Sunday, July 15, 2012

အရာရှိတယောက်ရဲ့ တပ်မတော်သားတွေအတွက် သူ့အတွေ့အကြုံကိုမျှဝေခြင်း

ခက်ခဲ ကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်းဘ၀ကို ဖြတ်ကျော်ရတာဟာ ဘယ်လောက်
ခက်ခဲ တယ်ဆိုတာ ပြောပြရင် မယုံနိုင်စရာပါပဲ။ DSA ကိုစတက်တဲ့ ပထမနှစ်
ဗိုလ်လောင်းဘ၀ဟာ အရပ်သား ဘ၀ကနေ စစ်သားဘ၀ကို စတင်ကူးပြောင်းရတဲ့
ကာလဖြစ်လို့ အဲဒီ အချိန်မှာ ဗိုလ်လောင်း ဘ၀ကို အရှုံးပေးပြီး ဘဝ
ပျက်သွားရတဲ့ လူတွေ မနည်းပါဘူး။ တကယ်တော့ ဗိုလ်လောင်း ဘ၀ဆိုတာ တကယ့်
အဖြူထည်လေး တွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့လက်ရှိ အခြေအနေ
တွေကိုလဲ ဘာမှ ဂဃဏန နားမလည် ကြသေး ပါဘူး။

၁၀၀ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး
ဝင်လာတဲ့ သူတွေပါ။ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့
ပုံသွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း
စစ်တက္ကသိုလ်ရဲ့ အရိပ်အောက်မှာ အဆင့် အတန်းမရွေး အားလုံး တန်းတူဆိုပြီး
မှတ်ထင် ခံယူခဲ့ကြတာပါ။ ဒါပေမဲ့ … အဲဒီခံယူချက်တွေဟာ စစ်တက္ကသိုလ်
ရောက်ပြီး ….. ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်း ဘ၀ရောက်လို့
တစ်ပတ်လောက် အကြာမှာဘဲ အဲဒီ ခံယူချက်တွေအားလုံး မြောင်းထဲရောက်
ကုန်ပါတော့တယ်။ “မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို
အုန်းခနဲ လက်သီးနဲ့ ထိုးထည့် လိုက်တာက “ငါက တိုင်းမှူးသားကွ” ဆိုတဲ့
အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်း ကျောင်းသား
တိုးနိုင်မန်းပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူး
သားမှန်းသိလို့ အပြစ်မရှိ အပြစ်ရှာထိုး တာပါ။ နောက်ပိုင်း သိလာရတာက
တိုးနိုင်မန်းဟာ ပထမနှစ် ဗိုလ်လောင်း ဘ၀ကိုလည်း အိပ်ရင်း စားရင်း
ကျော်ဖြတ်လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်းဘ၀မှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ
အူတုန် သည်းတုန် ကြောက်ရတဲ့ စီနီယာဖြစ်လာ ခဲ့ပါတယ်။

တိုးနိုင်မန်းနဲ့ ပတ်သက်လာရင် စီနီယာဗိုလ်လောင်း မပြောနှင့် ကျောင်းက
အရာရှိများပင် ဗြဟ္မာဦးခေါင်းကိုင်ထားရသလို ဖြစ်နေပါတယ်။ ဂျူနီယာ
ဗိုလ်လောင်းဘ၀မှာ အများနဲ့ တန်းတူ Hall Room တွေမှာ နေကြရတာပါ။
ခုတင်တစ်လုံး၊ Show ပြတဲ့ Locker ၄ လုံးနဲ့ သေတ္တာ ၁ လုံးစာ နေရာ
ကျဉ်းကျဉ်းလေးမှာ တိုးနိုင်မန်းမပျော်ပါဘူး။ သူက သီးသန့်
စတိုခန်းမှာပဲနေပါတယ်။ အဲဒီစတိုခန်းဟာ ဗိုလ်လောင်း ၁၅ ယောက် လောက်နေလို့
ရတဲ့အခန်းပါ။ လျှပ်စစ်ပစ္စည်းဆိုရင် မီးသီးတောင် ကိုယ်ပိုင် မထားရတဲ့
ဗိုလ်လောင်းဘ၀မှာ ဂျူနီယာတန်းပဲ ရှိသေးတဲ့ တိုးနိုင်မန်းက
အဲဒီစတိုခန်းကြီးထဲမှာ တီဗွီ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊
လျှပ်စစ်မီးပူ၊ Locker ၁၀ လုံးထဲမှာ စားစရာခေါက်ဆွဲခြောက်၊ အသီးအနှံ၊
အကြော်အလှော်မျိုးစုံနဲ့ တကယ့် ဇိမ်ကျကျ နေခဲ့တာပါ။ ကျောင်းကထုတ်ပေးတဲ့
စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို သူ မသုံးပါဘူး။ ပြီးတော့
လက်တိုလက်တောင်း ခိုင်းဖို့ သူ့ထက်ငယ်တဲ့ ဗိုလ်လောင်း ၅ ယောက်လောက်က
သူ့အနားမှာ အချိန်ပြည့်ပါပဲ။

ပြီးတော့ မယုံနိုင်စရာ တစ်ခုပြော ပြပါဦးမယ်။ တိုးနိုင်မန်းက ဒီလောက်နဲ့
မတင်းတိမ်သေးပါဘူး။ အိမ်နဲ့ အချိန်မရွေး ဆက်သွယ်လို့ရအောင် ၄ ထပ်ဆောင်
ကျောင်းခေါင်မိုးပေါ်မှာ Cordless Phone အင်တင်နာတိုင်ကြီးကို
ထောင်လိုက်ပါသေးတယ်။ တိုးနိုင်မန်းအခန်းကိုဝင်လိုက်
ရင် စားသောက်ဆိုင်ကို
ရောက်သွားသလိုပါပဲ။ VCD Karaoke က တငြိမ့်ငြိမ့်။
ကြော်လှော်ချက်ပြုတ်နေကြတဲ့ ထမင်းဟင်း အနံ့က တသင်းသင်းနဲ့။ ကျောင်းက
Training Officer မပြောနဲ့။ ကျောင်းအုပ်ကြီးတောင် သူ့ကို
ဘာမှမပြောရဲပါဘူး။ မပြောရဲတာက ဗိုလ်လောင်း တိုးနိုင်မန်းက
ကျောင်းအရာရှိတွေရဲ့ ဘ၀ကိုပြောင်းလဲပေးနိုင်စွမ်းရှိလို့ပါ။

တစ်ချို့ အရာရှိတွေလည်း တိုးနိုင်မန်းကောင်းမှုနဲ့ မြောင်းထဲရောက်။
တစ်ချို့လဲ တိုးနိုင်မန်းဆိုတဲ့ ဗိုလ်လောင်းလေးကို အဖားကောင်းလို့
တပ်ရင်းမှူးတွေ ဖြစ်သွားကြတဲ့အခါ နေရာကောင်းကောင်းကို ရောက်သွားကြပါတယ်။
ဒီလောက် ဇိမ်ခံတဲ့ တိုးနိုင်မန်းဟာ အများနည်းတူ အလုပ်လုပ်တဲ့အခါမှာကျတော့
ပါမယ် ထင်ပါသလား။ PT ပြေးတာတောင် သူစိတ်ပါတဲ့ အချိန်မှ ပြေးပါတယ်။
နောက်ပြီး ဗိုလ်လောင်းတာဝန်ကျ Appointment Cadet ကိုလည်း
တစ်နှစ်ပတ်လုံးယူပါတယ်။ ဒီတာဝန်ဟာ ထက်မြက်ထူးချွန်တဲ့ ဗိုလ်လောင်းတွေ
တောင်မှ ၃ လ ပဲတာဝန်ယူရတာပါ။ ဒါပေမဲ့ တိုးနိုင်မန်းက တာဝန်
အမျိုးမျိုးကို လှည့်ပတ်ယူနေတာပါ။ တပ်ရင်း Appointment Cadet ကတော့ သူ
မလုပ်ခဲ့ရပါဘူး။

အဲဒီ တပ်ရင်းတာဝန်က တကယ့် အရည်အချင်းရှိတဲ့ ဗိုလ်လောင်းတွေပဲ
တာဝန်ယူရတာပါ။ တိုးနိုင်မန်းက ကိုယ့်အရည်အချင်း ကိုယ်သိတော့ အရှက်ကွဲမှာ
စိုးလို့ ဒီတာဝန်ကို မယူရဲလို့ပါ။ စနေ၊တနင်္ဂနွေသာ ဧည့်တွေ့ခွင့်ရတဲ့
ဗိုလ်လောင်းတွေထဲမှာ တိုးနိုင်မန်းမပါပါဘူး။ ရုံးဖွင့်ရက်တွေမှာလည်း
သူ့ကို ဧည့်လာတွေ့ပုံက သူ့အဖေရဲ့ အဆောင်ယောင်တွေ ဖြစ်တဲ့ ရှေ့ကပွိုင့်ကား
(လုံခြုံရေး ရဲဘော်အပြည့်)၊ နောက်က Audi ကားနက်ကြီးနဲ့ လာတာပါ။
အများအားဖြင့်တော့ အဖေဖြစ်သူရဲ့ PA ဗိုလ်ကြီး တစ်ယောက် အမြဲလာပါတယ်။
အဲဒီအချိန်မှာ သူ့အဖေက ဗိုလ်ချူပ်ကြီးဖြစ်နေပါပြီ။ သူ့အမေလာတဲ့ နေ့တွေ
လိုမျိုးဆိုရင် ကျောင်းအုပ်ကြီး၊ နည်းပြမှူးချူပ်တို့က ဘေးကနေ
တစ်ပြုံကြီး ပါလာကြပါတယ်။ မှိုရမဲ့ မျက်နှာလေးတွေလို အစွမ်းကုန်
သွားဖြဲနေရတာများ ဒီလိုဆရာသမားတွေကို ဘယ်လိုများ လေးစားရပါ့...

ပြီးတော့ ဒီမြင်ကွင်းတွေ မြင်လိုက်ရတိုင်း မျက်နှာမွဲ ဗိုလ်လောင်းတွေရဲ့
အသည်းနှလုံးကို ဖြစ်ညှစ်လိုက်သလိုမျိုး ခံစားကြရပါတယ်။ တကယ်တော့
ဒီစစ်အာဏာရှင်စနစ် ကြီးစိုးနေသမျှတော့ လူ့စွမ်းအား အရင်းအမြစ်တွေ
ဆုံးရှုံးပြီး တကိုယ်ကောင်းသမား ကိုယ်ကျိုးစီးပွါးတွေ အတ္တတွေ မသမာမှုတွေနဲ့
လူ့လောကကြီးဟာ မှန်ကန်မှု၊ တိုးတက်မှုတွေ ဝေးသထက်ဝေး၊ နှေးသထက်နှေး၊
နောက်နေ့မှာလည်း လက်တွေ့ကြုံဆုံခဲ့ပုံလေးတွေကို စာဖတ် ပရိသတ်များ
ပိုတောင် ဒေါပွ၊ သြချရအောင် ဆက်လက် တင်ပြပေးပါဦးမယ်။ စစ်မှန်တဲ့
ဒီမိုကရေစီ နိုင်ငံတော်မှာ တပ်မတော်သားများ တိုင်းပြည်အတွက် အမှန်တကယ်
ကောင်းကျိုးပြုနိုင်ကြဖို့ မျှော်မှန်း ရေးသားလိုက်ရပါတယ်။

ဒီမိုကရေစီ နိုင်ငံဆိုရင် သူတို့ ဒီလို လုပ်ချင်သလို လုပ်လို့ မရဘူး။
ဒါကြောင့် စစ်အုပ်စုဟာ ဒီမိုကရေစီ လိုလားသူကို ရန်သူလို့ သတ်မှတ်တယ်။
ဒါရှင်းရှင်းလေးပါ။ မျိုးဆက်သစ် အရာရှိငယ်တွေ ဒါကို ၀န်ခံရဲကြပါ။
နောက်တစ်ခု တင်ပြပါဦးမယ်။ ဗိုလ်လောင်းဆိုတာ စနေ၊ တနင်္ဂနွေပဲ အပြင်ထွက်
လည်ရတာပါ။ ဒါတောင် ပြစ်ဒဏ်ကျတဲ့ အပတ်ဆို အပြင်ထွက်ခွင့်မရပါဘူး။
တပ်ပြင်ထွက်ခွင့် ဆိုတာက လွယ်လွယ်ကူကူ ရတာတော့ မဟုတ်ပါဘူး။ ဒီလို
ခက်ခဲတဲ့ အလုပ်ကို တိုးနိုင်မန်း မမျှော်မှန်းပါဘူး။ ဘာလို့လဲဆိုတော့ သူက
ညအချိန်ပဲ အပြင်ထွက်လည်တာပါ။ စစ်တက္ကသိုလ်မှာ ညဘက် အပြင်ထွက်ရင်
ကြီးလေးတဲ့ အပြစ်ပေးလေ့ ရှိပါတယ်။

တစ်ချို့ဆိုရင် ကျောင်းထုတ်ခံရပြီး တပ်ရင်းတပ်ဖွဲ့တွေကို ရဲဘော်အဖြစ်
ပို့လေ့ ရှိပါတယ်။ အဲဒါက တိုးနိုင်မန်း အတွက်တော့ မဟုတ်ပါဘူး။ ညဘက် အနှီ
တိုးနိုင်မန်း အပြင်ထွက်ဖို့ နည်းပြမှူးချုပ်ဖြစ်တဲ့
ဒုတိယဗိုလ်မှူးကြီးယုလွင် ကိုယ်တိုင် သူ့ရဲ့ Isuzu Double Cap ကို
ပေးရပါတယ်။ ပြီးတော့ သူ့ရဲ့ သမီးလေးကိုလည်း တိုးနိုင်မန်းနဲ့ နီးစပ်အောင်
ပွဲထုတ်လေ့ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သမက် ဖမ်းချင်တာပါပဲ။
အဆုံးမှာတော့ သမက် မရလိုက်တဲ့အပြင် သမီး ဗိုက်မထွက်လာအောင် မနည်း
လုပ်လိုက်ရပါတယ်။ အော်….ဒါလည်း တဒုက္ခ။

ဗိုလ်လောင်းတိုးနိုင်မန်းက ညဘက်ဆိုရင် တပ်ပြင်ကို စီးတော်ယာဉ် ၂ စီးနဲ့
အမြဲထွက်လည် လေ့ရှိပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးယုလွင်က သမက် မရလိုက်ပေမဲ့
စကခမှူး အဖြစ် ချီးမြှောက်တာတော့ ခံလိုက်ရရှာပါတယ်။ ဒါဘဲလေ…တပ်ထဲမှာ
မှန်ကန် တယ်ဆိုတဲ့ စကားခေတ်စားနေတာ ဆိုလိုရင်းက မှန်ရင် ကန်ခံရမယ်၊
ဇိမ်ချင်ရင် ငြိမ်နေပေတော့။ တတ်ရင်တော့ ငတ်ပြီပေါ့။ ထက်ရင်လည်း
မျက်တော့တာဘဲ။ နောက်တခါ ရှိသေးတယ် တိုးနိုင်မန်းရဲ့ ဖော်လန်ဖား
သူငယ်ချင်းဗိုလ်လောင်းတွေကို ကျောင်းက အရာရှိတွေခမျာ အပြစ်ရှိလို့
အပြစ်ပေးတဲ့အခါမှာတောင် တိုးနိုင်မန်းရှေ့မှာအပြစ်ပေးလို့မရပါဘူး။

လက်တွေ့ အဖြစ်အပျက်ကလေးတခု ပြောပြမယ်။ ၄၁/၄၂ ကျောင်းဆင်းခါနီး
တိုးနိုင်မန်းရဲ့ သူငယ်ချင်းနှစ်ယောက် ညဘက်မှာ အပြင်ခိုးထွက်ပါတယ်။ ည ၁၀
နာရီခွဲလောက်မှာ တပ်ရင်းတစ်ခုလုံး Supply Check လုပ်ပြီး လူစစ်ပါတယ်။
အပြင်ခိုးထွက်တဲ့ တိုးနိုင်မန်းရဲ့သူငယ်ချင်း ဗိုလ်လောင်း နှစ်ယောက်ကို
တပ်ခွဲမှူး ဗိုလ်မှူးတစ်ယောက်က တုတ်နဲ့ရိုက်ပြီး ဆုံးမပါတယ်။ အဲဒီအခါ
တိုးနိုင်မန်းက “ဗိုလ်မှူး အဲဒီလို မရိုက်ပါနဲ့။ အဲဒါ ကျွန်တော့်
သူငယ်ချင်းတွေ” ဆိုပြီး ခပ်မာမာ ပြောပါတယ်။ အဲဒီဗိုလ်မှူးလဲ
ဗိုလ်လောင်းအများကြီး ရှေ့မှာဆိုတော့ တော်တော်ရှက်သွားပါတယ်။ ဒါကြောင့်
ရှက်ရမ်းရမ်းပြီး ဟိုဗိုလ်လောင်း နှစ်ယောက်ကို “ရိုက်တယ်ကွာ၊
ရိုက်တယ်ကွာ” ဆိုပြီး အသားကုန် တီးပါတော့တယ်။

တိုးနိုင်မန်းကိုလည်း “မင်းက ဗိုလ်လောင်း၊ ငါက အရာရှိကွ။ မင်း ငါ့ကို
အမိန့်ပေးလို့ မရဘူး” စသည်ဖြင့် ဒေါကြီးမောကြီး ပြောပါတယ်။ ကျန်တဲ့
ဗိုလ်လောင်းတွေကတော့ အမှောင်ထဲမှာ ပြုံးမိကြပါတယ်။ ဘာလို့လဲဆိုတော့
တိုးနိုင်မန်းနေရာမှာ ဒီ့ပြင်ဗိုလ်လောင်းဆိုရင် နောက်တစ်နေ့ မျက်နှာသစ်
လို့မရအောင် စုတ်ပြတ်သတ်သွားမှာပါ။ အခုကျတော့ အရာရှိနဲ့ ဗိုလ်လောင်း
အရပ်ထဲမှာ ရန်ဖြစ်နေသလိုပါပဲ။ ဒါပေမဲ့ အဲဒီဗိုလ်မှူးလဲ
သိပ်မကြာလိုက်ပါဘူး။ တိုးနိုင်မန်းကျောင်းဆင်းပြီး ၃ လလောက်အကြာမှာ
မြောင်းထဲကို ပလုံစီပြီး မြုပ်သွားပါတော့တယ်။ ကျောင်းဆင်းပြီး ခြေလျင်
တပ်ရင်းတစ်ခုကို ရောက်သွားတော့ အဖြစ်အပျက်ကလေးတစ်ခုကလည်း ယနေ့တိုင်
မမေ့နိုင် အလျဉ်းသင့်လို့ ပြောပြချင် ပါသေးတယ်။

တပ်ရင်းမှူးရဲ့  သားနဲ့ နောက်တန်းမှူး ဗိုလ်မှူးရဲ့  သားက ကျောင်းမှာ
အတန်းတူ ဖြစ်နေပါတယ်။ အတန်းပိုင် ဆရာမကို တပ်ရင်းမှူး အိမ်မှာ ခေါ်ပြီး
စာသင်စေကာ လပတ်စာမေးပွဲမှာ မေးခွန်း ရခဲ့ပေမဲ့ သားတော်မောင်က အဆင့်နံပါတ်
(၂) ရပါတယ်။ အဆင့် နံပါတ် (၁) ကတော့ တကယ် စာတော်ပြီး တကယ် ကြိုးစားတဲ့
ဘာမေးခွန်းမှ မရသော နောက်တန်းမှူး ဗိုလ်မှူးရဲ့  သား ဖြစ်ပါတယ်။
တပ်ရင်းမှူးရဲ့  သားက ဘာလုပ်တယ် ထင်ပါသလဲ။ နောက်တန်းမှူး ဗိုလ်မှူးသားရဲ
့ စာအုပ်တွေကို သွားငှားပြီး မီးပုံရှို့ လိုက်ပါတော့တယ်။ အဲဒီတော့
တပ်ရင်းမှူး ဇနီးမောင်နှံက သဘောတော်ကျပြီး ပြုံးရှာတာ အံ့သြတကြီး
မှတ်သားမိခဲ့ရပါတယ်။ တပ်ကြပ်ကြီး တစ်ယောက်ရဲ့ သား ဆိုရင် စာတော်လိုက်တာမှ
အနာဂါတ်ရဲ့  အဖူးအညွှန့်ကလေးပေါ့။ သူ့ခမျာ ငှက်ဖျားနဲ့ တပ်ရင်းအိမ်မှာ
အလူးအလိမ့် ဖြစ်နေတုန်း တပ်ရင်းထဲက ကျောင်းကြို ပို့ကားက ဓာတ်ဆီ
မရှိလို့တဲ့ ဒီကလေးကို ဆေးရုံပို့ဖို့ မတတ်နိုင် ဖြစ်ခဲ့ကြတယ်။

မိဘတွေမှာ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးများကို မပြောရဲရှာဘူး။
အဲဒီ ကလေး ဘာဖြစ်သွားတယ် ထင်သလဲ၊ သေသွားတာပေါ့။ စစ်အာဏာရှင် စနစ်အောက်က
အဖိနှိပ်ခံ စစ်သားများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးကြည့်ရင်
တပုံတပင်ကြီးပါ။ ဒါ့ကြောင့် သံဃာတော်တွေက လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းရှင်းကြပါစေလို့ မေတ္တာပို့တော့ သူတို့ နာရှာတာ။ အခုလည်း
ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြစ်ရှိရင် လုံခြုံရေး ယူထားတဲ့ သူတွေမှာသာ
လုံးဝ တာဝန်ရှိတာ ရှင်းရှင်းလေးပါ။

သူတို့ကိုတော့ အရေးမယူတာ ဘာကြောင့်လဲ၊ စကားပုံ ဆိုတာကလည်း ဖြစ်တတ်လို့
ပညတ်ထားတာမို့ ဘုရားကားအောက် မျောက်ကားအထက်၊ ဖခင်ဗိုလ်ချုပ် (ဗိုလ်ချုပ်
အောင်ဆန်း) မြင်လှည့်ချင်စမ်းပါဘိတော့။ တရားမျှတမှု၊ တန်းတူညီမျှမှု၊
လွတ်လပ်မှုတို့ဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်မှသာ
တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိသည်ဟု အလေးအနက် ယုံကြည်သည်။

ဗိုလ်အောင်မြေ
(FWD မေးလ်မှ)

No comments:

Post a Comment

Ads 468x60px

Featured Posts