Saturday, February 18, 2012

ကျား ကျား မီးယပ်ေ(ဖ့ဘွတ်မှ)

၁။       အမိန့်နာခံအောင် စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်ကို မင်းတို့အမိန့်ကိုစိစစ်လက်ခံပါ။ ပြည်သူ့အတွက် အကျိုးရှိမှလုပ်၊ မရှိရင်မလုပ်ရဘူး။ လုပ်ရင် ပြည်သူ့စစ်တပ် မဟုတ်ဘူး။ မချစ်တော့ဘူး မုန်းလိုက်မှာဆိုတော့ အော်၍ အော်၍သာ ငိုချင်းချလိုက်ချင်တော့သည်။ အင်း. . .ဒီမိုခေတ်ဆိုတော့ စစ်တပ်လည်း ဒီမိုတပ်ပဲ ဖြစ်ရတော့မပေါ့။

၂။       ခက်တာက တစ်ခုနှင့်တစ်ခု လားလားမှမဆိုင် ဖီလာဆန့်ကျင်ဘက်ဖြစ်နေတာပင်။ စစ်တပ်က အမိန့်နာခံမှ စစ်တိုက်လို့ရသည်။ ဒီမိုက ပြည်သူ့အတွက်အဓိက ပြည်သူ့အတွက်မဟုတ်သော အမိန့်ဟူသမျှ ဖီဆန်ကျ။ ဂွက ကျကျလှသည်။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ အဖြေကရှင်းရှင်းလေးပါ။ အစိုးရအဖွဲ့က စစ်တပ်ကို ပြည်သူ့အတွက် အကျိုးမရှိသော အမိန့်များ မထုတ်ရန်လုပ်။ထုတ်ရင် လွှတ်တော်က ဥပဒေပြု၍ ပယ်ဖျက်၊ အကျိုးရှိတာကို ဥပဒေပြု၍ အစိုးရကိုလုပ်ခိုင်း၊ မလုပ်ရင် တရားစီရင်ရေးက အရေးယူ၊ ကဲ  ဘယ်လောက်တောင် ရှင်းလိုက်တဲ့ အဖြစ်ပါလဲ။ ဒါပေမယ့် မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ဆိုသလို အထက်ကပေးလာတဲ့အမိန့်ကို မင်းတို့စိစစ်ပြီးမှ လုပ်ဆိုတော့ (နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျား) ခတောင်းကျိုက်ကတခြား ဟိုဟာကတခြားဖြစ်နေတော့သည်။

၃။       အမိန့်ကို စိစစ်နာခံရမည်ဆိုသူများအတွက် ကျွန်တော်လည်း မေးခွန်းလေးတွေနဲနဲမေးချင်ပါသည်။ ခင်ဗျားတို့ကော ဘာအလုပ်လုပ်ပါသလဲ? ခင်ဗျားတို့အလုပ်ထဲမှာ ခင်ဗျားရလာတဲ့ အမိန့်တွေကကော အမြဲတမ်း အမှားနဲ့အမှန်၊ အဖြူနဲ့အမည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကွဲပြားပါသလား။ ခင်ဗျားက အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ ဒါမှမဟုတ် အခြားနေ့စားဝန်ထမ်း. . .(တစ်ခုခုပေါ့လေ)များဖြစ်ရင် ခင်ဗျားအထက် မန်နေဂျာ၊ ပိုင်ရှင်ရဲ့ ဒါလုပ်ပါလို့ပြောလာတဲ့ အမိန့်ကို အမြဲစိစစ် နာခံပါသလား။ခင်ဗျားသဘောနဲ့ မကိုက်ညီရင်ကော အမြဲမလုပ်ဘဲနေပါသလား။ အဲသလို နေရင်ကော ခင်ဗျား ဘာဖြစ်မယ်ထင်ပါသလဲ။ မလုပ်ဘဲနေတဲ့ သူတွေကကော သင့်ပတ်ဝန်းကျင်မှာ လူနည်းစုလား လူများစုလား ။ ဒါမှမဟုတ် ခင်ဗျားက ကိုယ်ပိုင်အလုပ်လုပ်ခဲ့ ရင် ခင်ဗျားလုပ်ငန်းရဲ့ (Main Customer, Main Supplier)တွေနဲ့ ဆက်ဆံတဲ့အခါ ခင်ဗျားဘယ်တော့မှ သည်းမခံဘဲ ခင်ဗျားမှန်တယ်ထင်တဲ့အတိုင်း ချက်ချင်းတုံ့ပြန်တတ်ပါသလား။ ထားပါတော့လေ. . . ကျွန်တော်ပြော ချင်တာ ပြင်ပလောကမှာကော ခင်ဗျားတို့အထက်ကရလာတဲ့ အမိန့်တွေကို မှန်တယ်ထင်မှ လုပ်လို့ရသလားလို့ပါ။ ဒါဒီလောက် မလွယ်ကူပါ။ အရပ်သားအတွက်တောင် မလွယ်ရင် စစ်သားအတွက်ကတော့ ပြောစရာကိုမရှိပါ။ ဒါကိုပဲ ခင်ဗျားတို့က အမိန့်ဟူသမျှစိစစ်ကျ လုပ်နေတော့. . . အဖြစ်က ဂျာအေးသူ့အမေရိုက် မုံ့လုံးစက္ကူကပ်နေ ပါသည်။

၎။       Post တစ်ခုမှာတော့ တွေ့လိုက်ရပါသည်။ စစ်တပ်က ပြည်ချစ်သားဆိုရင်တော့ တံချူတောင်မလိုပါ ဆိုလား. . .ဘာလား။ အာရပ်နွေဦးကိုလဲ ရင်ခုန်နေပုံရပါသည်။ ကျေးဇူးတင်ပါသည်။ အာရပ်နွေဦးလည်း မလိုချင်ပါ။ အခုထိ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား . .သေနတ်သံများ မစဲသေးပါ။ဆီးရီးယားကတော့ ပြည်တွင်းစစ်နှုတ်ခမ်းလှမ်းနေပါပြီ။ 21 ရာစုမှာ စစ်ပွဲတွေမရှိတော့ပါ။ စီးပွားရေးအရ၊ နိုင်ငံရေးအရသာ တိုက်တော့မည်လို့လဲ ပါပါသေးသည်။  အာဖဂန်. . .နေတိုး၊ အီရန်. . .ဟောမုဇ် ရေလက်ကြား၊ ဖီလစ်ပိုင်က အမေရိကန်နဲ့တရုတ် စစ်သင်္ဘောများ၊ ပါကစ္စတန်၊ ဆိုမာလီ ၊ နောက်ဆုံး ဖောက်ကလန်. . .အာဂျင်တီးနား . . ထားပါတော့လေ၊ စစ်ဆိုတာ နိုင်ငံရေးရဲ့ နောက်ဆုံးနည်းလမ်းလို့ အဓိပ္ပာယ်ဖွင့်ပြခဲ့တဲ့ လစ်ဒယ်ဟတ်နှင့် ကလော့ဝစ်ဇ်တို့ မြန်မာပြည်လာပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ကောင်းပါပြီ။

၅။       တစ်ခါတလေ စိတ်ပေါက်ပေါက်နဲ့ ပြည်တွင်းစစ် အခုရပ်ဆိုသူများ. ..သွားညှိကြရော့လဟယ်. . ဟုဆိုကာ တောထဲ လေထီးနှင့်ချပေးလိုက်ချင်ပါသည်။ တောခိုကျောင်းသားဟောင်းများနှင့် အလင်းဝင်တွေက ဒီလောက် စိတ်မညစ်ရ။ သူတို့သိသည်။ အနှစ် ၆၀ ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်အလုံးစုံရပ်ဖို့ အချိန်ပေးရမည်ဖြစ်ကြောင်း၊ နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရမည်ဖြစ်ကြောင်း တောတွင်းကတိုင်းရင်းသား လက်နက်ကိုင်တွေကို မြို့ပေါ်မှာ ဥပဒေနှင့်အညီ နေတတ်အောင် အချိန်ပေးရမည်ဖြစ်ကြောင်း. .စသည်. .စသည်။ငြိမ်းချမ်းရေးယူကာစက မြို့ပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကြောက်လန့်ခဲ့ရတဲ့ အချိန်ကာလကိုမှတ်မိဦးမယ် ထင်ပါသည်။ ခက်တာက တောဆိုလို့ ရန်ကင်းတောင်ခြေနားက ထန်းတောသာ ရောက်ဖူးသည့် မြို့ပေါ်ကလူတွေပင်။အခုရပ် အခုချက်ချင်းရပ်ပဲ လုပ်နေသည်။ နေရပ်လိပ်စာကြည့်တော့ စင်္ကာပူ. . .အမေရိကား. . ။ ဘောက်မဲ့ကြောင့်. .ဒီလောက် ဘုကျနေ ရတာလဲ. . . ဘွေးတုတ်ရဲ့ဟုသာ အကြိမ်ကြိမ် ရေရွတ်မိတော့သည်။

၆။       ကိုယ်ရွေးတဲ့လမ်း ကိုယ်လှမ်းရတာမို့ ၀မ်းမနည်းစတမ်းဟု အကြံပြုသူတွေကလည်းတစ်ပုံတပင်။ ကျွန်တော်ဆိုခဲ့ပြီးပါပြီ။ ကျွန်တော်တင်ပြလိုတာ ကန့်လန့်ကာနောက်ကွယ်က တပ်မတော်သားတို့ရဲ့ဘ၀ အစစ်အမှန်။ အသနားခံတာမပါ။ နောင်တရတာလည်းမပါ။ စိတ်ညစ်တယ်လို့လည်း မပြောမိ။ စစ်သားကကျန်တဲ့ သူတွေထက် ကိုယ်ကျိုးစွန့်တယ်လို့လဲ တစ်ခါမှမဆို။ တိုင်းပြည်ကြီးကို ငါတို့ကယ်တင်နေတယ်လို့ တစ်ခါမှမရေးမိ။ ကျွန်တော်မပြောတာကို ပြောသလိုလို ဘာလိုလိုနဲ့. . ။ သွေးခွဲ နေပါတယ်ဟု စွပ်စွဲနေတဲ့သူကလည်းရှိသေး။ ကြာတော့ (Agreed to disagreed)ဟုဆိုပေမယ့် ဘေးက မှတ်ချက်။ သေဟဲ့နန္ဒိယဟု ရိုက်ထည့်ရုံသာ ကျန်တော့သည်။

၇။       ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ရှင်းခဲ့ပြီးပါပြီ။ စစ်တပ်ဆိုတာ အမိန့်နာခံရသည်။ အထက်ကအမိန့် ကို တလွဲမပေးအောင် ၊ ပေးလို့မရအောင် နိုင်ငံရေးစနစ်ကို သေချာစွာ ထိန်းချုပ်ဖို့သာ လိုပါသည်။ ဥပမာ ဥပမေယျများဖြင့်လည်း ရေးသားခဲ့သည်။ သို့ပေသော်လည်း ဒါကိုမှ လက်မခံနိုင် စစ်တပ်ကကောင်တွေ အားလုံးအတူတူပဲ။ အမိန့်ကို စိစစ်လက်ခံ။ ပြည်သူ့အတွက် အကျိုးမရှိရင်လက်မခံနဲ့။ လက်ခံရင် ပြည်ချစ်သားမဟုတ် စသဖြင့် ဒုံးပေကတ်သတ် ပြောနေသူများအတွက် အများကြားဖူးနေကြ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြချင်ပါသည်။ “ ဆေးဆရာက လူနာအိမ်ရောက်သည်နှင့် လူနာကို သေချာစွာ မကြည့်ဘဲ တစ်ကိုယ်လုံး စောင်ခြုံထားသောလူနာကို ရောဂါနာမည်တပ်ပေးလိုက်သည်. . .မီးယပ်ရောဂါကွ. .။ ဘေးကတစ်ယောက်က ၀င်ပြောပါသည်. . . ။ ဆရာ လူနာက ယောက်ျားကြီးဆရာ . . .။ ဆေးဆရာက ဒေါပွသွားပြီး ပြန်ပြောပါသည်. . .။ ကျား .  .  ကျား .  . မီးယပ်ပဲကွာ။”  အဲသလိုဆိုရင်တော့ အားလုံး ခက်ကုန်ကြပါလိမ့်မည်။

No comments:

Post a Comment

Ads 468x60px

Featured Posts