Sunday, February 12, 2012

တပ်မတော်သားများအား ဗိုလ် သာဖြစ်စေလို

    ကျနော်ဒီလိုပြောလိုက်တော့ စာဖတ်ပရိတ်သတ်များနဲ့ တပ်မတော်သားညီအကိုများ အံ့သြသွားမည်မှာ မလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်။ ဘယ့်နှယ့် တပ်မတော်တရပ်လုံးက အဆင့်အတန်းအားလုံးက တန်းတူ ဗိုလ် အ ဆင့်ဖြစ်စေလိုဆိုတော့ စာရေးသူ ကျနော်များ ရူးနေပြီလားလို့လဲ တွေးကောင်းတွေးကြပါလိမ့်မည်။ ကျနော်ပြော သော ဗိုလ် ဆိုသည်မှာ နိုင်ငံတကာ ကာကွယ်ရေးတပ်များတွင် အသုံးပြုသော ရာထူးအဆင့်အတန်း ဗိုလ် ကို ဆိုလိုခြင်းမဟုတ်ပါ။ မြန်မာစာ အဘိဓါန်တွင် ဖော်ပြထားသော ဗိုလ် အဓိပ္ပါယ်ဖွင့်ဆိုချက်မှ အမှတ်စဉ်(၃)တွင် ဖွင့်ဆိုထားသော အများတွင် သာလွန်ထက်မြက်သူဟု ဆိုထားသော ဗိုလ် ကိုဆိုလိုခြင်းဖြစ်ပါသည်။

    မိမိတို့ တပ်မတော်တွင်ဖြစ်ပေါ်နေသော တပ်တွင်းခံစားချက်များနှင့် အထက်အောက်ဖိနှိပ်ညှဉ်းပန်းမှု များ၊ ပြည်သူလူထုအပေါ်တွင် မတရားညှဉ်းပန်းနှိပ်စက်မှုများနှင့် နိုင်ငံရေးသဘောတရားများနားလည်စေရန်၊ ဒီမိုကရေစီအပေါ်သက်ဝင်ယုံကြည်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုမူကို နားလည်ရန်အတွက် ဗိုလ် ဟုအဓိပ္ပါယ် ရသော အများတွင် သာလွန်ထက်မြက်သူများ ဖြစ်ရန်လိုအပ်ပေသည်။ သို့မှသာ အာဏာရအစိုးရအပေါင်းတို့၏ လက်ကိုင်ဒုတ်မဖြစ်မည်ဖြစ်သကဲ့သို့ ဒီမိုကရေစီ၊ ပြည်ထောင်စုနှင့် ပြည်သူကိုအမှန်တကယ်ကာကွယ်သော တပ်မတော်တရပ်ဖြစ်ပေါ်လာမည်ဖြစ်ပေသည်။
    ယနေ့ တပ်မတော်သားအများစုတွင် အောက်ခြေအဆင့်တွင်ပြန်ကြည့်ပါက တပ်မတော်တွင် တာဝန် ထမ်းဆောင်လာသူများသည် အတင်းအဓမ္မ သွတ်သွင်းမှုများကြောင့်သော်လည်းကောင်း၊ မက်လုံးပေးစွဲစောင်မှု များကြောင့်သော်လည်းကောင်း၊ ဖိအားပေးသွတ်သွင်းမှုများကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသူများသာ အင်အား များပြားနေပါသည်။ ထို့ပြင် တပ်တွင်းအခြေအနေ အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း စစ်ပြေးမှုများဖြစ်ပြီး အင်အားပြုန်းတီးနေခြင်း၊ တပ်မတော်၏ ထိပ်ပိုင်းလူတစုမှ နိုင်ငံရေးအာဏာအပေါ် အစဉ်အဆက်ရယူထားပြီး နိုင်ငံတော်ကို မိမိပိုင်လုပ်၊ နိုင်ငံတော်တပ်မတော်ကို မိမိပိုင် တပ်လုပ်ကာ ပြည်သူလူထုအပေါင်းနှင့်တကွ နိုင်ငံတော်အပေါ်သစ္စာဖောက်ပြီး လုပ်ချင်ရာလုပ်မှုတို့ကြောင့် ပြည်သူလူထုမှ တပ်မတော်အပေါ်အမြင်မကြည်ဖြစ်ပေါ်လာပြီး ယင်းဖြစ်ပေါ်လာသည့် ခံစားချက်၏ရောင်ပြန် ဟပ်ဆက်ဆံမှုများကြောင့် မျှော်လင့်သလို ပြည်သူချစ်တဲ့တပ်မတော်မှ ပြည်သူချဉ်သောတပ်မတော် ဖြစ်လာမှု တို့ကြောင့်သော်လည်းကောင်း တပ်မတော်တွင်းမှ အကြောင်းအမျိုးမျိုးပြကာ ထွက်နေသူများ၊ စစ်ပြေးဖြစ်သူ များဖြင့် တပ်မတော်အင်အားဆုံးရှုံးနေသည်မှာလည်း တပ်မတော်သားများနှင့်တကွ ပြည်သူလူထုတရပ်လုံးမှ အသိဖြစ်ပေသည်။
    အများတကာထက်သာလွန်သူတွေဖြစ်ဖို့ ကျနော်တို့တပ်မတော်ကို ပြုပြင်ရန်အတွက် အသိဥာဏ်ပညာ မြင့်မားသောတပ်မတော်ဖြစ်ရန်အားထုတ်ကြိုးပမ်းရမည်ဖြစ်ပေသည်။ ထိုနည်းတူစွာ လက်ရှိတပ်မတော်တွင် ကျင့်သုံးနေသော မှားယွင်းသည့် နည်းဥပဒေများနှင့် အယူအဆစွဲများကိုလည်း ဖျောက်ဖျက်ပစ်ကြရပေမည်။ ဆရာတယောက်ကပြောပြဖူးသည်။ ယင်းဆရာ၏တူလေးတယောက်သည် တပ်မတော်တွင် ဗိုလ်ကြီး အဆင့် ဖြင့်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယင်းနောင်တော်ဗိုလ်ကြီး ဆရာ့တူလေးမှာ ဖူးစာကံအရ NLD ပါတီဝင် လူကြီးတယောက်၏ သမီးနှင့် ထိမ်းမြားမင်္ဂလာပြုသောအခါ တပ်မတော်မှ အနားပေးခြင်းခံလိုက်ရသည်တဲ့။ ယင်းသည် ကျင့်သုံးမှုမှားယွင်းနေသော နည်းဥပဒေကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းနောင်တော်ကဲ့သို့ အဖြစ်အ ပျက်များ တပ်မတော်သားတိုင်း နီးစပ်ရာကြုံတွေ့ဖူးမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
    နိုင်ငံသူ နိုင်ငံသားများ၊ ဒီမိုကရေစီအကျိုးစီးပွါးနှင့် ပြည်ထောင်စုအပေါ်တွင် အမှန်တကယ်စောင့်ထိန်း ကာကွယ်မည့် တပ်မတော်သားများသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သည့် ဥာဏ်ပညာဖြင့် ပြည့်ဝရန် အထူးလိုအပ်သောအချိန်ကာလဖြစ်ပေသည်။ ထိုသို့ဖြစ်စေရန်မှာလဲ တပ်မတော်သားများကိုယ်တိုင်သော်လည်း ကောင်း၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့်လည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်များ၏ တိုင်းပြည် အနာဂတ်အတွက် ထားရှိသည့်စေတနာများဖြင့် ပေါင်းစည်းဆောင်ရွက်ရပေမည်။ နိုင်ငံရေးခေါင်းဆောင်များ၏ ဥပဒေပြုရေးအစီအစဉ်များဖြင့် တပ်မတော်သားတို့၏ အကျိုးစီးပွါးရပိုင်ခွင့်များကို အမှန်တကယ်ပြဋ္ဌာန်းကျင့်သုံး ပေးသကဲ့သို့ တပ်မတော်သားများနှင့် ပြည်သူလူထုမှလဲ လိုက်ပါဆောင်ရွက်ရပေမည်။ အဘယ်ကြောင့် ပြည်သူ လူထုမှ လိုက်ပါဆောင်ရွက်ရန်လိုသနည်း။ တပ်မတော်တိုးတက်ရေးအတွက်ပဲ တပ်မတော်သားတွေလုပ်ပေါ့ ဥပဒေပြဋ္ဌာန်းရေးအကောင်အထည်ဖော်ရေးအတွက် အစိုးရဖြစ်လာမည့် နိုင်ငံရေးခေါင်းဆောင်တွေပါတာတော့ ထားပါတော့ဟု မေးဖွယ်ရာရှိသည်။ အဘယ်ကြောင့် ပြည်သူလူထုပါ ပါဝင်ရသနည်းဆိုလျှင်ဖြင့် မိမိတို့ တပ်မ တော်သားများသည် ပြည်သူမှမွေး ပြည်သူမှကျွေးပြီး အချိန်တန် တာဝန်ထမ်းပြီးသောအခါ ပြည်သူ့ထံသို့သာ ပြန်လည်သွားကြရမည့် ပြည်သူလူထုမှပေါက်ဖွားလာသော တပ်မတော်သားများ ဖြစ်သောကြောင့်ပင်တည်း။
    တပ်မတော်သားများအနေဖြင့် အဆင့်လိုက်မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည်များမှာလဲ များပြား လှသော လုပ်ငန်းတာဝန်များဖြစ်ပေသည်။ အထက်အဆင့်မှပေးအပ်သော တာဝန်များကို အောက်ခြေအဆင့် များမှ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများကိုတင်ပြလာပါက အထက်အ ဆင့်လိုက်မှ တာဝန်ယူဖြေရှင်းပေးရန်လဲလိုအပ်ပါသည်။ ထိုသို့တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ပါက အစိုးရအဖွဲ့ ထံသို့ တင်ပြတောင်းခံရမည်ဖြစ်သည်။ ထို့ပြင် တပ်မတော်တွင်း ရာထူးတိုးရေး နေရာချထားရေးများတွင်လဲ မှန်ကန်သည့် စည်းမျဉ်းဥပဒေတရပ် ပြဋ္ဌာန်းရန်လိုအပ်ပေသည်။ မိမိအနေဖြင့်ပြောရလျှင်မူ အရည်အချင်းရှိက သာမာန်ရဲဘော်သည်လဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်ရမည်။ ထိုနည်းတူစွာ သမ္မတလည်း ဖြစ်ပိုင် ခွင့်ရှိသည်။ ယင်းအချက်သည် မိမိလက်ခံထားသော လူ့အခွင့်အရေးပင်ဖြစ်သည်။ သို့သော် ယနေ့တပ်မတော် တွင် မည်သည့်ကျောင်းဆင်းမှ မည်သည့် လက်ရုံးတပ်ဖွဲ့မှ မည်သည့်ဘွဲ့များရထားမှ စသဖြင့် မှားယွင်းသော သတ်မှတ်ပြဋ္ဌာန်းမှုများအားလည်း အချိန်မှီပြင်ဆင်သင့်လှပါသည်။ သို့မှသာ အမှန်တကယ် ဗိုလ် များဖြင့် ဖွဲ့ စည်းထားသော တပ်မတော်တရပ်ဖြစ်လာပြီး ကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာရပ်တည်နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူမှလဲ လေးစားမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ တပ်မတော်သားများမှလဲ တပ်နေပျော်လာမည်ဖြစ်ပေ သည်။
    ပြီးခဲ့သည့်ရက်များတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မိန့်ခွန်းတွင်လည်း ဝန်ထမ်းများ လစာတိုးမြှင့်ရေး လုပ်ငန်းခွင်ပျော်ရွှင်စေရေး တပ်မတော်သားများအနေဖြင့်လည်း တပ်နေပျော်ရေး စသည်များ ကိုထည့်သွင်းပြောကြားသွားသည်ကို နားထောင်လိုက်ရပါသည်။ တပ်မတော်သားများအနေဖြင့် တပ်နေပျော် ရေးသည် လစာတိုးမြှင့်ပေးရုံဖြင့်ရမည်မဟုတ်ပါ။ တပ်တွင်းဖြစ်ပေါ်နေသည့် မတရားမှုများအတွက် အထက် အောက် အခိုင်အမာ ဥပဒေပြဋ္ဌာန်းမှု၊ တပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်မှုများတွင် မှန်ကန်သောစနစ်ဖြစ်ပေါ်စေ ရေး၊ လူသားတယောက်၏မူလလွတ်လပ်ခွင့်ဖြစ်သော ဘဝမျှော်လင့်ချက်ပေးနိုင်မည့် စနစ်မှန်ကန်စေရေး စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားပေးမှသာလျှင် တပ်နေပျော်ရေးစီမံချက်မှာအကောင်အထည်ဖော်နိုင်ပေ လိမ့်မည်။
    အခြေအနေအကြောင်းကြောင်းကြောင့် မိမိတို့ကဲ့သို့ စစ်တက္ကသိုလ်တက်ခွင့်မရလိုက်သူများသည် ရဲဘော်ဘဝသို့ဝင်ပြီး ဗိုလ်သင်တန်းတက်ဖြေကာ အရာရှိဖြစ်ခဲ့သူများ မိမိတို့ဝါသနာပါရာအလိုက် တပ်မတော် နည်းပညာတက္ကသိုလ် တပ်မတော်ဆေးတက္ကသိုလ် တပ်မတော်သူနာပြုတက္ကသိုလ် စသဖြင့် တပ်မတော်စစ် ကျောင်းအသီးသီးတို့တွင်တက်ရောက်လာခဲ့သည့်သူများသော်လည်းကောင်း သာမန်ရဲဘော်ဘဝမှ အရည်အ ချင်းရှိသူများကိုသော်လည်းကောင်း မည်သူမဆို ထက်သန်ရာထူးချွန်ရာတွင်ခေါင်းဆောင်ဖြစ်ပိုင်ခွင့်ရှိရပေမည်။ ထို့ပြင် အိမ်ထောင်ပြုလိုက်သည့် ဘဝကြင်ဖော် ဇနီးမယားပေါ်မူတည်ပြီး တပ်မတော်သားများအပေါ် ရာထူး စဉ်းစားသည့်ကိစ္စသည်လည်း ပြုပြင်သင့်သောကိစ္စဖြစ်ပါသည်။ သတ်မှတ်ချက်လက်မှတ်များထက် အမှန်တ ကယ်လေ့လာအကဲဖြတ်ပြီး ထူးချွန်သာလွန်သူများ အရည်အချင်းရှိသူများကို နေရာပေးရပေမည်။ လက်သင့်ရာ ရာထူးပေး၊ မှားယွင်းသောသတ်မှတ်ချက်များဖြင့် နေရာပေးခြင်းသည် တပ်မတော်၏ တပ်နေပျော်ရေး စီမံချက် ကိုများစွာထိခိုက်နေပေမည်။
    ထိုနည်းတူစွာ တပ်မတော်မှ အငြိမ်းစားယူသူများကို အမှန်တကယ်ပြဋ္ဌာန်းချက်များအတိုင်း ခံစားခွင့်မ ပေးနိုင်သည်နှင့် အရပ်ဘက်အရာရှိနေရာများပေးနေခြင်းသည်လည်း မှားယွင်းနေပါသည်။ အရပ်ဘက်ဝန်ထမ်း များတွင်လည်း လုပ်ငန်းအတွေ့အကြုံ အတွေးအခေါ် ပညာမြင့်မားပြီး အမှန်တကယ်အရည်အချင်းရှိသူများ ရှိ နေပါသည်။ ထိုသူတို့အတွက် ရှေ့မှ မိမိတို့ တပ်မှလာသူများကသာနေရာယူနေသဖြင့် အရပ်သားဝန်ထမ်းများ အပေါ်တွင် မတရားသဖြင့် အနိုင်ကျင့်ရာရောက်ပေသည်။ ထိုသို့တင်ပြသဖြင့် အရပ်ဘက်မပြောင်းပေးရဟု မဆိုလိုပါ။ ရာထူးကြီးသည်နှင့်အမျှ တာဝန်လည်းကြီးမားပါသည်။ သို့အတွက် လုပ်ငန်းနယ်ပယ်ကျွမ်းကျင်မှုကို ဦးစားပေးပြီး ထိုက်သင့်သည့်အရပ်ဘက်ဌာနများကိုသာ ပြောင်းလဲတာဝန်ထမ်းဆောင်စေသင့်ပါသည်။
    ထိုသို့ များပြားလှသော ပြုပြင်ပြောင်းလဲရမည့်အချက်များတွင်မှ ယခုတင်ပြပါသော အချို့အချက်များ သည်ဦးစွာပြောင်းလဲပေးနိုင်သော အခြေအနေများဖြစ်ပါသည်။ အသိပညာမြင့်မားရေး ပညာအရည်အချင်းမြင့် မားရေး ဒီမိုကရေစီအကျိုးစီးပွါးကို အမှန်တကယ်နားလည်ရေး စသည်တို့မှာကား ရေရှည်စီမံချက်များဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်ပါသည်။ သို့အတွက် ပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်နေပါသော ယနေ့ အစိုးရအဖွဲ့အနေဖြင့်သော်လည်းကောင်း တပ်မတော်တိုးတက်ရေးအတွက်လုပ်ဆောင်နေပါသော ယနေ့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကိုသော်လည်းကောင်း တပ်နေပျော်ရေးကိစ္စကို ပြောဆိုခဲ့ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးတို့အနေဖြင့် လက်ငင်းသဘော စဉ်းစားလုပ်ဆောင်နိုင်မည့် အထက်ပါအချက်များကို အပြု သဘောဆောင်ပြီး တပ်မတော်သားများအတွက်သော်လည်းကောင်း အရပ်ဘက်ဌာနဝန်ထမ်းအသီးသီးများ ကိုယ်စားသော်လည်းကောင်း မိမိလေ့လာတတ်သိသလောက်ဖြင့် အကြံပြုခြင်းနှင့်အတူ မိမိတို့တပ်မတော်သား များအား ဗိုလ် များဖြစ်ရေးစီမံချက်အား အလေးအနက်ထားစဉ်းစားပေးနိုင်ပါရန် အကြံပြုတင်ပြရင်း မိမိတို့တပ် မတော်သားများမှလည်း တပ်မတော်သားတိုင်း ဗိုလ် များဖြစ်စေရေးအတွက်အားထုတ်ကြိုးပမ်းကြပါစို့လို့ တိုက် တွန်းပြောကြားအပ်ပါသည်။

ဗိုလ်ရဲထက်။

No comments:

Post a Comment

Ads 468x60px

Featured Posts