Sunday, July 29, 2012

ဒီမိုကရေစီတပ်မတော်တရပ်ဖြစ်ဖို့ တပ်မတော်ကဘယ်လိုပြုမူနေထိုင်သင့်သလဲ

          ကျနော်တို့ ယနေ့အချိန်အခါမှာ ပြန်ကြည့်ရင် ပြည်တွင်းနိုင်ငံရေးမှာ ပွင့်လင်းမြင်သာလာတာတွေ ရှိသလို၊ လွယ်မရောင်နဲ့ခက် တိမ်မရောင်နဲ့နက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နှစ်ဖက်နှစ်လမ်းအနေ အထားတွေကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ဘယ်လိုနှစ်ဖက်နှစ်လမ်းလဲ။ သမ္မတဦးဆောင်တဲ့ ငြိမ်းချမ်းရေး အ ဖွဲ့ရဲ့ တဖက်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုနဲ့အတူ၊ တဖက်မှာလဲ အပြီးသတ်တိုက်ပွဲနဲ့ ငြိမ်းချမ်း ရေးလုပ်လေမလားလို့ထင်မှတ်ရအောင် တိုက်ပွဲတွေ ဆင်နွှဲနေသေးတဲ့ တပ်မတော်တို့ရဲ့ အခြေအနေပါပဲ။ မယုံ ကြည်မှုတွေနဲ့ တပ်မတော်ဟာ ယနေ့အချိန်အထိ တိုင်းရင်းသားတွေအပေါ်မှာ မြင်နေသေးတာဟာ ကိုယ့်နိုင်ငံ သားကို မယုံကြည်သလိုပါပဲ။ တဖက်ကနေ ဘယ်လိုပြန်တူနေသလဲဆိုရင်တော့ သားသမီးက မိဘကို မယုံ ကြည်သလိုပါပဲ။

          မျိုးဆက်နဲ့ ခေတ်ကာလပြောင်းလဲမှုတရားများအရ သားသမီးများဟာ မိဘတွေထက် နည်းပညာပိုင်း ဆိုင်ရာနဲ့ အတတ်ပညာပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာတဲ့အခြေအနေမှာ သားသမီးတွေဟာ ငါတို့သာလျှင် ပိုတတ်တယ်ဆိုပြီး မိဘတွေကို စာမတတ်၊ ပေမတတ်အဖြစ်နဲ့ မြင်လာကြပါတယ်။ ဒါပေမယ့် ဒီလိုတွေ တတ် မြောက်လာအောင် မိဘတွေက ဘယ်လိုသင်ပေးလိုက်တယ်၊ မိဘတွေရဲ့ ရင်ထဲကစေတနာကို လျစ်လျူရှုလိုက် တာပါပဲ။ ယနေ့အခြေအနေမှာလဲ ဒီလိုအခြေအနေမျိုးပါပဲ။ ပြည်သူလူထုလို့ခေါ်တဲ့ နိုင်ငံသားမိဘများက ယုံ ကြည်စွာနဲ့ လက်နက်အပ်နှံလိုက်ပြီး သင်ကြားပေးလိုက်တဲ့ စစ်ပညာနဲ့အခြားအတတ်ပညာများကို တတ်မြောက် လာပြီး မိဘပြည်သူ ကိုယ့်နိုင်ငံသားကို မယုံကြည်သလိုပါပဲ။ ကိုယ့်နိုင်ငံသားကိုမှ မယုံကြည်ဘူးဆိုရင်တော့ဖြင့် ကျနော်တို့ ရှေ့ဆက်လှမ်းဖို့ကို တော်တော်စဉ်းစားရပါမယ်။ ဒီနေရာမှာ အတိအကျပြောရရင်တော့ ပြည်သူလူ ထု၊ နိုင်ငံသားဆိုတာထက် အထူးမယုံကြည်မှုတွေနဲ့ ဖြစ်နေတာကတော့ အရပ်သားနိုင်ငံရေးသမားဆိုသူများကို ပဲဖြစ်ပါတယ်။
          ဒီလိုဖြစ်စဉ်နဲ့အတူ ခေတ်ကာလအဆက်ဆက် ပြဿနာများအရ တဖက်ကလည်း တပ်မတော်အပေါ် မှာ ယုံကြည်မှုကင်းမဲ့နေတာကိုတွေ့ရပြန်ပါတယ်။ ယုံကြည်လာအောင် တဖက်နဲ့တဖက်ဟာ ကြိုးစားကြဖို့ထက် ကို ငါတို့လုပ်နိုင်တယ်၊ ငါတို့လုပ်မှပြီးတယ် ဆိုတဲ့ မာနမျိုးတွေနဲ့ တင်းခံသူတွေက ထက်ဝက်မကရှိနေကြသေး တယ်ဆိုတာကိုလည်း ကျနော်တို့လက်ခံကြရမှာဖြစ်ပါတယ်။ နိုင်ငံရေးသမားများအနေနဲ့ကတော့ ဒီမိုကရေစီကို နားလည်ထားကြသူတွေ၊ အချို့လည်း နားလည်သင့်သလောက်နားလည်ပြီးဖြစ်တဲ့အတွက် အထူးပြောစရာမရှိ ပေမယ့် ဗျူရိုကရက်အုပ်ချုပ်မှုပုံစံနဲ့ ကျင့်သားရနေပြီး သမိုင်းခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့အနေအထား အရ ဒီမိုကရေစီနဲ့အသားမကျသေးတဲ့ တပ်မတော်မှာတော့ ပြဿနာတချို့ဖြစ်နေကြရပါတယ်။
          ဒီနေရာမှာ တပ်မတော်က ဒီမိုကရေစီသဘောတရားအရ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်များကို ယုံ ကြည်မှုရှိဖို့လိုအပ်သလို အရပ်သားအစိုးရကပေးအပ်တဲ့ တာဝန်များကိုလည်း လေးစားလိုက်နာကြဖို့လိုပါတယ်။ ဒါကို ကျနော်တို့ ဘယ်လိုသက်သေတွေနဲ့ ပြသနိုင်သလဲဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ Professional Arms တခုရဲ့ ဦးတည်ချက်ထဲက တခုကိုမြင်တွေ့နိုင်ပါတယ်။ သူကတော့ Serving Under Civilian Authority, entrusted to defend the constitution and the rights and interests of the American People လို့ဆိုထားပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ပထမအချက်ဖြစ်တဲ့ အရပ်သားအစိုးရရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်တာဟာ ဒီမိုကရေစီသဘောအရ ထပ်မံရှင်းစရာမလိုတဲ့ အချက်ဖြစ်ပါတယ်။ ကျနော်တို့ ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပိုင်းဆိုင်ရာအရ ဖြစ်နေတဲ့ ပြဿနာများအရတော့ ဒုတိယအချက်ဖြစ် တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံသားအခွင့်အရေးများနဲ့ ပတ်သက်လာရင် ကာကွယ်ဖို့ စွန့်စားလုပ်ဆောင်ခြင်း ဆိုတဲ့အချက်မှာ ကျနော်တို့က စကားပြောစရာလိုလာပါတယ်။
          အချို့သုံးသပ်သူများက တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထိပါးခံမှာမဟုတ်ဘူးလို့ သုံးသပ် ကြသလို အချို့နေရာများမှာလည်း တကယ်ကိုပဲ ဒီလိုဖြစ်ပျက်နေတာတွေကို တွေ့ကြုံနေကြရပါတယ်။ တ ကယ်တမ်းမှာလည်း တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။ ဒါပေ မယ့် ကျနော်တို့ ကာကွယ်စောင့်ရှောက်မှုပိုင်းဆိုင်ရာမှာ လုံးဝထိပါးမခံတာမျိုးတော့မဟုတ်ပါဘူး။ ဥပေဒပြုရေးနဲ့ ပတ်သက်ပြီး အခွင့်အာဏာရှိတဲ့ လွှတ်တော်က ဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို ပြင်ဆင်ရေးဆွဲထားတဲ့ အချက်တွေကို ကာကွယ်စောင့်ရှောက်ကြရမှာပါ။ ဒီနေရာမှာ ယနေ့ လွှတ်တော်နဲ့ ပြည် သူလူထုက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်မှုကို ဖျက်သိမ်းရင်လည်း တပ်မတော်အနေနဲ့က လက်ခံရမှာဖြစ်ပါတယ်။ နောက်တခုက နိုင်ငံသားအခွင့်အရေးဆိုင်ရာများကိုလည်း တပ်မတော်က ကာကွယ် စောင့်ထိန်းပေးကြရမှာဖြစ်ပါတယ်။
          ဒီနေရာမှာ နိုင်ငံသားဆိုင်ရာအခွင့်အရေးများအရ အကြမ်းဖျဉ်းအားဖြင့် လူထုက မကျေနပ်ချက်ကို ဆန္ဒ ပြမယ်ဆိုရင်လည်း တပ်မတော်က ဒါဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သဘောထားထုတ်ဖော်ခွင့်ဆိုတာကို နားလည်ပေးကြရမှာဖြစ်ပါတယ်။ တချို့တွေက အွန်လိုင်းတွေမှာရေးသားနေကြတာက ဆန္ဒပြတယ်ဆိုတာကိုပဲ မကောင်းမြင်သဘောထားနဲ့ ချိုးနှိမ်ရေးသားနေကြပါတယ်။ ဒါတွေကိုလည်း ရှောင်ကြဉ်ကြရပါမယ်။ နောက်တခု ကတော့ သူကတော့ အမေရိကန်လူထုအပေါ် စူးစိုက်စိတ်ဝင်စားခြင်း ဆိုတာပါပဲ။ ဒီနေရာမှာတော့ ကျနော့်အ နေနဲ့ အကိုက်ညီဆုံးပြင်ပြောမယ်ဆိုရင်တော့ မိမိပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို စိတ်ဝင်စားပြီး အဲဒီအ ပေါ်မှာ ပြည်သူလူထုနဲ့အတူ ရပ်တည်ခြင်း လို့ပဲ ထင်မှတ်ပါတယ်။ ဒီတော့ ကျနော်တို့ ယနေ့ အပြောင်းအလဲ ကာလမှာ တပ်မတော်ဟာ အနည်းဆုံးတော့ ဒီသဘောတရားတွေကို ကျင့်သုံး လိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒါ ကို အထက်တပ်မှူးများသာမက အောက်ခြေတပ်သားများအထိပါ လိုက်နာ ကျင့်သုံးအောင် ကြိုးစားလုပ်ဆောင် ကြရမှာဖြစ်ပါတယ်။
          တဖက်ကလည်း အရပ်သားနိုင်ငံရေးခေါင်းဆောင်များက တပ်မတော်ခေါင်းဆောင်များအပေါ်မှာ စစ် ဘက်ဆိုင်ရာ ရာထူးများအပေါ် လေးစားပေးကြရမှာဖြစ်သလို နိုင်ငံတော်လုံခြုံရေးဆိုင်ရာများနဲ့ ပတ်သက်ပြီး စစ်ဘက်ခေါင်းဆောင်များနဲ့ ခေါင်းခြင်းရိုက် ဆွေးနွေးတိုင်ပင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အရေး ကိစ္စများနဲ့ပတ်သက်လို့လည်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို လိုအပ်ရင် လိုအပ်သလို သဘောထား အမြင်များ တောင်းခံသင့်ပါတယ်။ ဒီလို တဖက်နဲ့တဖက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအခြေအနေကို အ ခြေခိုင်အောင် နှစ်ဖက်ခေါင်းဆောင်အသီးသီးက စီမံချက် ချမှတ်ဆောင်ရွက်ကြရပါမယ်။ စစ်ဘက်ခေါင်းဆောင် များအနေနဲ့ကလည်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနဲ့ တိုင်းရင်းသားအရေးကိစ္စများကို စစ်ရေးအမြင်တခုနဲ့ မမြင် ကြဖို့လိုအပ်ပါတယ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ Profession Arms ရဲ့ ဦးတည်ချက်များနဲ့ ယနေ့ မိမိတို့ နိုင်ငံရဲ့ အခြေအနေများအပေါ် ယှဉ်တွဲသုံးသပ်တင်ပြလိုက်ရပါသည်။

ဗိုလ်ရဲထက်
(ဂျူလိုင် ၂၅၊ ၂၀၁၂)
(၂၁၄၀ နာရီ)။
         

No comments:

Post a Comment

Ads 468x60px

Featured Posts