Tuesday, June 26, 2012

ကွန်းခိုဖူးသော တက္ကသိုလ်က နေ့ရက်များ

(၁)
တောင်ပေါ်ဒေသတခုရဲ့ ဆင်ဘိုဆိုတဲ့ ရွာလေးတရွာမှာ လူသားတယောက်ဖွားမြင်ခဲ့တဲ့နေ့။ ၁၉၈၈ ခုနှစ် မတ်လ ၅ ရက်နေ့ မနက်ခင်း ၉ နာရီကျော်။ မြန်မာပြည်မြောက်ဖျား ဧရာဝတီမြစ်ရဲ့ ထုံးစံအတိုင်း နွေဦး အဝင် မြစ်ရေတက်တတ်တဲ့ကာလ။ မြန်မာလူမျိုးတို့ရဲ့အခေါ် နေတက်ရေတက် တိုက်ဆိုင်စွာ နေ့ကလည်း စနေနေ့။ မိဘတွေနဲ့ မိခင်ဘက်က အဘိုးအဘွားတို့အတွက် သားဦးရတနာ၊ မြေးဦးရတနာတယောက်။ ထုံးစံ အတိုင်း သားဦးဖြစ်တဲ့အတွက် မိဘများက အဘိုးအဘွားတွေကို ငွေ ၉၀ ကျပ်နဲ့ ကျနော့်ကို ရောင်းခဲ့တယ်။ သားဦးစနေ ခိုက်မှာစိုးလို့တဲ့။ ဒီလိုနဲ့ ကျနော်လူမှန်းသိတတ်စအရွယ်မှာတော့ ကျနော်ဟာ အဲဒီတောင်ပေါ်ဒေသ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှာ ရှိနေခဲ့ပါပြီ။ ခုဆို ကျနော့်ဇာတိ ရွာကလေးတောင် မြို့နယ်လေး တခုအဖြစ်ကို တိုးမြှင့်ရောက်ရှိခဲ့တာ နှစ်အပိုင်းအခြားတခု ရှိခဲ့ပါပြီလေ။
ကျနော်ဟာ အမှတ်(၈) ထောက်လှမ်းရေးတပ်ရင်းရဲ့ တပ်ခွဲတခုဘေးက ဝန်ထမ်းအိမ်ရာမှာ နေထိုင်ရင်း ကြီးပြင်းခဲ့ရတယ်။ ဘေးနားကပ်လျက်က အိမ်တွေကလည်း နှယ်နှယ်ရရမဟုတ် မြစ်ကြီးနားမြို့နယ် ဥက္ကဋ္ဌတွေ၊ ကချင်ပြည်နယ်အတွင်းရေးမှူးတွေ၊ ပြည်နယ်ရဲမင်းကြီးတွေ နေကြတာလေ။ အဲဒီပုဂ္ဂိုလ်တွေကို အားကျလိုက်တာ။ ငါလည်း တနေ့မှာ သူတို့လို တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်ရမယ် ဆိုတာမသိပေမယ့် သူတို့လို ဖြစ်ချင်ခဲ့တာကတော့ အမှန်။ ဒီမှာတင် မသိစိတ်ထဲမှာ မွေးမြူခဲ့တဲ့ ကျနော် ကွန်းခိုခဲ့တဲ့ တက္ကသိုလ်ကို ရောက်ခဲ့ရတဲ့ သန္ဓေတည်ရာအခြေအနေလေးတွေပေါ့။

မှတ်မှတ်ရရ စတုတ္ထတန်းရဲ့ အစ နေ့လေးတနေ့။ ကျနော်တို့မြို့လေးရဲ့ ကျောင်းဖွင့်စရာသီအတိုင်း အေးစိမ့်စိမ့်နေ့လေးတနေ့။ အတန်းပိုင်ဆရာမရဲ့ တယောက်နဲ့ တယောက်မိတ်ဆက်ခိုင်းပြီး ရည်မှန်းချက်လေး တွေကို ပြောခိုင်းတဲ့နေ့ပေါ့။ ကျနော်တသက်မမေ့တဲ့ နေ့ထဲမှာ အဲဒီနေ့လေးကလည်း တနေ့ပေါ့။ မှတ်မှတ်ရရ သူငယ်ချင်းတွေထဲက ဆရာဝန်ဖြစ်ချင်သူ၊ လေယဉ်မှူးဖြစ်ချင်သူ၊ လေယဉ်မှူးကိုမှ တိုက်လေယဉ်ကိုမှ မောင်း ချင်သူတွေ၊ အင်ဂျင်နီယာဖြစ်ချင်သူတွေ၊ ကျောင်းဆရာ/ဆရာမပြန်ဖြစ်ချင်သူတွေ ကိုယ်စီရည်မှန်းချက်တွေကို ကလေးပီပီ မရှက်မကြောက်ပြောကြတဲ့နေ့။ ကျနော်ကတော့ ဖြစ်ချင်တာတခုပဲသိပြီး တိတိပပရယ်လို့ မသိဘူး။ ပြောချလိုက်တယ်။ "သားကတော့ စစ်သားဖြစ်ချင်တယ်" လို့။ သိနေတဲ့ ဆရာမက "စစ်ဗိုလ်ကြီး လုပ်ပါသား ရယ်" လို့ပြင်ပေးတော့မှ "ဟုတ်၊ စစ်ဗိုလ်ကြီး" လို့ပြန်ပြောခဲ့တဲ့ကောင်။
နဝမတန်း ထိလည်း ကျနော်ကွန်းခိုမယ့် တက္ကသိုလ်ကို တိတိပပမသိသေးပါဘူး။ တခုတော့သိလာပြီ ငါစစ်ဗိုလ်ဖြစ်ချင်ရင် ဗိုလ်သင်တန်းတက်ရမယ် ဆိုတာပဲ။ ကျနော့်ကို မွေးထုတ်ပေးလိုက်တဲ့ အမိစစ်တက္ကသိုလ် ကြီးနာမည်ကိုတော့ ကြားဖူးလာပြီ။ လွဲနေတာက ဗိုလ်သင်တန်းဟာ စစ်တက္ကသိုလ် လို့ထင်နေတာပဲ။ ဟုတ် လားဆိုတော့လည်း ဟုတ်ပါတယ်။ ဒါပေမယ့် မတိကျဘူးပေါ့။ ကျနော်သိထားတဲ့ ဗိုလ်သင်တန်းက ဗထူးမှာ ရှိနေတယ်။ နာမည်ကိုတော့ စစ်တက္ကသိုလ်လို့ပဲ သိတာရယ်လေ။ ကျနော်တို့ လွဲလိုက်ပုံများ။ ဒါပေမယ့် ကျနော်တို့ ဒီဇင်ဘာလထဲရောက်တော့ မြို့လေးက စစ်တက္ကသိုလ်တက်နေကြတဲ့ နောင်တော်(အဲဒီတုန်းက တော့ အကိုလို့ပဲခေါ်တာပေါ့) တွေပြောပြတော့မှ အော် ငါတက်ချင်နေတာက ပြင်ဦးလွင်မှာ ရှိနေတဲ့ စစ်တက္ကသိုလ် ဆိုတာကို သိရတဲ့ ဘဝရယ်ပါ။ ဒါတွေကတော့ ကျနော် ကွန်းခိုရမယ့် တက္ကသိုလ်ကြီးကို မိတ် ဆက်ခွင့်ရခဲ့တဲ့ ကျနော်ဆိုတဲ့ အူတူတူ အတတ တယောက်ရဲ့ အခြေအနေပေါ့။
(၂)
တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) တက်တော့ ငါ စစ်တက္ကသိုလ်တက်ရမယ်ဆိုတဲ့ စိတ်နဲ့ရူးနေခဲ့တာပေါ့။ မှတ်မိပါသေးတယ် ကျနော့်တိုလီထွာလီလေးတွေ ထည့်ဖို့ အမေဝယ်ပေးထားတဲ့ သေတ္တာလေးပေါ်မှာရေးထား တာ ဗိုလ်လောင်းထက်မြက်ရဲရင့်၊ ဗိုလ်လောင်းအမှတ်----------------- ဆိုပြီးပေါ့။ ကျနော်တို့ခေတ်မှာ Pen Friend ဆိုတာကလည်း ခေတ်စားတော့ ဗိုလ်လောင်းတက်နေတဲ့ အကိုတွေဆီကိုတောင် စာရေးသေး။ ကျနော် များ ရူးပုံပေါ့။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်းအောင်တော့ သတင်းစာက စစ်တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ အ တွက်တိုင်းမှာ သွားယူဝင်ခွင့်တွေဖြေခဲ့တာပေါ့။ မှတ်မှတ်ရရ သူငယ်ချင်းငါးယောက် အတူဖြေခဲ့ကြပေမယ့်။ ရေး
ဖြေမှာတင် ကျနော်တယောက်ပဲ အောင်မြင်ခဲ့တယ်။ အဲဒီတုန်းက သူငယ်ချင်းတွေကတော့ သူတို့သူငယ်ချင်း ကျနော့်အတွက် ဂုဏ်ယူလို့မဆုံးဘူးပေါ့။ ဟာသနှောခဲ့တဲ့ စကားလေးတွေ မှတ်မိပါသေးတယ်။ "မင်း စစ်ဗိုလ် ဖြစ်ရင် ငါတို့ကုန်သည်လုပ်မယ်" တဲ့။
          မှတ်မိသေးတယ်။ လျှောက်လွှာမှာ ပြန်တမ်းဝင်အရာရှိတဦးဦးရဲ့ ထောက်ခံချက်လိုတာကိုပေါ့။ ဒီမှာပဲ ကျနော့်မိခင်က သူ့သားကျနော့်ကို သိပ်ဖြစ်စေချင်တော့ ရင်းနှီးတဲ့ ခြေလျင်တပ်ရင်းတခုက ဒုတိယတပ်ရင်းမှူး တယောက်ကို အကူအညီတောင်းတယ်။ သူနဲ့သွားတွေ့တော့ ပျူငှါစွာပဲ ဆက်ဆံပြီး လက်မှတ်ထိုးပေးပါတယ်။ အရာရှိတယောက်လို့မပြောရဘူး လူကဲခတ်ကတော့ တော်တော်ကောင်းတယ်။ ကျနော့်ကိုသေချာကြည့်ပြီး "မင်းက ကြည်းတပ် အထူးသဖြင့် ခြေလျင်ကိုတော့ မလျှောက်နဲ့၊ မင်းပုံစံက လက်ရုံးတခုခုကို သွားသင့်တယ်။ ဖြစ်နိုင်ရင် ရေတပ်ကိုသွား။ ဘာလို့ဆို လက်ရုံးဆိုတာ ပညာဥာဏ်နဲ့ နေတာ။ ငါတို့ခြေလျင်ဆိုရင်တော့ မင်း တပ်ရင်းမှာနေရင်တောင် လယ်ထဲဆင်းနေရလိမ့်မယ်" တဲ့။ ဘာမှမသိသေးဘဲ စူးစမ်းစအရွယ်၊ နောက် ဒုတိယ တပ်ရင်းမှူးတယောက်ရဲ့ မှတ်ချက်လည်းဖြစ်တော့ ရူးသွပ်တာပေါ့။ လျှောက်လွှာမှာတောင် ဦးစားပေး တပ်မ တော်(ကြည်း၊ ရေ၊ လေ) ဆိုတဲ့နေရာမှာ တပ်မတော်(ရေ) လို့ဖြည့်လိုက်တယ်။
          ဒီမှာပဲ မိခင်ဖြစ်သူရဲ့ သားတယောက်အပေါ်ထားတဲ့ မျှော်လင့်ချက်ကို တွေ့ရတယ်။ မိခင်ဖြစ်သူက ညမှာ ကျနော့်ကို ပြောတယ် "သားရယ် ဘာလို့ ရေတပ်ကို လျှောက်တာလဲ။ သားကို အမေက ကြည်းတပ်မှာ စစ်ဗိုလ်ကြီးဖြစ်စေချင်တာ။ သတင်းတွေ တီဗွီတွေမှာတောင် ရေတပ်ကလူတွေ ဘယ်နှခါပါလို့လဲ၊ ကြည်းတပ်က ပဲအဲလိုသတင်းတွေမှာ ပါတာမလား" တဲ့လေ။ ကျနော်လည်း မိခင်ဖြစ်သူဆန္ဒကို သိတာပေါ့။ ဒါပေမယ့် မတတ် နိုင်တော့ဘူးလေ။ လျှောက်လွှာကဖြည့်ခဲ့ပြီးပြီမဟုတ်ပါလား။
          တပ်မတော်ဗိုလ်ရွေးအဖွဲ့မှာ လူတွေ့စစ်ဆေးဖို့အတွက် ကျနော်ဆက်ကြိုးစားရပြန်တယ်။ သူက အ ထွေထွေဗဟုသုတတွေ၊ ကိုယ်ကာယကြံ့ခိုင်ရေးအပိုင်းတွေကို လူတွေ့စစ်မေးတာကိုး။ နောက် Psycho  Test တွေ၊ မြေပုံဖတ်တာတွေ အရာရှိတယောက်အနေနဲ့ သိသင့်သိထိုက်တာတွေကို ပဏာမစစ်မေးတာပေါ့။ ကျန်းမာရေးအရတော့ ကိုယ်အလေးချိန်၊ အရပ်တိုင်းတာတွေ ဒါတွေပါပဲ။ ဒီအတွက်လည်း မှော်ဘီမှာရှိတဲ့ တပ်မတော်လေထီးသင်တန်းကျောင်းမှာ သွားရောက်လေ့ကျင့်ခဲ့တယ်လေ။ ဒီတော့ ဗိုလ်ရွေးက လူတွေ့စစ်မေး တဲ့ သင်ခန်းစာနဲ့ မေးခွန်းတွေဟာ ကျနော့်အတွက်တော့ လွယ်ကူသလိုပါပဲ။ ဒါပေမယ့် ဒီအတွက် လေ့ကျင့်ခဲ့ရ တာတွေပြန်စဉ်းစားလိုက်တော့လဲ မလွယ်ကူခဲ့ပါလား။
          ဒီလိုနဲ့ အဖြေကိုသိရမယ့် အချိန်တွေအတွက် အိမ်မှာနေရင်းပဲ စာဖတ်လိုက်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်နဲ့ စောင့်စားခဲ့ရင်း နေ့ရက်တွေကို ကုန်လွန်စေခဲ့ပါတယ်။ တရက်တော့ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်က တပ်ကြပ်တယောက်က အိမ်ကို စာအိတ်တခုလာပို့တယ်။ ဖွင့်ကြည့်လိုက်တဲ့အခါမှာ စစ်တက္ကသိုလ် ကိုသတင်းပို့ရမယ်လို့ ပါတယ်။ နောက်လိုအပ်တဲ့ ပစ္စည်းစာရင်းကိုလည်း သေချာရေးထားတယ်။ အဲဒီနေ့ဟာ ကျနော်သိပ်ကို ပျော်ရွှင်ခဲ့ရတဲ့ နေ့ထဲက တနေ့ပေါ့။ အော် သေချာသတိမထားလိုက်မိတာများနော် ခုမှ တက်ရ မယ့်အမှတ်စဉ်နံပါတ်ကို ကြည့်မိတယ်။ စစ်တက္ကသိုလ် အမှတ်စဉ်(၅၀) ဆိုပဲ။ ဒါဆို ရွှေရတု အမှတ်စဉ်ပေါ့။ ဦးဏှောက်နဲ့ အသိဥာဏ်မှာတော့ လောကကြီးအကြောင်းဘာမှမသိသေးပေမယ့် ငါ ဆိုတဲ့ ထင်တလုံးတွေနဲ့ မိခင်ရင်ခွင်ကို ခိုလှုံဖို့ အသင့်ဖြစ်နေကြလေရဲ့။
(၃)
          ကွေ့ကောက်တဲ့ လမ်းလေးတွေအတိုင်း တက်လာရင်း ပြင်ဦးလွင်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ စာသားတခု ကိုရေးသားထားတဲ့ ဆိုင်းဘုတ်လေးရဲ့ ညာဘက်မှာတော့ ထည်ဝါစွာ တည်ရှိနေတာက ကျနော်တို့ တချိန်မှာ ခေါ်တွင်ခဲ့တဲ့ ကျောက်တောင်ဘုရား။ ဘုရားကြီးရဲ့ နောက်မှာတော့ ကျနော်တို့ကို ပညာရည်နို့သောက်စို့ခွင်ပေး မယ့် အမိတက္ကသိုလ်ကြီး။ ကျောင်းဆောင်တွေ၊ အိပ်ဆောင်တွေကိုကြည့်ရင် ရင်သပ်ရှုမောရပါတယ်။ ကိုယ့်ကို ကိုယ်လည်းပြန်စဉ်းစားကြည့်တယ်။ ဒီလိုတက္ကသိုလ်ကြီးမှာ တက်ခွင့်ရလောက်အောင် အရည်အချင်းရှိပါ့မလား လို့ထင်ခဲ့တာ။ ခုတော့ လာမယ့် ကျောင်းဝင်ဆေးစစ်ပြီးရင် ကျနော်တို့ဟာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မှာ စစ်တက္ကသိုလ်က ထပ်မံဖွင့်လှစ်မယ့် အမှတ်စဉ်(၅၀) ရဲ့ ဗိုလ်လောင်းသင်တန်းသားတွေဖြစ်တော့မှာပါလား။ ကျောင်းကိုရောက်လာသူအသီးသီးမှာတော့ ဆေးစစ်စာမေးပွဲကျပါစေလို့ ဆုတောင်းသူအချို့နဲ့ ဆေးစစ်စာမေး ပွဲအောင်မြင်ဖို့ဆုတောင်းသူတွေ ရောနှောလို့နေပါတော့တယ်။
          ဒီနေ့ကို ဘယ်လိုမှမေ့ရမှာမဟုတ်ဘူး။ ဘာလို့ဆို ကျနော်တို့ကို ကျနော်တို့အခေါ် အောက်တပ်ရင်းမှာ (ဗိုလ်လောင်းအဆောင်အယောင် (ဒေါက်) မတင်သေးခင်မှာ ထားတဲ့နေရာပေါ့) ဆေးအောင်စာရင်းကြေငြာဖို့ တန်းစီခိုင်းထားတယ်။ နည်းပြအရာရှိတွေလည်း ကြည့်ရတာ အလုပ်ရှုပ်နေကြပုံပဲ။ နောက်တော့ နည်းပြအရာရှိ ဗိုလ်ကြီးတယောက်က "ဗိုလ်လောင်းတွေ ခုဖတ်ပြတဲ့ ဗျူဟာနံပါတ်တွေ တန်းဖြုတ်ရင်ကျန်ခဲ့ပါ" ဆိုတဲ့ တို တောင်း တိကျ ပြတ်သားလှတဲ့ အမိန့်သံပြီးတော့ ထုံးစံအတိုင်း စည်းစနစ်တကျနေဖို့၊ စည်းကမ်းမဖောက်ဖျက်ဖို့ စတာတွေကို မှာကြားပြီး တန်းဖြုတ်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ ခံစားချက်ကိုယ်စီနဲ့ ရှိနေကြမယ်ဆိုတာ မပြောဘဲသိနေကြပါတယ်။ တယောက်နဲ့ တယောက် တိုးတိတ်စွာပဲ သက်ဆိုင်ရာအဆောင်ကိုယ်စီပြန်ရင်း ကိုယ့်အဆောင်က ပြန်ပါမလာတဲ့ သူငယ်ချင်းတွေကို ရင်မောစွာစောင့်စားရင်း စကားဝိုင်းဖွဲ့နေကြလေရဲ့။
          လောကကြီးကမတရားဘူးဗျာ။ စိတ်မပါဘဲ မိဘကအတင်းတိုက်တွန်းလို့ဝင်လာတဲ့သူတွေ ဆေးကျချင် တော့အောင်လိုက်တာများ အားလုံးကင်းရှင်းပဲ။ သိပ်ကို ဖြစ်ချင်စိတ်တွေထက်သန်နေတဲ့သူတွေကတော့ မမျှော် လင့်တဲ့ ရလဒ်ကြောင့် ဝမ်းနည်းစွာနဲ့ ယောက်ျားတန်မဲ့မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ သူငယ်ချင်းတွေမျက်နှာကို ကျနော် မေ့မရခဲ့ဘူး။ မလုပ်ချင်ဘဲ ဆေးအောင်သူတွေမှာလဲ ဆေးမကျလို့ သူတို့တော့မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရတော့မယ်ဆိုတဲ့သဘောမျိုးနဲ့ သူတို့ရင်ထဲမှာလဲ သောကမီးတချို့လောင်မြိုက်နေကြတာပေါ့။ ဒီလိုအချိန် မှာ ဝမ်းသာပါတယ်ဆိုရင်တောင် သူငယ်ချင်းတွေရဲ့ စိတ်ဆင်းရဲမှုကို ဒီဂရီမတက်စေဖို့ ဝမ်းသာမှုကို ဖြေဖျောက် ထားပြီး အားပေးနှစ်သိမ့်နေကြတယ်။ ဒါဟာ မိခင်တက္ကသိုလ်ကြီးက မသိမသာသင်ပေးလိုက်တဲ့ စာနာနားလည် မှုများလားပဲ။
          ကျနော်တို့တက္ကသိုလ်ရဲ့ နေ့တွေဟာ အများတကာတက္ကသိုလ်တွေလိုတော့ ပျော်ရွှင်ဖွယ်မကောင်းဘူး။ ဒါပေမယ့် ခုလိုပြန်စဉ်းစားလိုက်တော့လဲ အမှတ်ရစရာတွေအပြည့်နဲ့။ ကျနော်တို့ သင်တန်းရဲ့ အစနေ့တွေဟာ နူးညံ့မှုမရှိခဲ့ဘူး။ စစ်တက္ကသိုလ်ဖြစ်လို့ ကိုယ်ကာယကြံ့ခိုင်မှုကို ဦးစားပေးတယ်။ တဖက်မှာလဲ အရာရှိတွေကို မွေးထုတ်ပေးတာဖြစ်ပြန်တော့ စာပေသင်ကြားရေးမှာလဲ အလေးပေးဂရုပြုပြန်တယ်။ ကျနော်တို့ရဲ့ အစနေ့ဟာ စာသင်ခန်းမှာမဟုတ်ဘဲ စစ်ရေးပြကွင်းမှာဖြစ်နေတော့တယ်။ မတူညီတဲ့ အစပြုခြင်းနဲ့ မိခင်တက္ကသိုလ်က ကျနော်တို့ကို စတင်မိတ်ဆက်လိုက်ပါတော့တယ်။ ပူပြင်းတဲ့နေရောင်ခြည်ရဲ့ အောက်မှာ ဘယ်ညာ ဘယ်ညာ နဲ့စခဲ့ရတဲ့ တက္ကသိုလ်နေ့တွေဟာ ပြောစရာတွေတပုံတပင်ထဲက တခုပေါ့။ ညဘက်မှာ စစ်ရေးပြလေ့ကျင့်ခန်း အတွက် ဖိနပ်တိုက်ကြ၊ ယူနီဖောင်းပြင်ကြနဲ့ မအားရပါဘူး။ မိခင်တက္ကသိုလ်ကြီးက သူ့ရင်ခွင်မှာနေဖို့ သူ့ဝတ်စုံ ကိုသတ်မှတ်ပေးထားတယ်လေ။ အဲဒီဝတ်စုံကို ဘာအရောင်မှမပါတဲ့ ဖြူစင်မှုနဲ့ ချစ်ခဲ့တယ်ဆိုတာ ပြောဖွယ်မလို တော့ပါဘူး။

နှောင်းလွယ်

No comments:

Post a Comment

Ads 468x60px

Featured Posts