကျနော်တို့အပေါ် အမြင်ကြည်လင်ကြပါတယ်။ ဘာကြောင့်ဆို ကျနော်တို့ စိုက်ခင်းကထွက်တဲ့သီးနှံတွေဟာ သင်တန်းသားအားလုံးစားဖို့၊ အခန်းသန့်ရှင်းရေးလုပ်တာကလည်း အားလုံးသန့်သန့်ရှင်းရှင်း နေရဖို့ မဟုတ်ပါလား။
………………………………………………………………………………..
………………………………………………………………….
သင်တန်းမှာက မိခင် လေးရာကျော်က မွေးဖွားပေးလိုက်တဲ့သားတွေ အတူတကွ နေထိုင်သင်ကြားလေ့ကျင့် နေကြတာဆိုတော့ ကိုယ်နဲ့အမူအကျင့်နီးစပ်သူတွေရော မတူကွဲပြားတဲ့စရိုက်သဘာဝ ရှိသူတွေကြားမှာ တဖြည်းဖြည်းကျင့်သားရအောင် နေကြရတာပါပဲ။ စိတ်တူကိုယ်တူ ပျော်ရွှင်ရတာတွေရှိသလို တခါတခါလည်း အောင့်အည်းသည်းခံရတာတွေ ရှိသပေါ့။
မြန်မာပြည်အနှံ့ နယ်စုံ၊ ဒေသစုံကနေ ရောက်လာကြသူတွေတာနဲ့အညီ ကျွမ်းကျင်ရာ အထုံဝါသနာ တွေ ကလည်း စုံနေတာပဲ။ သီချင်းဆိုကောင်းသူတွေ၊ ကွက်စိပ်အဟောကောင်းသူတွေ၊ ကြာနီကန်ဆရာတော်နီးပါး တရားဟောတတ်သူတွေ… တချို့ကျတော့ လက္ခဏဗေဒ ကျွမ်းကျင်သူတွေ၊ ကဗျာစပ် ကောင်းသူတွေ၊ အသံတု ဝိဇ္ဖာတွေ၊ ဂစ်တာ ဆရာတွေ…..။
လူငယ်တို့ထုံးစံအတိုင်း သင်တန်းမှာ အဆင်မပြေတာတွေကြုံရတဲ့အခါ သီချင်းနဲ့ စောင်းပါးရိပ်ခြေ သီဆိုရင်ဖွင့် တာ၊ စာတိုပေစလေးတွေ ရေးဖွဲ့ပြီး အချင်းချင်းပေးဖတ်တာတွေ ရှိခဲ့ပါတယ်။ အချုပ်တန်း ဆရာတေ အမည်နဲ့ မီးဖိုကြီးကချက်ကြွေးသော ဟင်းလျာအကြောင်း သင်တန်းသားတဦးရေးလိုက်တဲ့ လေးချိုးလိုလို၊ ဒွေးချိုးလိုလို စာတပိုဒ် သင်တန်းဆရာထံရောက်သွားပြီး အားလုံးရှေ့မှာ ဖတ်ပြလို့ ဆရာတေ နာမည်ကြီးသွားလေရဲ့။ သူက အပင်ပေါက်မတတ်နွမ်းကြေနေတဲ့ ခရမ်းချဉ်သီးအပေါက်အပြဲကို မှိုစော်နံနေတဲ့ ငခြောက်နဲ့ ဖြစ်သလိုရောပြီး ဆီပါလေဟန် ထည့်ကာ အရည်ပေါပေါနဲ့ ချက်ထားတဲ့ ဟင်းကိုအမွှမ်းတင်ရေးစပ်ထားတာကိုး။
မီးဖိုကြီးက ချက်ကျွေးတဲ့ ဟင်းတွေကောင်းမှုကြောင့် ကျနော်အပါအဝင် သင်တန်းသား အချို့ အမှတ်(၁) စစ်မြေပြင်ဆေးရုံမှာ တပတ်လောက် အနားရခဲ့ပါသေးတယ်။
……………………………………………………………………………..
……………………………………………………………
ကျနော်တို့ သင်တန်းမှူးက ဝန်တင်လားတပ်မှာ လားတွေကို ဆေးကုပေးတဲ့ ဒုအရာခံဗိုလ်ကနေ အရာရှိ ဖြစ်လာသူ ဗိုလ်ကြီး။ နဖူးပြောင်သလောက် သဘောကောင်းတယ် ပြောရမလားပဲ… သင်တန်းသားတွေနဲ့ တရုန်းရုန်း.. တဝါးဝါး.. တဟားဟား..ပျော်ပျော်နေတတ်သူ။ အဲ… တခါတလေ သူစိတ်မကြည်လင်ချိန်မှာတော့ အဆောင်ဘက်က အသံနည်းနည်းညံတာကိုပင် သည်းမခံတတ်သူ။ ကျနော်တို့ အဆောင်မှာ တရားဟောဆရာ ကြာနီကန် အဟဲ.. ကောင်းနေတုန်း…. ကွက်စိပ်ဆရာ အရှိန်တက် နေတုန်း… သင်တန်းမှူး တုတ်နဲ့လိုက်လို့ ပြေးခဲ့ရတာ အကြိမ်ကြိမ်။
အအက(အုပ်ချုပ်မှု အကူအတတ်သင်ကျောင်း) မှာရှိတဲ့ အရာရှိသင်တန်းသား၊ အကြပ်စစ်သည် သင်တန်းသား အားလုံးလိုလိုနဲ့ အဆင်မပြေသူက သင်တန်း အုပ်ချုပ်ရေးဌာနတခုမှာ တာဝန်ယူတဲ့ ဗိုလ်မှူး (DQ လို့ခေါ်ကြတယ်)။ သူက စကားပြောရင် အင်မတန် ဇီဇာကြောင်သူ၊ ဘယ်အချိန် ဘယ်နေရာမှာတွေ့တွေ့ သူ့ကိုအလေးပြုမှ ကြိုက်သူ။ အမှတ်တမဲ့ဖြစ်သွားလို့ အလေးမပြုမိရင် လူရှေ့သူရှေ့မရှောင် အပြစ်ပေး တတ်သူ။ (အလေးပြုခြင်းဟာ အထက်အောက်ရိုသေလေးစားမှုကိုပြခြင်း ဆိုပေမဲ့ လိုတာထက်ပိုပြီး တောင်းဆိုမှုရှိလာတဲ့အခါ အင်မတန် အမြင်ကပ်စရာကောင်းလှတယ်)
…………………………………………………………………………..
……………………………………………………..
စနေ၊ တနင်္ဂနွေ သင်တန်းအားရက်နေ့လည်ပိုင်းမှာ ကျနော်တို့ မြို့ထဲ လျှောက်လည်ခွင့်ရကြတယ်။ အဲလိုအချိန် မှာ စစ်တက္ကသိုလ်က သင်တန်းသားတချို့လည်း ကျနော်တို့အဆောင်ကို ရောက်လာတတ်ကြတယ်။ သူတို့နဲ့ ကျနော်တို့ဆီက သင်တန်းသားတချို့ဟာ ငယ်သူငယ်ချင်း ကျောင်းနေဘက်တွေမို့ လာလည်ကြတာ။ ကျနော်တို့တတွေ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နေတာ တွေ့တော့ သူတို့ခမျာ အားကျလွန်းလို့ တဲ့။ သူတို့ဆီမှာ ဒီလိုနေရတာမဟုတ်၊ ထက်အောက်အမိန့်နာခံမှုကို ခေါက်ရိုးကျိုးနေအောင် လေ့ကျင့်ထားတာ.. ဘယ်လောက်ပဲ စည်းကမ်းလိုက်နာပါစေ.. ပထမနှစ်မှာ အထိုးမခံရ၊ အရိုက်မခံရဘူးသူမရှိ၊ သူတို့ကျောကုန်း ပေါ်က ဒဏ်ရာတွေကို လှန်ပြတော့ ကျနော်တို့လည်း ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။
နောက်ပိုင်း ကျနော်ခွင့်ပြန်ချိန်မှာ စစ်တက္ကသိုလ်ဗိုလ်လောင်းတဦးအတွက် သူ့အိမ်က စားစရာလူကြုံထည့်ပေး လိုက်တာကို သွားပို့တုန်း တတိယနှစ်ဗိုလ်လောင်းတဦးက ပထမနှစ်ဗိုလ်လောင်းတွေကို fatigue ခိုင်းနေတာ တွေ့ရမှ ပိုသဘောပေါက်သွားမိတယ်။
ပထမနှစ် ဗိုလ်လောင်းတွေခမျာ ညာဘက်လက်ဖျံကို ဘယ်ဘက်လက်နဲ့ဆုပ်ကိုင်ပြီး ညာလက်မောင်းခွင်ပေါ် ပျိုးပင်လေးတွေတင်၊ ခေါင်းကလေး ရှေ့ကိုနည်းနည်းငိုက်ထား.. အမြန်လျှောက်အမိန့်ရရင် ပုံစံမပျက် ရို့ရို့လေးလျှောက်၊ အပြေးတက်အမိန့်ရတော့လည်း ဒီအတိုင်းပဲပြေး…. ရှေးရှေးခေတ်က တက္ကသီလာ ကျောင်းတော်သားတွေ ဒီလိုပဲနေရလား အတွေးပွားကြည့်မိပါတယ်။
………………………………………………………………………….
……………………………………………………..
ကျနော်တို့သင်တန်းမှာ ဘာသာရပ်ဆိုင်ရာသင်ကြားပေးတဲ့ ဆရာတွေရယ်၊ အုပ်ချုပ်မှုပိုင်းက ဆရာတွေရယ် ဆိုပြီး အချိန်ပိုင်းအလိုက် ကိုင်တွယ်အုပ်ချုပ်ကြတယ်။
နည်းပြအုပ်စုနဲ့ အုပ်ချုပ်မှုဌာနဆိုပါတော့ဗျာ.. ဒုအရာခံဗိုလ် တဦးစီကွပ်ကဲ တာဝန်ယူပါတယ်။ သူတို့ နှစ်ဦးရဲ့ နာမည်တွေက ခပ်ဆင်ဆင်တူပေမဲ့ နေပုံထိုင်ပုံနဲ့ စိတ်ထားစေတနာချင်းတော့ သိပ်မတူ။
နည်းပြမှူး တာဝန်ယူတဲ့ ဒုအရာခံဗိုလ်(ဆရာကြီးညိမ်း) က နိုင်ငံခြား စစ်သံပြန်တဦး၊ ခေါက်ရိုးတောင့်နေတဲ့ မာဘိုတက် ယူနီဖောင်းဝတ်၊ ရှူးဖိနပ်ကို စမတ်ကျကျစီး၊ ပြောလိုက်တဲ့ ကမ္ဘာ့ဗဟုသုတ ရေပက်မဝင်။ စစ်သံတဦးပီပီ သံတမန်ရေး စကားလည်း ကြွယ်လှတယ်။
အုပ်ချုပ်မှုဌာနမှာ ကွပ်ကဲတဲ့ ဒုအရာခံဗိုလ်(ဆရာကြီးသိန်း) ကျတော့ ခြေလျင်တိုက်ခိုက်ရေးက ပြောင်းလာတာ။ အများအားဖြင့် တပ်က Issue ထုတ်ပေးထားတဲ့ OG ကို သပ်သပ်ရပ်ရပ်လေး ဝတ်တယ်။ combat boot ကို အမြဲစီးတယ်။ စကားကို တိုတိုပြတ်ပြတ်နဲ့ တည့်ပြောတယ်။
တခါတရံ သင်တန်းနားရက်တွေမှာ ကျနော်တို့အုပ်စု  ဂေါ်ရခါးမလေးနဲ့ အပျင်းဖြေ တတ်ကြတယ်။ ( ဂေါ်ရခါး အရက်ကိုဆိုလိုခြင်းဖြစ်၍ တလွဲမထင်စေလိုပါ) မြို့စွန် ရပ်ကွက်တချို့နဲ့ စစ်တက္ကသိုလ် နည်းပြဆရာတွေနေတဲ့ လိုင်းခန်းတွေမှာ ရတတ်တာ။ အဲဒါကို နည်းပြမှူးသိတော့ ခန်းမဝင်ချိန်မှာ ဆုံးမသလိုလို ဆူသလိုနဲ့ သြဝါဒ ခြွေပါရော… ပြီးတော့ “ မင်းတို့မို့ ဒီဂေါ်ရခါးကို သောက်တယ်… ငါသာဆို သောက်မယ့်သောက်  အရက်ကောင်း ကောင်းပဲဝယ်သောက်တယ်” လို့ ပြောလိုက်သေးတယ်။ (သူ့စကားက လူကင်းပါးတဲ့ သင်တန်းသားတချို့ကို မက်ဆေ့ခ်ျပေးတာလည်း ဖြစ်နိုင်တယ်။)
သင်တန်းကာလ သုံးပုံနှစ်ပုံလောက်ပြီးဆုံးချိန်မှာ အဝေးသင်တက္ကသိုလ်စာမေးပွဲတွေ ကျင်းပချိန်နဲ့ တိုက်ဆိုင် နေလို့  သင်တန်းသားတွေ ခွင့်ပြန်ချင်ကြပေမဲ့ သင်တန်းကာလမို့ ခွင့်တင်ဖို့ မဝံ့မရဲဖြစ်နေကြတယ်။ ဒါကို အုပ်ချုပ်ရေး အရာခံဗိုလ်သိသွားတဲ့အခါ မနက်ခင်းတန်းစီချိန်မှာ မေးတယ်။
“ မင်းတို့အထဲမှာ အဝေးသင် စာမေးပွဲဖြေမယ့်သူရှိရင် လက်ထောင်” တဲ့။
ဘာပြောကောင်းမလဲ.. သင်တန်းသားအားလုံးနီးပါး လက်ထောင်ကြတာပေါ့။ ၁၀ တန်းကို (ခ) အဆင့်နဲ့ အောင်ခဲ့သူတွေလည်း ဒီအခွင့်အရေးကို လက်လွတ်မပေးချင်ကြဘူး။ ဒီလိုနဲ့ ဆရာကြီးနဲ့ သင်တန်းမှူး ဗိုလ်ကြီးတို့ တိုင်ပင်ပြီး အအက ကျောင်းအုပ်ကြီးထံမှာ ခွင့်ကိစ္စတင်ပြကြပြီး ခွင့်နှစ်သုတ်ခွဲပေးခဲ့ပါတယ်။ ခွင့်တသုတ်ကို သင်တန်းသား ၁၅၀ လောက်သွားတာ။
ဒီလိုပဲ ဟိုလှည့်ဒီလှည့်နဲ့ ၄ လဆိုတဲ့ သင်တန်းကာလတခုကုန်ဆုံးပြီးမြောက်သွားတဲ့အခါ ကျောင်းအုပ်ကြီးက သင်တန်းသားတွေကို  ဖောင်တိန်တချောင်းစီ ဂုဏ်ပြုချီးမြှောက်ပေးလိုက်ပါတယ်။ သင်တန်းဆင်း မိန့်ခွန်းမှာ ကျောင်းအုပ်ကြီးက “မောင်တို့အတွေ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရောက်ရင် ထမ်းဆောင်ကြရမယ့် တာဝန် က အရပ်ဘက်ဌာနတွေမှာ ရုံးအုပ်အဆင့်ထက် မနိမ့်တဲ့ ရာထူးဖြစ်တယ်။ ဒါကြောင့်မို့ ကိုယ့်ရာထူးအဆင့်နဲ့ လျော်ညီစွာ ကိုယ့်တာဝန်ယူရမယ့်အလုပ်ကို တန်ဖိုးထားလုပ်ဆောင်ကြဖို့ မှာကြားလိုတယ်” တဲ့။
အဲဒီနေ့ မန္တလေး ဘူတာရုံမှာ ခွဲခွာရတော့မယ့် သူငယ်ချင်းတွေကို ဝမ်းနည်းစွာလက်ပြနှုတ်ဆက်ခဲ့ကြရတယ်။
…………………………………………………………………….
………………………………………………
မိခင်တပ်ကို ပြန်ရောက်ပြီး ၁ လလောက်အကြာမှာ စစ်ရေးချုပ်ရုံးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) တို့ရဲ့ အပိုင်း(၁) အမိန့်ထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး တပ်မတော်မှတ်တမ်းရုံးက အပိုင်း(၂) အမိန့်ပြန်တမ်း (စစ်သည် အဆင့်တိုးမြှင့်ပေးခြင်း) ထုတ်ပြန်ပေးလိုက်လို့ ကျနော်တို့တတွေ တကြိမ်တည်း ရာထူးသုံးဆင့် တိုးခဲ့ရ ပြန်တယ်။ အဲဒီနေ့က ယူနီဖောင်းဝတ်ရတာ စိတ်ထဲမှာ ခါတိုင်းထက် ထူးခြားနေသလိုလို..။
နောက် ၁ လခွဲလောက်အကြာမှာတော့ ကျနော်တို့ကို အထက်ဌာနကြီးများနဲ့ တပ်၊ စခန်း၊ ဌာနချုပ်အလိုက် ခွဲတမ်းချပြီး ပထမဆုံးအကြိမ် အပြောင်းအရွှေ့ (First Posting) အမိန့်ထုတ်ပြန်ပေးတဲ့အခါ ကျနော်အပါအဝင် ၂၆ ဦး ပမ္မဝတီရေတပ်စခန်းဌာနချုပ်(ဟိုင်းကြီးကျွန်း) ကို ရောက်ရှိလာခဲ့ပါတယ်။
စီနီယာ ရဲဘော်တွေ၊ ဒုတပ်ကြပ်တွေ အကြားမှာ ဆရာကြီးအခေါ်ခံထိုက်တဲ့ ရာထူးနဲ့ တပ်ကိစ္စတွေလှုပ်ရှား ဆောင်ရွက်နေတဲ့ ကျနော်တို့ အုပ်စုကို သိပ်မကြည်လင်သူတချို့က အမည်နာမတခု ထောပနာပြုကြတယ်.. “DSA တပ်ကြပ်ကြီးများ” ဆိုပဲ။
ဒါတင်ဘယ်မှာပြီးအုံးမလဲ… ဟိုင်းကြီးဒေသခံ လုံမေပျိုမတစုက ရခိုင်သံဝဲဝဲလေးတွေနဲ့ ကျနော်တို့ မကြားတကြား သူတို့ချင်းပြောသွားတဲ့ ဂုဏ်ပုဒ်တခုလည်း ရှိသေးတယ်ဗျ… “ဟဲ့..ဟဲ့.. ဟိုမှာ သုံးခွဆရာ လာနေပြီးတော့.. လမ်းဖယ်ပေးလိုက်ကြ” တဲ့။
ကျနော်တို့ရင်ဘတ်မှာအခန့်သား နေရာယူထားတဲ့ ဖောင်တိန်အမှတ်(၁၀၁) ဟာ သူတို့အတွက် ရယ်သွမ်းသွေး လှောင်ပြောင် စရာများ ဖြစ်နေလေရော့သလား…..။

ဖောင်တိန်အမှတ်(၁၀၁) မှာ အတူဆုံစည်းခဲ့ဖူးသော ရဲဘော်သူငယ်ချင်းများကို အမှတ်ရလျက်…..

နေမင်းသူ
၂၇-၇-၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts