Friday, February 3, 2012

ရေချိုးမင်္ဂလာ

(ပုံရိပ်လေးတွေ ဖော်ကြမယ်)
ကျနော်ရေးလိုက်တဲ့ “ကိုယ်တိုင်ရွေးတဲ့ လမ်း” ဆောင်းပါး နေ့သစ်ဝက်ဆိုက်မှာ တင်လိုက်တော့ စာဖတ်သူ တစ်ဦးက ခုလိုဝေဖန်မှုပြုလာတယ်ဗျ...
၇ာပြည်. January 23, 2012
သူငယ်ချင်းေ၇—
ကျန်တာတော.မပြောလိုပါဘူး လူတိုင်းအပြစ်မကင်းကျပါဘူး ဗိုလ်ချုပ်စိုးသိန်း လဲလူပါ။
မင်းစစ်သက်တလျောက် ကြူံခဲ.တဲ.ေ၇ချုပ်တွေထဲမှာ ဘယ်သူ အတော်ဆုံးလဲ ဘယ်သူက အ၇ည်အချင်း၇ှိဆုံးလဲ တခြားမကြည်.နဲ. ၇လခ ကို အကောင်းဆုံးဘယ်သူလုပ်သွားလဲ မင်းတော.မသိဘူး ငါတော. ဦးစိုးသိန်းကို အကြိုက်ဆုံးပဲ အပြောကောင်းသလို အလုပ်နဲ.လဲ သက်သေ ပြတယ်လေ အခု၇ာထူးနေ၇ာလဲ သူနဲ. တကယ်သင်.တော်တယ် သူ.ဇနီး လဲ ဘယ်လောက် အ၇ည်အချင်း၇ှိလဲ ငါကတော. မဲပေးခွင်.၇ ၇င် ပါတီမကြည်.ဘူး ဦးစိုးသိန်းလို အ၇ည် အချင်း၇ှိ၇င် မျက်စေ.မှိတ်မဲပေးလိုက်မယ် မင်း ဆောင်းပါးလေးတွေ အမြဲဖတ်နေပါတယ်....

ဘာပဲဖြစ်ဖြစ် သူထောက်ပြဝေဖန်လာတာကို ကျနော်သဘောကျတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ဦးရဲ့ ပုံရိပ်ကိုဖော်ပြရာမှာ အလင်းနဲ့အမှောင် နှစ်မျိုးလုံးစုံလင်သွားလို့။ ကျနော်ရေးထားတာတွေက နည်းနည်း အဆိုးမြင်ကဲနေတယ်လို့ သူခံစားပုံရပြီး ကောင်းတာလေးတွေလည်း ရှိပါတယ်ဆိုတာ ဖြည့်စွက်ထောက်ပြတဲ့ သဘောပေါ့ဗျာ။  ကျနော်က ဦးစိုးသိန်း အကြောင်း ဦးတည်ပြီး ရေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြောင်း တိုက်ဆိုင်လို့ ကျွဲကူးရေပါသဘော ပါသွားတယ်။ လူတဦးရဲ့ ပုံရိပ်ကို ကိုယ်မြင်တဲ့ရှုထောင့်ကနေ မြင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြတာ သဘာဝကျပါတယ်။
မြင်ကွင်းစုံတော့ အခြားစာဖတ်သူတွေအတွက် အချက်အလက် အဖုံဖုံ အမြတ်ရတယ်လို့ ယူဆမိ ပါတယ်။ စာဖတ်သူဆိုတာက ကျနော်ပြောတာ၊ အခြားသူပြောတာတွေကို လိုက်ယုံကြမယ့်သူတွေမှ မဟုတ်တာ။ ကျနော်တို့ပြောနေတဲ့ အချက်အလက်သဘောထားတွေပေါ် မူတည်ပြီး သူ့ဘာသာသူ ဆုံးဖြတ်ချက်ချမှာ။ ၂၀၁၀ ရွေးကောက်ပွဲပေါ်ပေါက်လာပြီးနောက်ပိုင်း လွှတ်တော်နိုင်ငံရေး အဝန်းအဝိုင်းထဲမှာ ဆက်လက်ပါဝင် နေတဲ့ တပ်မတော်ခေါင်းဆောင်ဟောင်းတွေရဲ့ ပုံရိပ်တွေကို ဖော်ပြနိုင်ကြရင် ကောင်းမယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီနေ့နိုင်ငံရေးဖြစ်စဉ်မှာ စစ်ခေါင်းဆောင်တွေ အများစုပါဝင်လုပ်ဆောင်နေတာ လူတိုင်းအသိပါ။ ရွေးကောက်ပွဲ အကြိုကာလတုန်းက ဂျာနယ်တွေမှာ ဖော်ပြလာတဲ့ စစ်ခေါင်းဆောင်ဟောင်း လွှတ်တော်ကိုယ်စားလောင်းအများစုရဲ့ ကိုယ်ရေး အချက်အလက်ဆင်းရဲချို့တဲ့မှုကို စိတ်မကောင်းစွာမြင်တွေ့ ခဲ့ရပါတယ်။ ကိုယ်ရေးအချက်အလက်ဖော်ပြရာမှာ  အမည်၊ အသက်၊ ပညာအရည် အချင်း၊ ဝင်ရောက်ရွေးချယ်ခံမယ့် မဲဆန္ဒနယ် စတဲ့ မည်ကာမတ္တ သဘော လောက်ပဲ ပါဝင်ပြီး ငုံးတိတိဖြစ်နေတာ တွေ့ခဲ့ရလို့ပါ။
ပြည်သူတွေရဲ့ ဆန္ဒမဲကိုရယူပြီး ပြည်သူ့အကျိုးကိုဆောင်ပါ့မယ်ဆိုသူတစ်ဦးက ဘယ့်နှယ်ကြောင့် မိမိရဲ့ ကိုယ်ရေး အချက်အလက်လေးကိုတောင်မှ ပြည်သူလူထုကို ရဲရဲဝံ့ဝံ့ မတင်ပြ မကြေညာရဲရတာလဲ။ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ပြည်သူလူထုက ဘယ်အချက်အလက် အကြောင်းအရာတွေပေါ် မူတည်ပြီး သူတို့ကို ဆန္ဒမဲပေးကြရမှာလဲ။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အဲဒီလိုပုဂ္ဂိုလ်အများစု လွှတ်တော်ကိုယ်စားလှယ်ဖြစ် သွားတယ်ဗျာ။ ဘယ်နည်းဘယ်ပုံအနိုင်ရသွားလဲ ဆိုတာကတော့ အားလုံးအသိပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ ပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်မဟုတ်တာတော့ ငြင်းချက်ထုတ်စရာ မလိုအောင် သေချာသွားတယ်။
ရွေးကောက်ပွဲမှာ မဲမသမာမှုနည်းနဲ့ အနိုင်ယူလိုက်တာဟာ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ ဂုဏ်သိက္ခာရော သူကိုယ်စားပြုတဲ့ ပါတီရဲ့ immage ပါ ညှိုးမှိန်စေပါတယ်။ ပြီးတော့ သူ့မဲန္ဒနယ်မြေက မဲဆန္ဒရှင် ပြည်သူလူထု ကို စော်ကားရာလည်း ရောက်ပါတယ်။ တရုတ်ဓားသိုင်းသမားလို မည်သို့လုပ်လိုက်သည်မသိ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သွားသည်၊ ကြိုတင်မဲနဲ့ အောင်ပွဲခံသည် ဆိုတဲ့လုပ်နည်းတွေက ဒီမိုကရေစီ ကျင့်စဉ်နဲ့ ဘယ်လိုမှ မကိုက်ညီပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ထားလိုက်ပါတော့၊ နောင်လာလတံ့သော ရွေးကောက်ပွဲ တွေမှာရော အဲဒီလိုထပ်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။
ကျနော်ပြောလိုတာက နိုင်ငံရေးသမားပဲဖြစ်ဖြစ် စစ်ဗိုလ်ဟောင်းပဲဖြစ်ဖြစ် (သဘောပြောရရင် လက်ရှိတာဝန် ထမ်းဆောင်နေဆဲ စစ်ဗိုလ်ပဲဖြစ်ဖြစ်) တိုင်းပြည်ကောင်းအောင် လုပ်မယ်ဆိုတဲ့စေတနာနဲ့ လွှတ်တော် ကိုယ်စားလှယ် လုပ်ချင်တယ်ဆိုရင် ပြည်သူတွေရဲ့အစစ်အမှန်ထောက်ခံချက်ရအောင် ပြည်သူကြားဆင်းပြီး ရဲရဲ တင်းတင်း စည်းရုံးရေးလုပ်ပါ။ ပြည်သူဆိုတာ တိုင်းပြည်ကောင်းအောင်လုပ်မယ့်လူ၊ သူတို့လိုလားချက်တွေကို သူတို့ကိုယ်စား မားမားမတ်မတ်ရပ်တည်ဆောင်ရွက်ပေးမယ့်လူမျိုးကိုပဲ မဲပေးချင်မှာပေါ့။ အားကိုးချင်မှာပေါ့။ သူတို့ယုံကြည်အားကိုးထိုက်တဲ့လူတွေ့ရင် အနစ်နာခံကိုယ်ကျိုးစွန့် နှစ်ရှည်ထောင်ကျဖူးသူ နိုင်ငံရေးသမားမှ မဲပေးမယ်၊ စစ်ဗိုလ်မို့လို့ မဲမပေးနိုင်ဘူးဆိုတဲ့ အစွဲမျိုး ပြည်သူလူထုမှာ မရှိနိုင်ပါဘူး။ တကယ်ယုံကြည်ထိုက်သူ ကိုသာ ပုံအောပြီး မဲပေးကြမှာပါ။
ဒီမိုကရက်တစ်အင်အားစုတွေထဲက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေ၊ ဘဝဖြတ်သန်းမှုတွေကိုတော့ ရေးကြသားကြတာများလို့ သိတဲ့လူများပါတယ်။ ဒါပေမဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကိုတော့ ပြည်သူလူထုက သိပ်မသိကြပါဘူး။ သူတို့ကိုယ်တိုင်ကပဲ မဖော်ပြလိုတာလား၊ ရေးသားဖော်ပြလောက်အောင် သိမထားကြလိုလား။
အပြင်လူတွေ မသိကြပေမဲ့ သူတို့နဲ့လက်တွဲတာဝန်ထမ်းဆောင်ဖူးသူတွေက သူတို့အကြောင်း အနည်းနဲ့ အများသိကြပါတယ်။ ကိုယ်သိထားတဲ့ သူတို့အကြောင်း ကိုယ်မြင်တဲ့အတိုင်း ပြည်သူတွေသိအောင် ရေးသား ဖော်ပြ သင့်ပါတယ်။ တိုင်းပြည်ချစ်တဲ့ တပ်မတော်သားတွေ လုပ်သင့်တဲ့ ကိစ္စပါ။ ကိုယ့်တိုင်းပြည်တိုးတက် ဖွံ့ဖြိုးတာ၊ ကိုယ့်ပြည်သူတွေ ကောင်းစားတာ မြင်တွေ့ချင်တယ်ဆိုရင် ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ တွန်းအားပေးဆောင်ရွက်ရပါမယ်။ ခေါင်းဆောင်ဆိုသူတွေနဲ့ပတ်သက်ပြီး ကိုယ်သိထားတဲ့ အချက်အလက် တွေကို ပြည်သူတွေသိအောင် ရဲရဲတင်းတင်း ရေးသားဖော်ပြမှ ပြည်သူလူထုက ခေါင်းဆောင်ကောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ် တင်မြှောက်နိုင်မှာ။
ခေါင်းဆောင်တစ်ဦးနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အများပြည်သူတွေသိခွင့် ရအောင် ဖော်ထုတ်တင်ပြခြင်းဟာ ရိုးသား ပွင့်လင်းမှုပြယုဂ်ဖြစ်သလို ဂုဏ်ယူစရာ နှစ်သက်လိုလားဖွယ်ရာ ကိစ္စတစ်ရပ်အဖြစ် ယနေ့ကမ္ဘာမှာရှုမြင် ထားကြ ပါတယ်။

ဒါ့အပြင် ခေါင်းဆောင်နဲ့ပြည်သူလူထုအကြား အပြန်အလှန်ရင်းနှီးမှုနဲ့ ယုံကြည်ကိုးစားမှုကို ပြသရာလည်း ရောက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုယဉ်ကျေးမှု ထွန်းကား လာအောင် ဝိုင်းဝန်းကြိုးပမ်းသင့်ပါတယ်။
ဒါကြောင့်မို့ ဒီမိုကရေစီခေတ်မှာ ကျနော်တို့တပ်မတော်သားတွေလည်း ကိုယ်ယုံကြည်ရာ ကိုယ့်အမြင်လေးတွေ ကိုရေးသားစေချင်တယ်ဗျာ။ ပရိသတ်ရှေ့မှာ လူလုံးပြဖို့ဝန်လေးနေတဲ့ ဗိုလ်ချုပ်ကြီးများရဲ့ ပုံရိပ်ကို ဝိုင်းဝန်းပြီး ဖော်ပြပေးကြရင် ပြည်သူတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်။ ခေါင်းဆောင်တွေကိုယ်တိုင်လည်းပဲ ရနံ့ကင်းကင်းနဲ့ ပြည်သူ့ထောက်ခံမှု အစစ်အမှန် ရရှိခံစားနိုင်တာပေါ့။
သင်္ကြန်ကာလ တဖြည်းဖြည်းနီးလာပြီ။ ဧပြီ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲလည်း ရှိနေတယ်။ ဒီတော့ သင်္ကြန်တွင်းမှာ ရေကြောက်တဲ့ အဖိုးအဖွားတွေကို အတင်းဆွဲထုတ်ပြီး ရေချိုးသန့်စင်ပေးသလိုမျိုး ကူညီကြရင် မကောင်းဘူးလားဗျာ..။

နေမင်းသူ
၁ ဖေဖော်ဝါရီ ၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts