Monday, July 2, 2012

ကွန်းခိုဖူးသည့် တက္ကသိုလ်က နေ့ရက်များ

(၄)
          ဒီနေ့ဟာ ကျနော်တို့ ရင်ခုန်ရတဲ့နေ့ပေါ့။ တဖက်က စစ်ဘက်ဆိုင်ရာသင်တန်းတွေနဲ့ အမိတက္ကသိုလ်က သင်ကြားပေးနေသလို စာပေပညာအတွက် ကျနော်တို့တက်ရမယ့် အထူးပြုဘာသာရပ်တွေ ကြေငြာတဲ့နေ့ပေါ့။ ကျနော်တို့ တက္ကသိုလ်ကြီးမှာ ဌာနကြီး (၃) ခုနဲ့ ဖွဲ့စည်းထားတယ်။ အဲဒါကတော့ ကျနော်တို့ ဗိုလ်လောင်းများရဲ့ လေ့ကျင့်ရေးအတွက် လေ့ကျင့်ရေးဌာန၊ စာပေအတွက် စာပေဌာနနဲ့ နည်းပြတွေနဲ့ ကျနော်တို့ ဗိုလ်လောင်း တွေရဲ့ အုပ်ချုပ်ထောက်ပံ့ရေးအတွက် အုပ်ချုပ်မှုဌာနဆိုပြီးပေါ့။ ဒီနေရာမှာ တိုက်ရိုက် ကျနော်တို့နဲ့ ပတ်သက် တာကတော့ လေ့ကျင့်ရေးဌာနနဲ့ စာပေဌာနပါပဲ။ စာပေဌာနက ကျနော်တို့ရဲ့ တက္ကသိုလ်ဝင်တန်းရမှတ်တွေကို ကြည့်ရှုပြီး သက်ဆိုင်ရာ ဘာသာရပ်အထူးပြုတွေကို ခွဲဝေပေးလိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ တက်ရောက် သင်ကြားကြရပါတယ်။
          စာပေဌာနရဲ့ လက်အောက်မှာတော့ စာပေဌာနခွဲတွေ တနည်းအားဖြင့်တော့ ဘာသာရပ်အထူးပြုလိုက် ဌာနခွဲတွေရှိပါတယ်။ ကျနော်တို့ တက်လာတဲ့ ကာလမှာတော့ အထူးပြုဘာသာရပ်ဌာနကြီး ၅ ခုနဲ့ အခြား ဌာနများရှိပါတယ်။ အထူးပြုဌာန ၅ ခုကတော့ ကွန်ပျူတာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒနဲ့ အီလက်ထရောနစ် တို့ ဖြစ်ပါတယ်။ အခြားဌာနတွေကတော့ စိတ်ပညာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ မြန်မာ၊ စီးပွါးရေး စသဖြင့် ဌာနခွဲတွေရှိပါတယ်။ ကျနော်တို့ဟာ အထူးပြုဘာသာရပ်များအပြင် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ အဲဒီအခြားဘာ သာရပ်တွေကို မိုင်နာအနေနဲ့ တွဲသင်ရပါတယ်။ ကွန်ပျူတာကိုတော့ မသင်မနေရနဲ့ ဒုတိယနှစ်မှာ သင်ကြားကြ ရပါတယ်။ နောက်ပြီး နိုင်ငံရေးသိပ္ပံနဲ့ပတ်သက်ပြီးတော့လည်း နောက်ဆုံးနှစ်မှာ Additional Subject တခုအ နေနဲ့ သင်ကြရပါတယ်။ ဒါ့အပြင် နက္ခတဗေဒပညာရပ်တွေကအစ စစ်သမိုင်းတွေကိုပါ သင်ကြားကြရပါတယ်။ ဒါကတော့ စာပေဌာနနဲ့ ပတ်သက်တဲ့ အကြမ်းဖျင်းပေါ့။

          ထူးထူးခြားခြား ဟာသလေးအဖြစ် ကျနော်တို့ ပထမနှစ် တကယ်စာသင်ခန်းဝင်တဲ့အခါမှာ ကြုံတွေ့ခဲ့ရ တယ်။ အဲဒါကတော့ နာမည်တူနှစ်ယောက် အထူးပြုဘာသာရပ်မှားပြီး စာသင်ခန်းမှားထိုင်တဲ့ ဖြစ်ရပ်လေးပါ။ ကျနော်တို့နှစ်မှာက ဗိုလ်လောင်းနံပါတ်ကို နာမည်စီးရီးနဲ့ပေးတာဆိုတော့ နာမည်တူဆိုတော့ ဗိုလ်လောင်းနံ ပါတ်ကလည်း နောက်ဆုံးတလုံးပဲကွဲတာလေ။ ဒီမှာတင် သင်္ချာကိုရောက်တဲ့ တယောက်နဲ့ ကျနော်တို့ ဌာနကို ရောက်တဲ့ တယောက်က နှစ်ယောက်သား စာသင်ခန်းမှားထိုင်နေကြတာပါပဲ။ နည်းပြတွေမှာ ပြာယာခတ်လို့ ပေါ့။ ကြားဖူးသလိုဆိုရင်တော့ ကျနော်တို့တက္ကသိုလ်ကြီးနဲ့ အရပ်ဘက်တက္ကသိုလ်ကွာခြားတာဟာ ဘာလဲဆို ရင် ကျနော်တို့မှာ ပထမနှစ်ဆိုရင် တကယ့်ကို ကလေးလေးတွေလိုပါပဲ။ အစစအရာရာ အကုန်လိုက်လုပ်ပေး ကြပြီး အရပ်ဘက်မှာဆိုရင်တော့ တက္ကသိုလ်ကျောင်းသားကြီးတွေပေါ့။ ကျနော်တို့ဟာ ပထမနှစ်မှာ တကယ်ကို ကလေးလေးတွေလိုပါပဲ။ စစ်တပ်အကြောင်းနဲ့ ကျောင်းတော်ကြီးအကြောင်းဘာမှမသိ၊ လောကကြီးအကြောင်း ကိုဘာမှမသိသေးဘဲ တက္ကသိုလ်ဝင်တန်းအောင်တာနဲ့ ရောက်လာလိုက်တာ အရာရာမှာ မြင်မြင်သမျှဟာ အဆန်းတွေဖြစ်နေပါတော့တယ်။ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့။ ကျနော်တို့မှာ တက္ကသိုလ်ကျောင်းသားတွေ ဆိုပြီး စကားကိုပြောရမယ်မထင်နဲ့။ အထက်အရာရှိနည်းပြများနဲ့သော်လည်းကောင်း၊ စီနီယာ ဗိုလ်လောင်းများ နဲ့သော်လည်းကောင်း စကားပြောရင် ဟုတ်၊ မဟုတ် ကလွဲပြီး ပြောခွင့်မရပါဘူး။ အဲ သူတို့က စကားပြေနဲ့ ပြောဆိုတော့မှ " ဟုတ်၊ သတင်းပို့ခွင့်ပြုပါ" ဆိုတာခံပြီး စကားပြောရပါတယ်။ ဒီလိုနဲ့ ဟုတ်၊ မဟုတ် နဲ့ အ လုပ်ရှုပ်ရတဲ့ ပထမနှစ်လေးတွေပေါ့။
(၅)
          ကျနော်တို့ တပ်ရင်း၊ တပ်ခွဲတွေ ခွဲတဲ့နေ့လေးဟာလည်း အမှတ်တရနေ့လေးပါပဲ။ အပေါ်ဆောင်က စီနီယာတွေဟာ လာလာပြီး ပထမနှစ်ဗိုလ်လောင်းများ နေထိုင်ရမယ့် ပုံစံတွေကို လာရောက်သင်ကြားပေးရင်း ကျနော်တို့လည်း အမိတက္ကသိုလ်ကြီးအကြောင်းကို ဘာမှမသိသူများပီပီ အကုန်လိုက်မေးတာပေါ့။ ကျနော်တို့ မှာ တပ်ရင်း(၃)ရင်း ရှိပါတယ်။ အဲဒါကတော့ အနော်ရထာတပ်ရင်း၊ ဘုရင့်နောင်တပ်ရင်းနဲ့ အောင်ဇေယျတပ် ရင်းတို့ပါပဲ။ အနော်ရထာတပ်ရင်းကို ကိုယ်စားပြုတာကတော့ အနီရောင်၊ ဘုရင့်နောင်က အပြာရောင်နဲ့ အောင်ဇေယျကတော့ အဝါရောင်ပါပဲ။ တချိန်ကတော့ တပ်ခွဲများအနေနဲ့ ရှိခဲ့တာဖြစ်ပြီး တဖြေးဖြေးနဲ့ ဖွဲ့စည်းပုံ ပြောင်းလဲဖွဲ့စည်းမှုမှာ ခုလို တပ်ရင်း (၃) ရင်းနဲ့ တပ်ရင်းတရင်းကို တပ်ခွဲပေါင်း (၁၄) ခွဲနဲ့ ပြောင်းလဲဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ စစ်တက္ကသိုလ်စတင်ဖွဲ့စည်းစဉ်ကနေစလို့ တပ်ရင်းလိုက်မှာ သူ့ရဲ့ အစဉ်အလာလေးတွေ ရှိနေ ပါတယ်။ ဥပမာ အနော်ရထာဆင်းဆိုရင် ဒူပေဒါပေခံတယ်။ ဘုရင့်နောင်ဆင်းဆိုရင် လေ့ကျင့်သားပြည့်ဝတယ်။ အောင်ဇေယျဆင်းကတော့ စာပေနဲ့ပတ်သက်လာရင် သူ့ကို ယှဉ်လို့မရဘူးဆိုတဲ့ အစဉ်အလာလိုက်နဲ့ပေါ့။ နောက်နောက် အစဉ်အဆက်ကလဲ ဒီအမွေကို လက်ဆင့်ကမ်းပြီး မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြတာ ဟာဖြင့် ကောင်းမွန်တဲ့ အစဉ်အလာတရပ်လို့ဆိုရမှာပါပဲ။
          တခြားသူငယ်ချင်းတွေတော့မသိဘူး။ ကျနော်တော့ လိုချင်တဲ့ တပ်ရင်းကို ရတယ်။ ကျနော် ကျတဲ့တပ် ရင်းက အောင်ဇေယျတပ်ရင်း။ အဲဒီမှာ အမှတ်စဉ်တခုကို ဗျူဟာသဘောနဲ့ ဗိုလ်လောင်းတပ်ရင်းက အရာရှိတပ် ရင်းမှူးများက နှစ်အလိုက် စစ်ဗျူဟာကိုတာဝန်ယူကြတယ်။ ကျနော်တို့ အောင်ဇေယျတပ်ရင်းက ဒုတိယဗိုလ် မှူးကြီး အောင်လင်းဒွေးကတော့ ကျနော်တို့ ပထမနှစ် စစ်ဗျူဟာကပေါ့။ ကျနော်တို့မှာ သင်တန်းပိုင်းနဲ့ အုပ်ချုပ် မှုပိုင်းဆိုင်ရာအတွက် အရာရှိနည်းပြတွေနဲ့ စီမံခန့်ခွဲတယ်ဆိုပေမယ့် တကယ့်တကယ်တမ်းမှာတော့ ဗိုလ် လောင်းအချင်းချင်းပဲ အုပ်ချုပ်ကြပါတယ်။ တပ်ရင်းရုံးက ဗိုလ်လောင်းတပ်ရင်းမှူး၊ တပ်ရင်းတာဝန်မှူး၊ ဗိုလ် လောင်းတပ်ရေး စတဲ့ တာဝန်ကျများကို အဓိကထားမှာကြားပါတယ်။ တပ်ခွဲလိုက်ကိုတော့ တပ်ခွဲလိုက်က တပ် ခွဲတာဝန်မှူးများနဲ့ တာဝန်ကြပ်ကြီးတွေကို မှာကြားလိုက်ပြီး အောက်ခြေမှာတော့ ဗိုလ်လောင်းအချင်းချင်းပဲ ကြီး ကြပ်ကွပ်ကဲပါတယ်။ ဒါကတော့ မိခင်တက္ကသိုလ်ကြီးက လက်တွေ့နယ်ပယ်မှာ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အကြွမ်းတဝင်ရှိအောင် တပါတည်း လေ့ကျင့်သင်ကြားပေးလိုက်တာပေါ့။
          တာဝန်ကျအဆောင်အယောင်နဲ့ပတ်သက်ပြီး ပြောပြချင်တာလေးရှိတယ်။ နောက်ဆုံးနှစ်မှာ ဗိုလ် လောင်းတပ်ရင်းမှူးရဲ့ အဆောင်အယောင်က ကျနော်တို့ပုံမှန်ဒေါက်လိုမဟုတ်တော့ဘူး။ ပုံမှန်ဒေါက်က အဖြူ ခံပေါ်မှာ ရွှေခြည်ထိုးဘားပေါ့။ နှစ်အလိုက်က ဘားအကြီး အသေးကွာတယ်။ သင်တန်းနှစ်ကိုကိုယ်စားပြုတာ က ဘယ်ဘက်လက်မောင်းမှာ အတုံးလေးနဲ့ပေါ့။ တပ်ရင်းပေါ်မူတည်ပြီး အပြာခံ၊ အနီခံ၊ အဝါခံ။ အဲဒီအပေါ်မှာ အဖြူရောင် ဘားတန်းလေး တတုံးဆိုရင် ပထမနှစ်၊ နှစ်တုံးဆိုရင် ဒုတိယနှစ်၊ သုံးတုံးဆိုရင် နောက်ဆုံးနှစ်ပေါ့။ နောက်ဆုံးနှစ်မှာမှ တာဝန်ကျအဆောင်အယောင်နဲ့ပေါ့။ ခေါ်တာက ဗိုလ်လောင်းအရာရှိ(Appointment)။ တပ်ရင်းမှူးရဲ့ အဆောင်အယောင်ဒေါက်ပုံစံက အဖြူခံက ပုခုံးစွန်းဘက် အတွင်းဘက်မှာ အနီခံနဲ့ ဆက်ထား တယ်။ သူ့ဘေးနှစ်ဖက်ကို ရွှေခြည်ထိုးနဲ့ရံထားတယ်။ အတွင်း အနီခံပေါ်မှာ ရွှေရောင်ကြယ် သုံးပွင့်။ တပ်ရေး က သူ့လိုပဲ ဒါပေမယ့် သူကျတော့ အနီခံနေရာမှာ အနက်ခံ။ ကြယ်က နှစ်ပွင့်။ တပ်ခွဲမှူးက အဲလိုပဲ အနီခံ သူက နှစ်ပွင့်။ ဒုတိယတပ်ခွဲမှူးက တပ်ရေးလို အနက်ခံ ဒါပေမယ့် ကြယ် တပွင့်။ တပ်စုမှူးများကတော့ အနီခံ ကြယ်တပွင့်။ ဒီထဲကမှ တပ်ခွဲစဉ်လိုက်ကနေပြီး တပ်စုမှူးအစဉ်လိုက်က တပ်ရင်းတာဝန်မှူး တာဝန်ကို တရက် ဆီနဲ့ အလှည့်ကျတာဝန်ယူတယ်။ ဒီနေရာမှာ ကျနော်တို့က တပ်ရင်းတာဝန်မှူးကို နှစ်ဦးထားတယ်။ တပ်ခွဲ (၁)ကနေ (၇) ထိက အစဉ်လိုက် တဦးနဲ့ တပ်ခွဲ(၈) ကနေ (၁၄) ထိက အစဉ်လိုက် တဦးကျနဲ့ နှစ်ဦးထားတယ်။ ဒီမှာ ကျနော်တို့က အလှည့်ကျတာဝန်ယူကြတယ်။
          နောက်တခုက သူတို့နဲ့အတူ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ကို တပ်ရင်းအရာခံဗိုလ်၊ တပ်ရင်း တပ်ထောက်အရာခံဗိုလ်တို့ကို တပ်ရင်းမှူးနဲ့ တပ်ရေးအတွက် ဖွဲ့စည်းပုံအတိုင်း တွဲဖက်ပေးထားပြီး။ တပ်ခွဲများ နဲ့ တပ်စုများအတွက်တော့ တပ်ခွဲအဆင့်မှာဆိုရင် တပ်ခွဲအရာခံဗိုလ်၊ တပ်ခွဲတပ်ကြပ်ကြီးနဲ့ တပ်စုများအတွက် တော့ တပ်စုတပ်ကြပ်ကြီးများကို တွဲဖက်ပေးထားပါတယ်။ နောက်ဆုံးနှစ်တာဝန်ကျများကို ကျောင်းလေ့ကျင့် ရေးရုံးမှ တိုက်ရိုက်ခန့်အပ်ပါတယ်။ ဒါကိုတော့ တပ်ခွဲလိုက်က အရာရှိတပ်ခွဲမှူးများနဲ့ တပ်ရင်းက ပေးသွင်းတဲ့ စာရင်းအတိုင်းခန့်အပ်တာပါ။ သူတို့နဲ့ တွဲဖက်ပေးထားသူတွေကိုတော့ တပ်ရင်းရုံးနဲ့ တပ်ခွဲမှူးများက တိုက်ရိုက် ခန့်အပ်ပါတယ်။ ဒုတိယနှစ်ကိုတော့ နောက်ဆုံးနှစ်ဗိုလ်လောင်းများက ပေးသွင်းတဲ့စာရင်းနဲ့ အရာရှိတပ်ခွဲမှူးက အတည်ပြုပြီး ခန့်အပ်ပါတယ်။ 

ဗိုလ်လောင်းတပ်စုမှူး အဆောင်အယောင်

ဗိုလ်လောင်းဒုတပ်ခွဲမှူး အဆောင်အယောင်

ဗိုလ်လောင်းတပ်ခွဲမှူး အဆောင်အယောင်

ဗိုလ်လောင်းတပ်ရေး အဆောင်အယောင်

ဗိုလ်လောင်းတပ်ရင်းမှူး အဆောင်အယောင်
ဒုတိယနှစ်မှာတော့ တပ်ခွဲဒုတပ်ကြပ်၊ ဒုတပ်ခွဲဒုတပ်ကြပ်နဲ့ တပ်စုတပ်ကြပ်တွေ ခန့်အပ်ပါတယ်။ သူတို့ အတွက် အစကတော့ အဆောင်စစ်ချုပ်(ဒုတိယနှစ်) ဆိုတာနဲ့ တပ်စုအဆောင်စစ်များ ဆိုပြီး တွဲဖက်ထားပါ တယ်။ နောက်ဆုံးနှစ်မှာလဲ အဆောင်စစ်ချုပ်(နောက်ဆုံးနှစ်) ဆိုပြီးရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အ ဆောင်စစ်ချုပ်ဆိုတာကို မထားရှိတော့ပါ။ တပ်ခွဲဒုတပ်ကြပ်ကို ကျနော်တို့က LC(Lieutenant Corporal) လို့ ခေါ်ပါတယ်။ သူတို့ကတော့ တပ်ရင်းအလိုက် ကိုယ်စားပြုအရောင်အောက်ခံလက်ပတ်ပေါ်မှာ တပ်မတော်က ဒုတပ်ကြပ်ရာထူးအရစ်အတိုင်းကို အဖြူရောင်ခြယ်နဲ့ ထားပါတယ်။ ဘယ်ဘက် လက်မောင်းမှာ ပတ်ရပါတယ်။ ခေါ်တာတော့ အလွယ်ပဲ တပ်ခွဲLC၊ ဒုတပ်ခွဲLC လို့ခေါ်ပါတယ်။ တပ်စုဒုတပ်ကြပ်များကတော့ အရစ်အတိုင်းကို လက်မောင်းနှစ်ဖက်စလုံးမှာ တပ်ဆင်ထားပါတယ်။ သူတို့ကိုတော့ တပ်စုLC လို့ခေါ်ပါတယ်။ ဒုတိယနှစ်မှာလဲ တပ်ခွဲတပ်ကြပ်ကြီး(CQ) ဆိုတာရှိပါတယ်။ သူတို့ကိုတော့ Second Year CQ လို့ခေါ်ပါတယ်။ သူ့ကိုတော့ နှစ် ယောက်ထားပါတယ်။ ဒုတိယနှစ်မှာတော့ LC များကလွဲပြီး ကျန်တာဝန်ကျများမှာ အဆောင်အယောင်မထားရှိ ပါဘူး။ တာဝန်ကျအဖြစ်ပဲ ခန့်အပ်ထားပါတယ်။
ပထမနှစ်မှာလည်း ဒုတိယနှစ်လိုပဲ တာဝန်ကျများထားရှိပါတယ်။ ပထမနှစ်မှာတော့ Duty Cadet တာဝန်ကျဗိုလ်လောင်းလို့ပဲခေါ်ပါတယ်။ သူတို့မှာတော့ အဆောင်အယောင်က တပ်ခွဲDuty Cadet နဲ့ ဒုတပ်ခွဲ Duty Cadet များသာလျှင် လက်ပတ်ကို ပတ်ကြရပါတယ်။ ကျန်တာဝန်ကျများကတော့ အဆောင်အယောင် မရှိပါဘူး။ ဖွဲ့စည်းပုံကတော့ အတူတူပါပဲ။
          တပ်ရင်းတာဝန်ကျအနေနဲ့ကတော့ နှစ်အလိုက်မှာ နောက်ဆုံးနှစ်များနည်းတူ တပ်ရင်းမှူး၊ တပ်ရေး၊ တပ်ရင်းအရာခံဗိုလ်၊ တပ်ရင်းတပ်ထောက်အရာခံဗိုလ် များရှိပါတယ်။ ဒါတွေကိုတော့ နောက်ဆုံးနှစ်တာဝန်ကျ များကပဲ တပ်ခွဲလိုက်က တန်းစီဇယားပေးပို့သူ ပထမနှစ်ဗိုလ်လောင်းများ၊ ဒုတိယနှစ်ဗိုလ်လောင်းများထဲကနေ စိတ်ကြိုက်ရွေးချယ်ပြီး ခန့်အပ်ပါတယ်။ အဲလိုခန့်အပ်တာကိုတော့ သက်ဆိုင်ရာ ဗိုလ်လောင်းတပ်ခွဲမှူးများကို အချင်းချင်း အကြောင်းကြားပြီး ခန့်အပ်ပါတယ်။ သင်တန်းအမှတ်စဉ်အားလုံးရှိနေစဉ်မှာတော့ အဲဒီ ပထမနှစ်နဲ့ ဒုတိယနှစ် တပ်ရင်းတာဝန်ကျများဟာ တန်းစီဇယားရေးဆွဲခြင်းလောက်ကိုသာ နောက်ဆုံးနှစ်ဗိုလ်လောင်းများ ကိုလုပ်ဆောင်ပေးရပြီး ကိုယ့်သင်တန်းနဲ့ကိုယ် သင်ခန်းစာဝင်ချိန်မှာတော့ တပ်ရင်းတာဝန်ကျများအတိုင်း တာ ဝန်ယူပေးရပါတယ်။ နည်းပြအရာရှိများကလည်း အဲဒီတာဝန်ကျတွေလောက်ကိုပဲ ခေါ်ယူပြီး အမိန့်နဲ့ ညွှန်ကြား ချက်များကိုပေးပြီး ဗိုလ်လောင်းချင်း အုပ်ချုပ်မှုပုံစံကို လေ့ကျင့်သင်ကြားပေးတာပါပဲ။ ဒါကတော့ တာဝန်ကျခန့် အပ်ခြင်းနဲ့ အဆောင်အယောင်ပိုင်းကို ရှင်းပြတာပါ။
(၆)
          ဒီလိုနဲ့ နောက်တခုက ကျနော်တို့ကို ဗိုလ်လောင်းအဆောင်အယောင်(ဒေါက်)တင်ပွဲအခမ်းအနား ပြီး တော့ ကျနော်တို့ဟာ စစ်တက္ကသိုလ်ကြီးရဲ့ တရားဝင် ပထမနှစ်ဗိုလ်လောင်းတွေ ဖြစ်လို့လာပါပြီ။ အဲဒီနေ့ကဆို ပျော်တပြုံးပြုံးပေါ့။ ဘာလို့ဆို ပထမ အထူးလေ့ကျင့်ရေးကာလ(Under Training) (၃) လပြည့်ပြီး ဗိုလ်လောင်း အဆောင်အယောင် တင်ခွင့်ရမှ ကျနော်တို့ဟာ ဗိုလ်လောင်းတွေရတဲ့ အပတ်စဉ် တပ်ပြင်ထွက်ခွင့်ကို ရကြရ တာလေ။ ကျနော်တို့ ခေါ်တဲ့ အောက်တပ်ရင်းဆိုတဲ့ နောက်ဆုံးညလေးကို အမှတ်ရသေးတယ်။ ကျနော်တို့တွေ တယောက်နဲ့တယောက် ကျတဲ့ တပ်ရင်းတပ်ခွဲခြင်းလဲ မတူညီတော့ အတူနေခဲ့သူတွေ ခွဲခွါကြရမယ့် နေ့ပေါ့။ နောက်တခုကတော့ စည်းကမ်းတင်းကြပ်ပြီး စီနီယာတွေနဲ့အတူနေရတော့မယ်ဆိုတော့ ကျနော်တို့ရဲ့ သင်တန်း တခုတည်းရှိနေတဲ့ လွတ်လပ်မှုတွေပျောက်ဆုံးတော့မယ်နေ့ပေါ့။
          ကျနော်တို့ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကတော့ အချိန်မှန်လည်ပတ်နေတဲ့ နာရီလိုပါပဲ။ မနက်ခင်း ၅ နာရီအိပ်ယာထချိန်ဆိုတာနဲ့ အိပ်ယာသိမ်း ပုံစံခေါက်။ တာဝန်ကျတဲ့ သန့်ရှင်းရေး ဧရိယာမှာ ရသလောက်လုပ်။ ၅ နာရီ ၃၀ မိနစ် ကိုယ်ကာယလေ့ကျင့်ခန်းကို ကျနော်တို့ရဲ့ တန်းစီကွင်းမှာ တပ်ခွဲလိုက်၊ အဲဒီကမှ သင်တန်း လိုက် သတ်မှတ်နေရာမှာ တန်းစီ။ လေ့ကျင့်ရေးဌာနရဲ့ သတ်မှတ်ဇယားအတိုင်း နည်းပြဆရာတွေကမောင်း။ ဒီလိုနဲ့ ၄၅ မိနစ်ပြည့်လို့ တန်းဖြုတ်။ မနက်စာကို စားရိပ်သာမှာစား။ နောက် အဆောင်ကို အပြေးလေးပြန်။ ကျန် နေသေးတဲ့ ဧရိယာလိုက်ကို ဆက်လုပ်။ ပြီးရင် မနက်ခင်းတန်းစီကို သက်ဆိုင်ရာဝတ်စုံနဲ့ (ကျနော်တို့ ပုံမှန်မှာ စာပေသင်တန်းရှိပါတယ်။ စာပေသင်တန်းကာလ ပြီးဆုံးတဲ့အချိန်တွေမှာတော့ ကျနော်တို့ စစ်ဗျူဟာသင်တန်း  ရှိပါတယ်။ တခါတရံမှာတော့ ပစ်ခတ်ရေးသင်ခန်းစာပေါ့။) တန်းစီကြပါတယ်။ နောက်တော့ နိုင်ငံတော်အလံ အလေးပြု၊ သစ္စာဆိုကြပါတယ်။ နောက်တော့ အရာရှိနည်းပြကနေ မှာကြားစရာရှိတာကို မှာကြားပါတယ်။ နောက်တော့ သက်ဆိုင်ရာ သင်တန်းနေရာကို တပ်ခွဲလိုက် ချီတက်သွားကြပါတယ်။
          သွားကြတဲ့နေရာမှာလည်း သင်ခန်းစာပေါ်လိုက်ပြီး ကျနော်တို့ချီတက်ပုံကွာဟပါတယ်။ စာပေသင်တန်း မှာဆိုရင် ကျနော်တို့ဟာ စစ်ကြောင်းပုံပြုချီတက်ကြရပါတယ်။ သို့သော် နေ့ခင်း ထမင်းစားပြန်နဲ့ စာသင်ခန်း ပြန် ဝင်ချိန်မှာတော့ သာမန်ချီတက်မှုပုံစံနဲ့သာ သွားပြီး တာဝန်ကျတယောက်က ဘေးကနေ ဘယ်ညာ မောင်းပြီး သွားပါတယ်။ ဒါပေမယ့် စစ်သီချင်းကတော့ ဆိုကြရတာပေါ့။ အဲလိုဆိုရာမှာလဲ ဘေးကနေ ဘယ်ညာမောင်းနေတဲ့ တာဝန်ကျဗိုလ်လောင်းက စဆို ဆိုတဲ့ စစ်မိန့်သံပေးမှ ဆိုရပါတယ်။ နေ့စဉ်သီဆိုတဲ့ သီချင်းကိုတော့ လေ့ကျင့်ရေးရုံးကနေ စစ်တီးဝိုင်းတပ်ခွဲကို ချမှတ်ပေးတဲ့အတိုင်း သီဆိုရပါတယ်။ စစ်တီးဝိုင်းက တီးလိုက်တာနဲ့ ဘယ်သီချင်းဆိုတာ ကျနော်တို့ သိပြီးသားပါ။ သီချင်းစာသားကျက်ကြရတာကလဲ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများအတွက် လေ့ကျင့်မှုတခုလို့ ဆိုရမှာပဲ။ သီချင်းမရလို့ တန်းအပ်ပြီး အပြစ်ပေးခံရသလို သီချင်းစာသားကို အခေါက်ပေါင်း ရာချီ၊ ထောင်ချီရေးပြီး တန်းအပ်ခဲ့ကြရတာပါပဲ။ ဒါဟာ ပထမနှစ် ဗိုလ်လောင်း တိုင်း ကြုံတွေ့ဖြတ်သန်းရတဲ့ အခက်အခဲတခုပေါ့။ ဘယ်လိုလဲဆိုရင်တော့ တပ်ခွဲလိုက်တန်းစီထား ကြပါတယ်။ စာပေသင်တန်းကတော့ သင်တန်းနှစ်အားလုံးဖြစ်တဲ့အတွက် စစ်ကြောင်းပုံပြု ချီတက်ကြပါတယ်။
          စစ်ကြောင်းပုံပြုတယ်ဆိုတာကတော့ ရှေ့ဆုံးမှာ တပ်ရင်းအလံကိုင်ထားတဲ့ တယောက်ရှိပါတယ်။ တကယ်လို့ ကျနော်တို့တပ်ရင်းဟာ အောင်စစ်သည်တပ်ရင်းဆိုရင်တော့ အောင်စစ်သည်အလံတော်က ရှေ့ဆုံး ကပေါ့။ သူ့နောက်မှာ တပ်ရင်းအလံတော်နဲ့။ အဲဒီနောက်မှာတော့ ဗိုလ်လောင်းတပ်ရင်းမှူး၊ သူ့နောက်မှာ ဗိုလ် လောင်းတပ်ရေး၊ အဲဒီနောက်မှာတော့ အောင်စစ်သည်တပ်ရင်းဆိုရင် အောင်စစ်သည်တပ်ခွဲ သူ့နောက်မှာမှ တပ်ခွဲအစဉ်လိုက်။ တကယ်လို့ အောင်စစ်သည်တပ်ရင်းမဟုတ်ရင်တော့ တပ်ခွဲအစဉ်လိုက်နဲ့ပေါ့။ တပ်ခွဲတန်းစီပုံ ကတော့ တပ်ခွဲမှူး၊ သူ့နောက်မှာ ဒုတပ်ခွဲမှူး၊ သူ့ရဲ့နောက်မှာမှ တပ်စုမှူးငါးယောက်က ရင်ဘောင်တန်း သူ့ နောက်မှာတော့ တပ်ခွဲတခုလုံးရှိမယ် တပ်ခွဲအနောက်မှာတော့ တပ်စုတပ်ကြပ်ကြီး ငါးယောက်က ရင်ဘောင် တန်းထားပြီး နောက်ပိတ် သူတို့နောက်မှာ တပ်ခွဲတပ်ကြပ်ကြီး၊ သူ့ရဲ့နောက်မှာတော့ တပ်ခွဲတပ်ထောက်အရာခံ ဗိုလ်။ အဲဒီလို တပ်ခွဲတွေအစဉ်လိုက်ပြီးသွားရင် နောက်ဆုံးမှာတော့ တပ်ရင်းတပ်ထောက်အရာခံဗိုလ်(RQ)၊ သူ့ နောက်မှာတော့ တပ်ရင်းအရာခံဗိုလ်ကြီး(RSM) က တပ်ရင်းနောက်ပိတ်နဲ့လိုက်ပါတယ်။ ဒါ စစ်ကြောင်းပုံပြုတဲ့ ပုံစံလေးပေါ့။

နှောင်းလွယ်

No comments:

Post a Comment

Ads 468x60px

Featured Posts