Friday, June 8, 2012

ထိတွေ့ပါများ နားလည်မှုရ


ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုတွေ ဒီထက်ပိုပြီး ဆိုးဝါးလာလေမလားဆိုတဲ့အတွေး လေ့လာ အကဲခတ်နေသူတိုင်း ရင်ထဲမှာ ရှိနေမယ်လို့ထင်မိပါတယ်။
“အမှိုက်ကစ ပြဿဒ်မီးလောင်” စကားရှိတဲ့အတိုင်း မပြောပလောက်တဲ့ ဖြစ်ရပ်လေးတွေကနေ မထင်မှတ် လောက်အောင် ကြီးကျယ်အကျိုးသက်ရောက်တဲ့ ပြဿနာကြီးတွေအဖြစ် ကူးပြောင်းသွားတတ်လို့ပါ။ ဒီလို ပြဿနာကြီးမားသွားရတဲ့ အကြောင်းရင်းတွေထဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းနည်း မမှန်ကန်မှုတွေပါသလို ပြဿနာမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေ အဖွဲ့အစည်းတွေရဲ့ စိတ်ခံစားချက်နဲ့ ဆင်ခြင်တုံတရားကလည်း အရေးပါလှပါတယ်။

စစ်တွေမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲဝန်ထမ်းတွေ လုံးလားထွေးလားဖြစ်ကြတယ်။ သေကြေထိခိုက် ဒဏ်ရာရမှုတွေ ရှိနေတယ်။ စစ်တွေမြို့မှာ ရဲရော စစ်သားတွေပါ လုံခြုံရေး အသင့်လုပ်ဆောင်ထားရတဲ့ အခြေအနေထိ ဖြစ်ခဲ့ ရပါတယ်။  
လူမျိုးရေး၊ ဘာသာရေးအဓိကရုန်းဆန်ဆန် ဖြစ်လာတဲ့ သွေးထွက်သံယိုမှုတွေမှာ မဖြစ်မနေ တပ်မတော်က ပါဝင်လာရတဲ့အခါ အခြေအနေတွေဟာ ပိုပြီးအကဲဆတ်လာမယ်လို့လည်း တွေးမိပါတယ်။ အမှန်ပြောရရင် တပ်မတော်နဲ့ ပြည်သူ အကြား နားလည်မှုက ခပ်ပါးပါးလေးပဲ ရှိသေးတာ။ ဒီတော့ အတိမ်းအစောင်း တခုခု ရှိပြီဆိုတာနဲ့ ထိန်းမနိုင် သိမ်းမရအုပ်စုတချို့ရဲ့ အသံတွေ ပွက်လောရိုက်လာနိုင်တယ်။ ဒါကတပိုင်းပေါ့လေ။
တဖက်ကကြည့်ပြန်ရင်လည်း တပ်မတော်သားတွေဟာ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဝင်ရောက်ကူညီဖြေရှင်းပေးရင်းနဲ့ပဲ ပြည်သူလူထုနဲ့ နီးစပ်မှုတွေပိုရလာပြီး နားလည်မှုတိုးပွားအောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နေတယ်။ စစ်သားဆိုတာ အထက်ကပေးတဲ့အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ရသူတွေ ဖြစ်တာနဲ့အညီ သူတို့လုပ်ဆောင်ချက်တွေမှာ အမိန့်ပေးသူတွေရဲ့ သဘောထား ရည်ရွယ်ချက် ထင်ဟပ်နေမှာလည်း သေချာနေပါတယ်။ အမိန့်ပေးသူက တော်တည့်မှန်ကန်တဲ့ အမိန့်ကိုပေး ပါလျက် လိုက်နာသူက သွေဖီလုပ်ကိုင်တယ် ဆိုရင်လည်း မလွဲမသွေအရေးယူအပြစ်ပေးခံရတာကို တွေ့မြင်ရ မှာပါ။
အဲဒီတော့ ခုတလောတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဆန္ဒပြမှုတွေအပါအဝင် သွေးထွက်သံယိုမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းနည်းဟာ အစိုးရနဲ့ ပြည်သူအကြား ဘယ်လောက်စာနာနားလည်မှုရှိသလဲ... ဘယ်လောက်ထိ ယုံကြည်ကိုးစားထိုက်လဲ... စတဲ့ စိန်ခေါ်အကဲစမ်းချက်တွေ ဖြစ်နေတာ တွေ့ရပါတယ်။
ဖေ့စ်ဘုတ်ပေါ်မှာ မိတ်ဆွေတဦးက လက်ရှိဖြစ်ပွားနေတဲ့အရေးအခင်းတွေနဲ့ပတ်သက်ပြီး..
“တပ်မတော်ဟာ ဒီလို သွေးထွက်သံယိုအရေးအခင်းတွေမှာ မလွှဲမရှောင်သာ ၀င်ပါဖို့ကိုလိုပါတယ်။ ဒီလိုပါတဲ့အခါမှာ မျှတစွာနဲ့ ဖြေရှင်းပေးပြီး အခြေအနေတွေကို အေးချမ်းအောင် အမြန်ဆုံး တည်ဆောက်၊ အရပ်ဘက် အုပ်ချုပ်ရေးကို မထိပါးဘဲ တပ်စခန်းကို ပြန်တာဝန်ယူခြင်းနဲ့ ပြုပြင် ပြောင်းလဲရေး ကို အပြည့်အ၀ထောက်ခံကြောင်း ပြသနိုင်မယ် ဆိုရင်ဖြင့်ပြည်သူရဲ့ ထောက်ခံ ယုံကြည်မှုတွေကို ပိုမိုတည်ဆောက်နိုင်ပါလိမ့်မယ်။”....  လို့
ရေးသားထားတာကို ဖတ်ရတော့ လွန်ခဲ့တဲ့ တနှစ်လောက်က တပ်မတော်သား မိတ်ဆွေတဦး ကျနော့်ဆီကို ပေးပို့လာတဲ့ သဘောထားလေးကို သွားသတိရမိတာနဲ့ ကျနော့် ဖေ့စ်ဘုတ် status မှာ တင်ပြီး ဆွေးနွေးကြည့် လိုက်တဲ့အခါ မျှော်လင့်မထားတဲ့ နွေးထွေးမှုသဘောထားလေးတွေနဲ့ ပါဝင်ဆွေးနွေးလာကြတာကို မြင်လိုက် ရတာမို့  စိတ်ထဲမှာ အတော်ကို ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
တနှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဖေ့စ်ဘုတ်ပေါ်က မိတ်ဆွေအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုတွေ ရလာကြပါလား။ မနှစ်တုန်းကဆို သူတို့ချင်း အပြန်အလှန် ရေးသားဆွေးနွေးမှုတွေဟာ သိပ်မပြေပြစ်၊ သူ့ဘက်ကိုယ့်ဘက် ဖက်တွယ်မှုလေးတွေ အရိပ်အယောင်လေးတွေ တွေ့နေခဲ့ရတယ်။ ဒီနေ့တိုင်လည်း ဘက်ဆိုတဲ့ အရိပ်အာဝါသ အောက်က လုံးဝလွတ်မြောက်ကြတာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ အဖွဲ့အစည်းတခုထဲမှာရှိတဲ့ လူပုဂ္ဂိုလ် တဦးချင်းရဲ့မတူကွဲပြား ခြားနားမှုစရိုက်လက္ခဏာလေးတွေကို မြင်အောင် သတိထားကြည့်လာ တတ်ကြပြီ။
ဒါ ကောင်းတဲ့လက္ခဏာရပ်ပါ။ ကြိုဆိုရမယ့် အနေအထားပါ။
တသွေးတသံတမိန့်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ စခန်းသွားခဲ့ရတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းမှာ လူတိုင်းလူတိုင်း ရင်ထဲ အကျိတ်အခဲ တခုမဟုတ်တခု ခံစားနေကြရပါတယ်။ မပွင့်မလင်းတဲ့ သံသယစိတ်တွေ ကိုယ်စီရှိနေ ကြဆဲပါ။ ဒါကြောင့်မို့ လူပုဂ္ဂိုလ်ချင်းခင်မင်မှုနဲ့ အတွေးအခေါ်အယူအဆ ကွဲပြားမှုကို စည်းခြား ဥပေက္ခာပြုနိုင်တဲ့ စိတ်အခံ အားနည်းသေးတယ်လို့ ယူဆမိပါတယ်။ တဦးနဲ့တဦး ထိတွေ့ဆက်ဆံမှုက နှစ်ဦးကြားမှာ ရှိနေတဲ့ သံသယစိတ်တွေကို တဖြည်းဖြည်း ပြေပျောက်ရှင်းလင်းသွားစေမယ်လို့ ယုံကြည်မိပါတယ်။
တကယ့်လူမှုဆက်ဆံရေးဘဝမှာ အကြောင်းတရားအခိုင်အမာနဲ့ မုန်းတီးနေကြသူအချင်းချင်း အငြိုးအာဃာတ ပြေပျောက်သွားတာမျိုး တွေ့ရတာများပေမဲ့ သံသယကြောင့် တမင်ရှောင်ကွင်းနေသူချင်း ပြေလည်မှုရဖို့ မလွယ်ကူလှပါ။ တခါတလေ မလွှဲမရှောင်သာ ထိပ်တိုက်မျက်နှာချင်းဆိုင် ဆုံတွေ့ကြရာမှ တဦးစေတနာ တဦး နားလည်မှုရပြီး ပြေလည်သွားတာမျိုးတော့ ရှိတတ်ပါတယ်။ ထိတွေ့ဆက်ဆံမှုရဲ့ ကောင်းသောအကျိုးဆက်ပါ။
လူတဦးနဲ့တဦးအကြား နားလည်ယုံကြည်မှုတည်ဆောက်နိုင်တာဟာ လူ့အဖွဲ့အစည်းအနေနဲ့ ခြုံကြည့်မယ် ဆိုရင် အသေးအမွှား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အဲဒီလူပုဂ္ဂိုလ် နှစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ သြဇာ တက္ကိမ ကြီးမားမှုအလိုက် အရေးပါအရာရောက်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့ နှစ်ဦး အကြား တွေ့ဆုံညှိနှိုင်းပြေလည်မှုကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာပုံကို ဥပမာ ထားကြည့်လို့ရပါတယ်။ တခြားအကြောင်းခံတွေ ရှိပေမဲ့လည်း သူတို့နှစ်ဦးကြား နားလည်မှုရရှိခြင်းဟာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲရဲ့ အခရာဖြစ်နေတာ အားလုံးအသိပါ။  
ထိပ်ပိုင်းခေါင်းဆောင်တွေ ပြေလည်မှုရယုံနဲ့ မလုံလောက်သေးပါ။ အဆင့်ဆင့်သော တာဝန်ရှိသူများအကြား နားလည်မှုတွေ တိုးပွားလာဖို့ လိုအပ်ပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းဝင်တွေ ကြုံတွေ့ခံစားနေရတဲ့ အကျည်းတန် အရုပ်ဆိုး သမိုင်းဒဏ်ရာတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ အနှစ် ၂၀ လောက်ကမှ အစပြုခဲ့တာ မဟုတ်ဘဲ လွတ်လပ်ရေးသက်တမ်းနဲ့အတူ ရှည်ကြာနေတဲ့ အဖြစ်အပျက်တွေပါ။ ဒီဖြစ်ရပ်တွေရဲ့ အဓိက လက်သယ်တရားခံဟာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေ၊ အစိုးရအရာထမ်း အမှုထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ ဘယ်သူမှ မဟုတ်ပါ။
လွတ်လပ်ရေး မရခင်ကတည်းက ရှိခဲ့တဲ့ ဂိုဏ်းဂဏစွဲတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ပြည်တွင်းစစ် အတောမသတ်ဖြစ်ခဲ့တယ်။ စစ်ဝါဒ ကြီးထွားလာတယ်။ ဒီလိုဖြစ်ခဲ့ ရတဲ့ အကြောင်းခံတွေထဲမှာ စစ်သား၊နိုင်ငံရေးသမား ဂျာအေးသူ့အမေရိုက် ရှုပ်ထွေးမှုတွေ ရှိခဲ့တယ်။ ဒီလိုပဲ ကျနော်ယုံကြည်ပါတယ်။
နောက်ဆုံးတော့ ကိုယ်ကျိုးအတ္တ အလိုကြီးသူတွေက လူ့အဖွဲ့အစည်းတခုလုံးကို သူတို့လိုရာမောင်းနှင်နိုင်ဖို့ စစ်တပ်ကို ခုတုံးလုပ်တာ ခံခဲ့ရတာပဲ။
လက်ရှိလူတွေ အားလုံးဟာ ပြည်တွင်းစစ်ကို စတင်မီးမွှေးခဲ့သူတွေမဟုတ်၊ စစ်အာဏာရှင်စနစ်ကို ပန္နက်ချ ထူထောင်ခဲ့သူတွေမဟုတ်။ အတိတ်ရဲ့ဆိုးမွေကို လက်ဆင့်ကမ်းဆက်ခံ နေကြရသူတွေသာဖြစ်ပါတယ်။ ရာစုနှစ် တဝက်ကျော် မငြိမ်းချမ်းနိုင်တဲ့ ပြည်တွင်းစစ်မှာ တိုင်းပြည်ခေတ်နောက်ကျခဲ့ရသလို ပြည်သူတွေ ဆင်းရဲတွင်း နစ်ခဲ့ရတယ်။ စစ်အာဏာရှင်စနစ်ကြောင့်လည်း စစ်သားတွေနာမည်ပျက်ခဲ့ရပေမဲ့ ခေါင်းဆောင် မပီသတဲ့ အထက်အရာရှိ အာဏာရူးတစုနဲ့ သူတို့လက်သင့်ရာ ခရိုနီတွေပဲ အလျှံပယ်ကြွယ်ဝနေတယ် ဆိုတာ အားလုံးမျက်မြင် ကိုယ်တွေ့ပါပဲ။
မြန်မာပြည်ကာကွယ်ရေးအတွက် စစ်တပ်အင်အားကောင်းဖို့လိုတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကြောင့် စစ်တပ်ရော စစ်သားတွေပါ ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရတယ်ဆိုတာလည်း ဆင်ခြင်တုံတရားလက်ကိုင်ထားတဲ့ စစ်သားတိုင်း သိနေကြပါတယ်။   
လုပ်ပိုင်ခွင့်အာဏာကို ခုတုံးလုပ်စီးပွားရှာသူနဲ့ အာဏာရှိသူကိုအမှီပြုပြီး လူထုအပေါ် မတရားအမြတ်ထုတ် ချယ်လှယ်စီးပွားရှာတဲ့ လူနည်းစုလေးကို ဘေးဖယ်ထားလိုက်ရင် ကျန်တဲ့ အများစုကြီးဟာ သူလိုကိုယ်လို သာမန်ပြည်သူပြည်သားတွေပါပဲ။ သူတို့ဟာ နိုင်ငံသားအားလုံး မျှမျှတတ အကျိုးခံစားခွင့်ရှိတဲ့ လူ့ဘောင် တရပ်ကို ကူးပြောင်းပုံဖော်နိုင်ဖို့ ဆန္ဒပြင်းပြနေကြမှာပါ။ မတူညီတဲ့ ဘဝရပ်တည်မှုတွေအရ ကွဲပြားခြားနားနေတဲ့ အသိခံစားမှုလေးတွေကို ဆွေးနွေးအမြင်ဖလှယ်ကြရင်းနဲ့ တူညီတဲ့အနာဂတ်ရည်မှန်းချက်ကို အတူလက်တွဲ လျှောက်လှမ်းနိုင်အောင် ကြိုးစားကြစေချင်ပါတယ်။
တူညီတဲ့ နိုင်ငံချစ်စိတ်အောက်မှာ မတူညီနိုင်သေးတဲ့ ပုဂ္ဂိုလ်ရေး ရပ်တည်ခံစားချက်လေးတွေ နီးစပ်လာဖို့ ပေါင်းစုအဖြေရှာ ညှိနှုင်းဆောင်ရွက်နိုင်ကြပါစေ။

နေမင်းသူ
၈-၆-၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts