Tuesday, June 26, 2012

ကယ်သူမဲ့နေတဲ့ ပြည်ပက ရတနာလေးများ


ပျော်ရွှင်လွတ်လပ်မှုနဲ့ အနှောင့်အဖွဲ့ကင်းတဲ့ ကလေးငယ်လေးတွေ
သူတို့ပါးစပ်ဖျားက ထွက်အံကျလာတာ
မြန်မာစကား၊ တခါတခါမှာ သူတို့ရဲ့
ချစ်စဖွယ် တိုင်းရင်းသား ဘာသာစကားလေးတွေ
ဒါပေမယ့် သူတို့နိုင်ငံဘယ်မှာဆိုတာ၊
သူတို့လေးတွေရဲ့ မူရင်းဋ္ဌာန ဘယ်မှာဆိုတာ
ရောက်ကြဖို့အသာထား သိတောင်မသိကြဘဲ
တိုင်းတပါးမှာ မိဘတွေစီးပွါးရေးအရ ကြီးပြင်းလာကြတယ်။

ကိုယ့်နိုင်ငံမှာ မမွေးဖွား မကြီးပြင်းလို့
နိုင်ငံသားမဖြစ်ကြသလို
မွေးဖွားကြီးပြင်းလာရတဲ့ နိုင်ငံမှာလဲ
သူတို့ကို အသိအမှတ်မပြုကြဘူး
ဒါပေမယ့် သူတို့လေးတွေ နှုတ်ဖျားကတော့
မြန်မာနိုင်ငံသားတဲ့။

နိုင်ငံတွင်းက ကလေးတွေပဲ အရေးကြီးသလား
အဝေးရောက်နေတဲ့သူတို့လေးတွေမှာက
ရင်တွင်းဒဏ်ရာနဲ့ပါ
တပိုင်တနိုင်တည်ထောင်ထားကြတဲ့
ကျောင်းလေးတွေမှာ သင်ကြားနေကြတယ်
နိုင်ငံတကာ အလှူရှင်ရမှ သူတို့အတွက်ပိုအလားအလာ ကောင်းသတဲ့
မရှိချိန်မှာ မရှိသလိုသင်ကြားရတော့
စေတနာ့ဆရာဆိုတာလည်း မလုံလောက်ရှာဘူး။

သတင်းစာထဲမှာတော့ သူဋ္ဌေးကြီးတွေ လှူနေကြလေရဲ့
ဒီအလှူတွေမှာ ဂုဏ်တွေပါနေတယ်
တိုင်းတပါးရောက်နေတဲ့ ကလေးတွေအတွက်တော့
သိပ်ကိုမျှော်လင့်နေရတုန်းပဲ
စာသင်ပေးနိုင်ဖို့ကို ထမင်းပါကျွေးတယ်
ဒီလိုနဲ့ သူတို့အတွက်ပညာသင်ပေးနေတယ်
ဒီအတွက်လည်း လှူပေးကြပါဦး သူဋ္ဌေးမင်းတို့ရယ်။

နာမည်ကျော်တဲ့သူတွေနဲ့မှ
နာမည်ရမယ့်နေရာတွေမှာမှ လှူကြတော့မတဲ့လား
လှူတယ်ဆိုတာ ငွေကြေးတခုထဲကိုမဟုတ်ပါဘူး
ပညာပါ ပါတယ်
ဒီလိုနေရာအတွက် စေတနာ့ဆရာတွေလိုအပ်နေသေးတယ်။

ကိုရီးယားက ယဉ်ကျေးမှုအဖွဲ့လာမယ်တဲ့
ကလေးတွေကို သင်ကြားပေးမယ့် ယဉ်ကျေးမှုမှာ
မြန်မာ့ယဉ်ကျေးမှုကောမပါဘူးလား
ကျနော်တို့ မြန်မာတွေဘယ်ပျောက်နေကြပါသလဲ
ကိုရီးယားတိုင်းပြည်ကနေ ဒီနေရာထိလာနိုင်ပေမယ့်
ကျနော်တို့မြန်မာတွေ ချောင်းတဖက်ကို မကူးနိုင်သေးဘူး။

လူ့အဖွဲ့အစည်းတခုရဲ့ အခြေခံပင်မ
ပညာရေးကို လျစ်လျူရှုထားတတ်တဲ့ ကျနော်တို့လူမျိုးက
ကမ္ဘာမှာ မြန်မာလို့အော်မယ်တဲ့
ဘယ်လိုအော်မယ်ဆိုတာ ကျနော်စဉ်းစားလို့မရသေးဘူး
ဖွံ့ဖြိုးမှုမတူညီဘဲ ဟန်ချက်ပျက်နေတဲ့ခေတ်
ပညာရေးဆိုရင် ကျောင်းလောက်ပဲမြင်နေတတ်သေးတဲ့ အကျင့်
နိမ့်ကျနေပါသေးတယ်ဆိုရင် ပြည်ပမှာ ပညာသွားသင်တဲ့
အနည်းအကျဉ်းလောက်ကိုပဲ မြင်နေတတ်သေးတဲ့ အခြေအနေနဲ့
လူကြီးတွေကို အရင် အမြင်ကျယ်အောင် သင်ရမယ်။

အစိုးရကတော့ပြောတယ် ပြည်ပအတိုက်အခံတဲ့
ကူရာမဲ့နေတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ရတနာတွေကို
တန်ဖိုးရှိလာအောင် တန်းမြှင့်လာအောင်လုပ်နေတာ
အဲဒီအတိုက်အခံမလား
နိုင်ငံရေးမှာ မတူညီတဲ့ခံယူချက်ပေမယ့်
ဒီနေရာမှာ အတိုက်အခံကို ကျနော်လေးစားတယ်။


တချိန်က အစိုးရကပြောခဲ့တဲ့စကားလေးနားထဲကြားမိသေးတယ်
ပြည်ပသြဇာခံတဲ့
ဘယ်နေရာမှာ သြဇာခံတယ်တော့မသိဘူး
သေချာတာကတော့ ဒီလူတွေသြဇာခံလို့
မျိုးဆက်သစ်လေးတွေ အသိပညာပွင့်လာရတယ်ဆိုတာပဲ။
မိုးထက်မြင့်(တောင်ပေါ်မြေ)
ဂျွန် ၂၆၊ ၂၀၁၂။

No comments:

Post a Comment

Ads 468x60px

Featured Posts