Sunday, February 5, 2012

ချက်ဗလက် နေဗီ

ကျနော်ပြောချင်တာ “တိန်၊ ရေ၊ လေ၊ ဂွေ”..အကြောင်း။
“ဆီ၊ ရေ၊ လေ၊ ဝိုင်”... မဟုတ်ပါ။
ဒုတိယကမ္ဘာစစ်ကျန် ချက်ဗလက်ကားကြီးတွေ စီးရတိုင်း ဒက်စ်ဘုတ်ပေါ်မှာ “သတိ- ဆီ၊ ရေ၊ လေ၊ ဝိုင်” ဆိုတဲ့ စာလုံးတွေရေးထားတာကို အထင်းသား သတိထားမိပါရဲ့။
ကျနော်ကိုယ်တိုင် ကားအကြောင်းဘာမှနားမလည်ပါ။ သို့ပေမဲ့ အစ်မကြီးရဲ့အမျိုးသား ကျနော့်ယောက်ဖတော် ဟာ ကားစက်ပြင်ဆရာဖြစ်တာကြောင့် သူ့ကိုမေးကြည့်ရင်း ကားတစီးရဲ့အင်ဂျင် ကောင်းမွန်စွာလည်ပတ် မောင်းနှင်နိုင်ဖို့ ဆီ၊ ရေ၊ လေ၊ ဝိုင် လေးမျိုးအရေးပါပုံကို သဘောလောက်နားလည်ခဲ့ မိပါတယ်။ ဒါကြောင့်မို့ လည်း ကားသမား တွေ ပြောလေ့ရှိတာ “ကားမောင်းပြီး ဆီပျောက်မီးပျောက်လေးမှ နားမလည်ဘူးလား” တဲ့။

ဒါကတော့ ကားနဲ့ပတ်သက်တဲ့ ကားအကြောင်းပေါ့လေ။
ကျနော်ရေတပ်ထဲမှာ အမှုထမ်းတဲ့အခါ  မကြာခဏ ကြားကြားနေရတဲ့ စကားသုံးတခုက “တိန်၊ ရေ၊ လေ၊ ဂွေ” တဲ့။ အစပိုင်းမှာတော့ ဘာကိုရည်ညွှန်းပြောဆိုမှန်း မသိပါဘူးဗျာ။ စိတ်ထဲမှာတော့ တွေးမိသား..။
ဒီ “တိန်၊ ရေ၊ လေ၊ ဂွေ” မပါရင် ရေတပ်ဆိုတဲ့ ယန္တရားကြီး လည်ပတ်လို့ မရနိုင်လောက်အောင် အရေးပါနေ လို့လားပေါ့။
အမှန်တကယ်က ဒီလိုဗျ။ ရေတပ်မှာ ကျွမ်းကျင်မှုလုပ်ငန်းတာဝန်အလိုက် ပညာသည်အမျိုးအစားပေါင်း ၅၀ ကျော် ရှိတယ်လေ။ အဲဒီအထဲမှာ စောစောကပြောတဲ့ “တိန်၊ ရေ၊ လေ၊ ဂွေ” ပညာသည်အုပ်စုလေးမျိုးရဲ့ လုပ်ငန်းခွင်သဘာဝအရ ကျန်တဲ့အုပ်စုဝင် စစ်သည်တွေနဲ့ ဆက်စပ်ပတ်သက်မှုရှိ နေတာကိုး။ အဲဒီလိုအခါမျိုးမှာ မကောင်း သတင်းမွှေးသူတချို့ရှိခဲ့လို့သာ ခုလိုစာချိုးလေး အသုံးတွင်ကျယ်လာတာ ဖြစ်ပုံရပါတယ်။ ဘယ်ပုံဘယ်နည်း ဆက်စပ်နေလဲ စတိသဘော လောက်တော့ ပြောပြလိုက်အုံးမယ်။
............................................................................................................................................
‘တိန်’ ဆိုတာ ဖောင်တိန်ကို ပြောတာပါ။ ဖောင်တိန်(ယခုတော့ ဘောပင်) ကိုအမှီပြုပြီး လုပ်ကိုင်ရတဲ့ ရုံးသမား စာရေးစာချီတွေကို ရည်ညွှန်းဆိုလိုတာဖြစ်တယ်ခင်ဗျ။ အုပ်ချုပ်မှုအတတ်ပညာသည်(အခမ) လို့ခေါ်ပါတယ်။ သူတို့ဟာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ရုံးပိုင်းဆိုင်ရာ အုပ်ချုပ်မှု ကိစ္စအဝဝကို စီမံဆောင်ရွက်ရတဲ့နည်းတူ အရာရှိ/ စစ်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ ရပိုင်ခွင့်တွေကိုလည်း ဆောင်ရွက်ပေးရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ စေတနာထားမှုအလျောက် အရာရှိ/စစ်သည်များရဲ့ အကျိုးခံစားခွင့်တွေ လွယ်လင့်တကူ ရရှိခံစားနိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ရ၊ အဆင်မပြေ စိတ်ကသိကအောက်ဖြစ်ရ စသဖြင့် မျိုးစုံကြုံရတတ်ပါတယ်။ ဒါကြောင့်မို့ သတိထားစရာ အုပ်စုလေးခုမှာ ထိပ်ဆုံးကနေရာရထားတာ ဖြစ်ပုံရပါတယ်။ ပြီးတော့ ပြဿနာ တခုခု ဖြစ်ပြီ ဆိုရင်လည်း စာစီစာကုံး၊အက်ဆေး အရေးကောင်းတဲ့ အခမ ဆရာကြီးတွေရဲ့လက်စွမ်းကို သိမြင် ထားကြပုံ လည်းရတယ်ဗျ။ ဒီကြားထဲ ဖောင်တိန်အချင်းချင်းတောင် ဇာတ်တူသားစားတဲ့သူတချို့လည်း ကြုံဖူးပါရဲ့။
ကြည်းတပ်မှာဆို ဇာတ်လမ်းတွေ ကြားရတတ်ပါတယ်။ ရှေ့တန်းမှာ ခင်ပွန်းသည် တိုက်ပွဲကျဆုံးသွားတဲ့အခါ ငယ်ရွယ်နုပျိုချောမောလှတဲ့ ဇနီးသည်လေးတွေ လူပုံအလယ်မျက်စိသူငယ်နားသူငယ်နဲ့ အရွယ်မတိုင်မီ မုဆိုးမ  ဖြစ်ရရှာတယ်။ ခင်ပွန်းသည်မရှိတဲ့နောက် ရင်မချိတောက်လောင်ခံစားနေရတဲ့ သောကပရိဒေဝမီးတွေကြားမှာပဲ မိမိဘဝနောင်ရေးအတွက် အိမ်ထောင်စုဝင် အငြိမ်းစားလစာကိစ္စ ဆောင်ရွက်ဖို့ မှတ်တမ်းရုံးကို ရောက်လာကြ ရတယ်။ အဲဒီမှာ သက်ဆိုင်ရာ တပ်စာရင်းကိုင် လူပျိုဟိုင်းစာရေးကြီးက စေတနာတွေဗလပွနဲ့ တရုံးဝင်တရုံး ရောက် ကူညီဆောင်ရွက်ပေးရင်း နှဖူးစာရွာတွေ့သွားတဲ့ အဖြစ်လေးတွေပါ။ ဒီလိုနည်းနဲ့လည်း ရုံးစာရေးကြီး တွေ အစွံထုတ်တတ်ကြတယ်။ ဒါကတော့ မင်္ဂလာသတင်းပေါ့လေ။
ကျနော်တို့တပ်ထဲရောက်စက အမျိုးမျိုး ကြိမ်းမောင်းခြောက်လှန့် အာဏာပြခဲ့တဲ့ အရာခံဗိုလ်ကြီးတဦး ကျနော် မှတ်တမ်းရုံးမှာရှိနေစဉ် တပ်ထွက်ကိစ္စလုပ်ဖို့ ငိုက်စိုက်ငိုက်စိုက်နဲ့ ရုံးကိုရောက်လာတယ်။ သူ့ပုံစံကြည့်ရတာ ဟိုတုန်းကနဲ့ လုံးဝခြားနားနေပြီး ကျနော့်ကိုလည်း သူမမှတ်မိတော့ဘူးထင်ပါရဲ့။ ဆရာကြီး ဆရာကြီးနဲ့ ပါးစပ် ဖျားက မချတော့ဘူး။ မှတ်တမ်းရုံးမှာက အခမတွေပဲတာဝန်ထမ်းဆောင်ရတဲ့ နေရာပါ။ 
သြော်...ဘုံလုံတလှည့် ငါးပျံတလှည့်လောကကြီး ထဲမှာ ကျင်လည်နေရသူတွေ။
............................................................................................................................................
‘ရေ’ ဆိုတာက မိုးရေ။ ပိုးမွှားရောဂါဘယကင်းရှင်းလို့ လူ့ကိုယ်တွင်းကို ထိုးသွင်းနိုင်တဲ့ မိုးရေ။ ဆေးဆရာတွေရဲ့ လက်စွဲတော် မိုးရေ။ အရာရှိ/စစ်သည်တိုင်း သံမဏိသားတွေမဟုတ်တော့ နှာစေးချောင်းဆိုးကအစ နာမကျန်း ဖြစ်တဲ့အခါ ဆေးရုံကို သတင်းပို့ကြရစမြဲပါ။ ဆေးရုံရောက်တိုင်း အလွယ်တကူနဲ့ မလိုချင်အောင်ရတာက ဘာမီတွန်နဲ့ပါရာစီတမော ဆေးပြားလေးတွေ။ အဲဒီဆေးအမယ်တွေကို ပဋိဇီဝ ဆေးစာရင်းမှာ ထည့်ထားဖို့ ကောင်းပါတယ်။
ကျနော်ကိုယ်တွေ့ ပြောပြရရင် ၂၀၀၀ ပြည့်နှစ်က ကျနော်နေမကောင်းဖြစ်ခဲ့တယ်။ ဖြစ်ခါစမှာ နီးစပ်ရာ ဆေးဆိုင်က အနာဂျက်စင်၊ ဒီကိုဂျင် ဝယ်သောက်ပေမဲ့ မသက်သာတာမို့ သုံးရက်လောက်ကြာတော့ ရေတပ်ဆေးရုံကို ပြေးခဲ့ရတယ်။ ဆေးခန်း ကောင်တာထိုင်ခုံမှာ ခန့်ခန့်ကြီးထိုင်နေတဲ့ ဆေးအရာခံဗိုလ်ကြီးက မျက်မှန်အထူကြီး တပ်လို့။ လက်မှာလည်း ဟန်းချိန်းတွေ၊ လက်စွပ်တွေ တလက်လက်နဲ့။ လူနာတွေ တယောက်ပြီးတယောက် ကန့်လန့်ကာနောက်က အခန်းထဲခေါ်သွားတာ ပြန်ထွက်လာသူတိုင်း တင်ပါးလေး တွေ ပွတ်ပွတ်လာတာ တွေ့ရတယ်။ ကျနော့်အလှည့်ရောက်တော့ ဆေးတပ်သားက သံကုတင်ပေါ် ပက်လက်လှန်ခိုင်းပြီး သွေးခုန်နှုန်းတိုင်း၊ ကိုယ်ပူချိန်တိုင်း၊ ပြီးတော့ ဆေးတလုံးထိုးတယ်။ ပေးလိုက်တဲ့ သောက်ဆေးတွေက လက်တခုပ်စာ။
တပ်ပြန်ရောက် ဆေးမှန်မှန်သောက်ပေမဲ့ မသက်သာဘူး။ ဒီလိုနဲ့ ၁၀ ရက်လောက် ကြာသွားတယ်။ ညနေပိုင်း ရောက်ရင် ကိုယ်ပူရှိန်တက်လာပြီး ကယောင်ကတမ်း ဖြစ်လာတယ်။ ကျနော့်ကို လူနာသတင်းလာမေးတဲ့ ဦးလေးဖြစ်သူအကြံပေးတာနဲ့ သူတို့ရပ်ကွက်နားက ဆေးခန်းတခုမှာ သွားပြဖြစ်တယ်။ အဲဒီမှာ ဆရာဝန်က စမ်းသပ်ကြည့်လိုက်တဲ့အခါ အူရောင်ငန်းဖျား(တိုက်ဖွိုက်) ဖြစ်နေတာ အတော်ကြာပြီတဲ့။ သူက ရေတပ်ဆေးရုံ တက်ဖို့ လမ်းညွှန်ပါတယ်။ ဆရာဝန်ကိုယ်တိုင်က အမှတ်(၂)စစ်ဆေးရုံက ဗိုလ်မှူး။ ကျနော်ရေတပ်ဆေးရုံမှာ အခါခါပြသပြီးပါပြီ။ ဒါပေမဲ့ ဆေးမှူးနဲ့တခါမှ မတွေ့ရတဲ့အကြောင်း ပြောပြလိုက်တဲ့အခါ သူက ဒီဆေးခန်းမှာ ကုရင် ပိုက်ဆံတွေကုန်မယ်၊ မနက်ဖန် ရေတပ်ဆေးရုံကို သွားဖြစ်အောင်သွားပြီး ဆေးရုံတပ်မှူးကိုတွေ့ပါ၊ ဆေးရုံတင်ပါလိမ့်မယ်တဲ့။
နောက်နေ့ ရေတပ်ဆေးရုံကိုကျနော်ရောက်ပြီး ဆေးခန်းထဲက ခုံတန်းရှည်ပေါ်မှာ ခွေပြီးအိပ်ရင်း တပ်မှူးအလာ ကိုစောင့်နေလိုက်တယ်။ မနက် ၁၁ နာရီကျော်အထိ တပ်မှူး ရောက်မလာသေး။ လူနာတွေလည်း ပါးသွားပြီ။ အဲဒီအချိန်မှာ မျက်မှန်နဲ့ဆေးအရာခံဗိုလ်ကြီးက ကျနော့်ကိုလှမ်းမေးတယ်။
“မင်းက ဆေးခန်းထဲလာပြီး စာအုပ်မထပ်ဘဲနဲ့ ဘာလို့အိပ်နေတာလဲ” တဲ့။
ကျနော်သူ့ကို မကျေနပ်တဲ့လေသံနဲ့ ပြန်ပြောလိုက်တယ်။ စိတ်တိုတယ်ဗျာ သူကျနော့်ကိုဒုက္ခပေးထားတာ..။
“ကျနော် တပ်မှူး အလာကို စောင့်နေတာ၊ ဒီနေ့တော့ တပ်မှူးနဲ့တွေ့မှကိုဖြစ်မယ်”
“မင်းတပ်မှူးနဲ့ တွေ့ဖို့ဆိုရင်လည်း BP တော့တိုင်းထားအုံးမှပေါ့”
“အဲဒါတွေ ကျနော်မသိဘူး၊ ကျနော်နားလည်တာက ဆေးရုံစာအုပ်ထပ်လိုက်ရင် ဆေးတလုံးထိုး၊ သောက်ဆေး တွေပေးပြီး ပြန်လွှတ်လိုက်တာပဲ”
ကျနော် သူ့ဆီကိုစာအုပ်ကမ်းပေးလိုက်တော့ ဆေးတပ်သားက ကျနော့်ကို BP တိုင်းပြီး စာအုပ်ထဲမှာ To see medical officer လို့ မှတ်ချက်ရေးပေးတယ်။ နောက်နာရီဝက်လောက် အကြာ တပ်မှူးရောက်လာပြီး ကျနော့်ကို ဆေးရုံတက်ခွင့်ပြုလိုက်ပါတယ်။
အဲဒီ ရွှေမျက်မှန်ဆရာကြီး နောက်တနှစ်လောက်အကြာမှာ လေးလုံးနဲ့ နတ်ပြည်တက်သွားလေရဲ့။
............................................................................................................................................
‘လေ’...လေနတ်သားလေးတွေ ပေါ့ဗျာ။ လေထဲမှာ တိုက်အိမ်ဆောက်သူတွေ မဟုတ်ဘဲ လေလှိုင်း(အသံလှိုင်း) ကိုနဖားကြိုးထိုးပြီး လောကကိုထိန်းချုပ်လွှမ်းမိုးထားသူတွေ။ ဆက်သွယ်ရေး တပ်သားတွေလေ။ သူတို့ အလုပ် လုပ်နေတုန်း အနားမှာ ထိုင်နားထောင်နေရင် ရူးချင်စိတ်ပေါက်သွားမယ်။ အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း၊ မော်စကိုသွားမယ်၊ အမေရိကားကစောင့်နေ....စသဖြင့် စသဖြင့် သူတို့ချင်းသာ အလွယ်တကူ နားလည်နိုင်တဲ့ ဝေါဟာရတွေနဲ့ လေကြောင်း ဒီပလိုမေစီ လုပ်နေကြတာ။ ကိုယ့်အကြောင်း မကောင်းပြောနေရင်တောင် သိနိုင် ဖို့ မလွယ်ဘူး။ ကောင်းကျိုးရော ဆိုးလဒ်ပါ ပေးနိုင်သူတွေ။ တခါတလေ ရေယာဉ်ပင်လယ်ပြင်မှာ ရောက်နေ တုန်း သူတို့ကောင်းမှုကြောင့် ကျန်ခဲ့တဲ့အိမ်ရှင်မတွေ ပျော်ရွှင်ရတာမျိုးတွေ ရှိတတ်တယ်။
တချို့ဆက်သွယ်ရေး စစ်သည်တွေ တပ်ကထွက်ပြီးတဲ့အခါ တဖက်နိုင်ငံပိုင် ငါးဖမ်းလှေတွေမှာ အလုပ်လုပ်တာ ရှိပါတယ်။ သူတို့ပါတဲ့လှေကို စစ်ရေယာဉ်က ဖမ်းမိဖို့ မလွယ်ပါဘူး။ ငါးခိုးလှေတွေရဲ့ လှုပ်ရှားသွားလာမှုကို စစ်ရေယာဉ်က အမြဲထောက်လှမ်းနေသလို သူတို့ကလည်း စစ်ရေယာဉ်ရဲ့ သတင်းပို့လုပ်ဆောင်ချက်တွေကို မပြတ်ချက်နေတာ။ မြွေမြွေချင်းခြေမြင်၊ ရေတပ်က ဆက်သွယ်ရေးလိုင်းတွေကို သူတို့ကအလွတ်ရနေတာ။ အဲဒါကြောင့် စစ်ရေယာဉ်ရဲ့ ရည်မှန်းချက်နဲ့ လှုပ်ရှားမှုအခြေအနေကို ကြိုတင်ခန့်မှန်းပြီး ရှောင်နိုင်တိမ်းနိုင် နေကြတာ။
..........................................................................................................................................
နောက်ဆုံးကနေရာယူထားတဲ့ ‘ဂွေ’ ။ နောက်ဆုံးဆိုပေမဲ့ အလည်ဆုံးလို့လည်း ပြောနိုင်ပါတယ်။ သူ ‘ဂွေ’ တချက်လှည့်လိုက်ရုံနဲ့ ဘဝတွေ ကပြောင်းကပြန် ဖြစ်သွားနိုင်တာကိုး။ ဦးစီးချုပ်ဆိုတဲ့ ထိပ်ဆုံးပုဂ္ဂိုလ်ကြီးတွေ တောင် သူ့ဆီမှာ အသက်အပ်နှံပြီး သွားကြလာကြရတာလေ။ ပြီးတော့တခါ သူတို့ရဲ့ လေပေါက်ကလည်း အတော်ကြောက်စရာ ကောင်းတာ။ လူကြီးဆိုတာ သွားရင်းလာရင်း အလ္လာပသလ္လာပ စကားပြောဖော်ရှာတတ် တယ်လေ။ ဘယ်သူဖြစ်ဖြစ် ဒရိုင်ဘာဆိုတာ ယုံကြည်တဲ့သူကိုပဲ ခန့်တတ်တာဆိုတော့ ဒရိုင်ဘာပြောတဲ့စကား သူ့နားထဲကို တဝက်တော့ ရောက်တတ်တယ်။ ဒရိုင်ဘာ အလျှောက်ကောင်းလို့ မြောင်းထဲကျသွားသူတွေ၊ ငါးခြောက်ပုံပေါ်ရောက်သူတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လူကြီးကားမောင်းတဲ့ ‘ဂွေ’ ဆရာတွေကို တပ်မှူးတချို့ ပစားပေးဆက်ဆံတာ ကျနော်ကြုံတွေ့ဖူးပါတယ်။
နယ်တပ်တခုမှာ ကျနော်မော်တော်ယာဉ်တာဝန်ခံလုပ်တုန်းက လက်တွဲဖူးတဲ့ ယာဉ်မောင်းတဦး၊ ကလေးတွေ ကများ မိသားစုနဲ့ တော်တော်အဆင်မပြေရှာဘူး။ ရတဲ့ဆီကိုယ်တာလေးထဲက တပ်မှူးမရိပ်မိအောင် သူ့ကို ကျနော်ကူညီခဲ့ဖူးပါတယ်။ ကျနော် ရန်ကုန်တပ်တခုကို ရောက်တဲ့အခါ တပ်မှူးကခပ်ဆိုးဆိုး ကျနော်တို့ အခမ အုပ်စုကို ချောင်ထိုးထားတယ်။ အဲဒီအချိန်မှာ ကျနော့်သူငယ်ချင်း ယာဉ်မောင်းက ဦးစီးချုပ်အိမ်မှာ ကားမောင်း နေတဲ့အချိန်။ တနေ့ သူကျနော်တို့တပ်ကို ရောက်လာတယ်။ တပ်မှူးက သူ့ကိုပြာပြာသလဲ ခရီးဦးကြိုပြုပြီး တပ်မှူး အခန်းထဲမှာ နေရာပေးတယ်။ သူပြန်ခါနီးတော့ ကားထဲကို ဆီ ၅ ဂါလံထည့်ပေးလိုက်သေး။ တပ်မှူးအခန်းထဲက ပြန်အထွက် ကျနော်ရှိရာ အခန်းထဲကို သူဝင်လာပြီး ကျနော့်ကို နှုတ်ဆက်ရင်း “အကို ဒီမှာအဆင်ပြေရဲ့လား  အကူအညီလိုရင် ကျနော့်ဆီကိုဖုန်းဆက်လိုက်” ဆိုကာ ဖုန်းနံပတ်လေး ပေးသွားတယ်။
အဲဒီအချိန်ကစ တပ်မှူးကျနော့်အပေါ် ဆက်ဆံရေး တိုးတက်လာတာ တွေ့ရတော့ ဘယ်သူ့ကြောင့် ဒီလို ပြောင်းလဲသွားတာလည်း ကျနော်ရိပ်စားမိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း “သြော်... ငါ့နှယ် ‘ဂွေ’ ကိုင်တဲ့ လက်လောက်တောင် အစွမ်းမရှိပါလား...” လို့ သိမ်ငယ်စိတ်လေးတောင် ဖြစ်သွားမိသေးတယ်။  ဘယ်သူမဆို သူ့နေရာနဲ့သူ အရာရောက်နေတာပေါ့လေ။
အင်း...ရေးစရာမရှိ တွေးမိတွေးရာတွေ လျှောက်ရေးနေရင်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းမိနေပါပေါ့ လား... ဖောင်တိန် (အဲ..အဲ..) ဘောပင် မင်မကုန်ခင် ဘရိတ်အုပ်လိုက်အုံးမှ...မဟုတ်ရင်  လက်တွဲဖော် သူငယ်ချင်း များရဲ့ ဒေါသကျည်ဆံတွေ တမဟုတ်ချင်း ရောက်လာမှဖြင့်...တိန်...တိန်...တိန်.....


နေမင်းသူ
၂ ဖေဖော်ဝါရီ ၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts