Wednesday, February 15, 2012

အင်္ဂုလိမာလ စစ်သည် (သို့) စေခိုင်းချက်အတိုင်းပုံဖော်သူ

   “အင်္ဂုလိမာလတဲ့ ဟေ့”
          ကြုံးဝါးသံက ခက်ထန်လွန်းလှ၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်လွန်းတာမို့ အိပ်ပျော်နေရာက လန့်နိုးသည်အထိ ဖြစ်ရသည်။ “ဟ ဘာသံပါလိမ့်” ဆိုပြီး အာရုံစိုက်နားစွင့်ကြည့်တော့ အိမ်ခေါင်းရင်းက ထွက်ပေါ်လာမှန်းသိရ၏။ ခနော်နီ ခနော်နဲ့ နှင့် ဘယ်ဘက်ကိုယိမ်းယိုင်မှန်းမသိအောင် ဝေခွဲ ခန့်မှန်းရခက်သည့် ပြိုပျက်လုခမန်း ကျနော့်စံနန်း၏ ခေါင်းရင်းဘက်တွင်မူ မီနီမားကတ်( Mini Market ) အငယ်စားလို့ တင်စားရလောက်အောင် လူသုံးကုန်ပစ္စည်းတွေ စုံလင်ပြီး ချိုသာသော ဈေးနှုန်းဖြင့် အနီးပတ်ဝန်း ကျင် တဝိုက်က ဦးတိုက်ရတဲ့ အိမ်ဆိုင်လေးရှိ၏။ ရခိုင်အမျိုးသား မိသားစုဆိုင်လေးမို့ ချစ်စနိုးဖြင့် ကင်ပွန်းတပ် လိုက်ကြတာက “ဦးရခိုင်ဆိုင်” ဟူ၍ဖြစ်၏။
          ဘာသာတရား ရိုသေကိုင်းရှိုင်းသူများမို့ နေ့စဉ်နံနက်တိုင်း ဓမ္မအသံတွေလွှမ်းနေတတ်၏။ မင်္ဂလာရှိ သော နံနက်ခင်းကို တရားဓမ္မသံတို့ဖြင့် ပုံဖော်လေ့ရှိ၏။ ယခုလည်း သူတို့၏ ပြုမြဲအစဉ်အလာအတိုင်း ပူဇော်မြဲ ပူဇော်လေ့ရှိသည့် အောင်ခြင်းရှစ်ပါး တရားခွေကို ဖွင့်လို့ထွက်ပေါ်လာသည့်အသံ။
          ပွင့်ပွင့်လင်းလင်း ဝန်ခံရစတမ်းဆိုလျှင် ကျနော်ဆိုတဲ့ မနုဿကလည်း ဒိဌိလို့ကင်ပွန်းတပ်ရလောက် အောင် ဘာသာရေးနှင့် အလှမ်းဝေးသူ၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်လို့သာဆိုတယ် သြကာသတောင် အစအဆုံး မရ။ အောင်ခြင်းရှစ်ပါးတို့၊ ဇာတ်ကြီးဆယ်ဖွဲ့တို့၊ ငါးရာ့ငါးဆယ် နိပါတ်တော်တို့ကို နိုင်ငံခြားသား နာမည်ကြီး စာရေးဆရာတွေ ရေးသောဝတ္ထုလို့ ထင်တဲ့သူ။
          ငယ်စဉ်ဘဝကလည်း ကျောင်းထားတော့လည်းကျောင်းမနေ၊ နွားကျောင်းခိုင်းတော့လည်း နွားသေ၊ ဆိုက်ကားနင်းခိုင်းတော့လည်း ဘီးခွေသွားတာကြောင့် အုံနာ(Owner) မရတဲ့အပြင် အလျော်ပေးပြင်ဆင်ရတာ မို့ အိမ်ကနှင်ထုတ်လိုက်လို့ ခိုကိုးရာမဲ့ပြီး စုဆောင်ရေးတပ်ကို အခမဲ့တည်းခိုရိပ်သာမှတ်ပြီး ဝင်တည်းရာက စစ်တပ်ထဲရောက်လာတဲ့ကောင်၊ ကိုယ်ရည်ကိုယ်သွေးတွေကို အသေးစိတ် ပြုစုရရင် ဟားဗတ်တက္ကသိုလ်က လက်ရှိပါမောက္ခတွေ၊ ပရော်ဖက်ဆာတွေတောင် “အား ပါး ပါး... ရှားရှား ပါးပါး ထူးချွန်တဲ့သူ.. မြန်မာပြည်သား မှ ဟုတ်ရဲ့လား” လို့ မေးခွန်းထုတ်ဖွယ်ရှိ၏။

(၂)
          ပြည်မြန်မာ..
          အမည်နာမအားဖြင့် လှလွန်းပေစွ။ သို့ပင်သော်လည်း တိုင်းတပါးသား ဗြိတိသျှကိုလိုနီများ၏ ဖိနှိပ်ချုပ် ချယ်မှုဒဏ်၊ ဖက်ဆစ်ဂျပန်တို့၏ လူမဆန်သော ရက်စက်မှုဒဏ်များအပြင် အာဏာရှင် အဆက်ဆက်တို့၏ ညှာတာမှုကင်းမဲ့စွာ ဖိနှိပ်ချုပ်ချယ်မှုဒဏ် အစ အစရှိသော ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်နေသည့် နိုင်ငံငယ်၊ ရတနာထုပ်ပေါ်ထိုင် တမှိုင်မှိုင်တတွေတွေနဲ့ မျက်နှာပန်းမလှတဲ့အဖြစ်က တကယ့်ရင်နင့်ဖွယ်ရာ ဖြစ်၏။ မြန်မာ့ နည်း မြန်မာ့ဟန်ဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ အရောက်ချီမည်ဆိုသည့် ကြွေးကြော်သံဖြင့် တိုင်းပြည်ကိုတည် ဆောက်ခဲ့ရာ စဏ္ဍာလတောင် ခွက်မှောက်၊ ဒူးထောက်လက်မှိုင်ချရသည်အထိ ဖွံ့ဖြိုးတိုးတက်ခဲ့၏။
          ပေါကြွယ်လှတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ရင်ခွင်ပိုက်ပြီး ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံ (LDC) ဂုဏ်ပုဒ်နှင့် တုန်လှုပ်ဖွယ်ကောင်းလောက်အောင် စံတင်သတ်မှတ်ခံရ၏။ ပြည်တွင်းမှာ ဖြစ်ပျက်သမျှ ပြည်ပ(နိုင်ငံတကာ) အသိုင်းအဝိုင်းက မသိအောင်နှင့် ပြည်ပနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းက မသိ အောင် အတုအယောင်လှည့်စားချက်ကို “တံခါးပိတ် စီးပွားရေးစနစ် မူဝါဒ” ကိုကျင့်သုံးမည်ဆိုသော အကြောင်း ပြချက်ပါးပါးလေးဖြင့် ပိတ်ဆို့ထားခြင်း ခံရခြင်းဖြစ်လေ၏။ သေသေချာချာ ဆန်းစစ်ကြည့်မှ အတွင်းအပြင် ကူးလူးဆက်ဆံမှု မရှိစေရန် ရည်သန်၍ အမှောင်ချထားမှုသက်သက်သာ ဖြစ်ချေ၏။
          “ဝဋ်ရှိလို့ ခံရတာပဲလေ” ဆိုသည့်ဖြေသိမ့်တတ်မှု “သည်းခံခြင်းသည် မင်္ဂလာတပါး” ဆိုသော သဘောထားကို ရင်ဝယ်ပိုက်ရင်း အာဏာရှင်တို့၏ လက်တလုံးခြားလှည့်စားမှုကို ပြည်သူတရပ်လုံးနှင့် စစ်တပ် အပါအဝင် ဝန်ထမ်းအားလုံး အံကြိတ်ခါးစည်းပြီး ခါးသီးသောအဖြစ်ကို ရင်ဆိုင်ခဲ့ကြ၏။ အံတုရပ်တည်ခဲ့ကြ၏။ ပညာ၊ ကျန်းမာ၊ လူမှု၊ စီးပွားရေးနှင့် နိုင်ငံရေး အစရှိသော အထွေထွေချွတ်ခြုံကျမှု အကျပ်အတည်းကြား လဲပြို မတတ် ကြုံတွေ့ရသော်ငြားလည်း တိတ်တဆိတ်ညည်းတွားရင်း ကြိတ်မှိတ်ခံစားကြ၏။
          ဘက်ပေါင်းစုံ ချွတ်ခြုံကျမှုဒဏ်ကို အံကြိတ်ခံနေရသည့် ပြည်သူတို့အပေါ် အာဏာရှင်တို့၏ ဖိနှိပ်မှုသည် တနေ့ထက်တနေ့ စာနာမှုကင်းကင်းဖြင့် ပို၍ပို၍ပြင်းထန်လာလေ၏။ ပိုမိုပြင်းထန်လွန်းသည့် ဖိနှိပ်မှု အားနှင့် ပါးပါးလေးကျန်သည့် ခံနိုင်ရည် ကုန်ဆုံးသောနေ့။ ထိုနေ့သည်ကား ၈-၈-၈၈ ပင်ဖြစ်၏။ ကာလရှည်ကြာ ဖိနှိပ်ချုပ်ချယ်လာသည့် တပါတီအာဏာရှင်စနစ်ကျဆုံးခန်းရောက်သည့် နေ့ပင်ဖြစ်လေသည်။
(၃)
          ရာဇဝင် စာတင်လောက်သည့် တပြည်လုံးအတိုင်းအတာဆောင် သမိုင်းဝင်လူထုလှုပ်ရှားမှု အရေးတော်ပုံ(သို့) ရှစ်လေးလုံးအရေးတော်ပုံကြီးသည် သမိုင်း၏ တောင်းဆိုမှုကြောင့် ပေါ်ပေါက်ခဲ့ရသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ပြင်းထန်သည့်အဟုန်သည် အာဏာရှင်တို့အား နှလုံးတုန်ချောက်ခြားစေခဲ့၏။ အပြောင်းအလဲကို လွယ်လွယ်ဖြင့် လက်ခံအလျှော့ပေးရိုးထုံးစံမရှိသည့် အာဏာရှင်တို့၏ ကျင့်ထုံးအရ စစ်တပ် ကို ပြည်သူနှင့် ထိပ်တိုက်တိုးစေခြင်းဖြင့် လှည့်စားအသုံးချခဲ့သည်။ တသွေးတသံတမိန့်အောက်တွင် သံပတ်ပေးထားသော ကော်ပတ်ရုပ်များပမာ လှုပ်ရှားနေရသည့်တပ်မတော်သားများကို “တိုင်းပြည်ပျက်စီးမည့် အန္တရာယ်နှင့် နီးလာပြီ၊ လက်ပိုက်ကြည့်နေလို့ မရတော့ဘူး” ဟူ၍ တပ်လှန့်နှိုးဆော်ပြီး ဆင့်ကဲဆင့်ကဲ အမိန့်နှင့် ညွှန်ကြားချက်တို့ကြောင့် “ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏” လို့ တိုင်တည်သစ္စာပြုခဲ့ကြသည့် တပ်မတော်သားများသည် အာဏာရှင်များ၏ လက်တလုံးခြား လှည့်စားမှုကို နာခံပြီး အမိအဖသဖွယ်ဖြစ်သည့် ကျေးဇူးရှင်ပြည်သူများဘက် သေနတ်ပြောင်း ကို တပြိုင်နက် လှည့်ခဲ့ကြ၏။ ရလဒ်အားဖြင့်...
-ဘုရားသားတော်အဖြစ် ခံယူထားသည့် သံဃာထုကြီး၏ သွေး
-အနာဂတ်၏ ကြယ်ပွင့်လေးများဖြစ်သော မျိုးဆက်သစ် သားကောင်းရတနာများဖြစ်သည့် ကျောင်းသားထုကြီး ၏ သွေး
-အလွှာစုံ ပြည်သူတို့၏ သွေး တို့ဖြင့် ဖြစ်တည်ခဲ့သော ရောထွေးစီးဆင်းနေသည့် သွေးစီးချောင်းပေါ်တွင် တပါတီအာဏာရှင်တို့၏ နိဂုံးနှင့်အတူ ယှဉ်တွဲမျောပါသွားသည်က “ပြည်သူတို့၏ ကြည်ညိုလေးစားချစ်ကြည်မှု၊ အားကိုးအားထားပြုမှုကို အပြည့်အဝရထားသည့် ပြည်သူချစ်သောတပ်မတော်၏ ဂုဏ်သိက္ခာများပင်ဖြစ်လေ၏။ အာဏာရှင်များ၏ မိုက်မဲဆိုးသွမ်းမှုဒဏ်ကို စစ်တပ်က ကြားဝင် ခံစားလိုက်ရ၏။ ပြည်သူတို့၏ အော့နှလုံးနာ ရွံရှာမုန်းတီးမှုကိုလည်း ခံလိုက်ရလေ၏။ ထိုမျှပင် အားမရ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ရန်ငြိုးမပြေ အောင် ကြွေးကြော်လိုက်ပုံက-
          “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပဲပစ်တယ် ဒီတော့ နောင်ဆူဆူပူပူလုပ်ရင် ဒီထက်ပိုပြီး နာမယ်မှတ်ပေရော့..”
          ပြည်သူတို့ကို ကြွေးကြော်ခြိမ်းချောက်မှုကြောင့် ပြည်သူ့အခွန်ဘဏ္ဍာကို လစာအဖြစ်ယူ၊ ပြည်သူတို့ စိုက်ပျိုးတဲ့ ဆန်ရေစပါးကိုစား ပြည်သူတို့ဆင်ပေးတဲ့ ဝတ်စုံကိုဝတ်ဆင်ရသည့် ပြည်ချစ်စစ်သားများကို ပြည်သူ များက အနာကြီးနာ အမုန်းကြီးမုန်းခဲ့ရ ပါသည်။ သမိုင်းဆိုသည်ကား ဖြတ်သန်းပြီးသော အချိန်ကာလကို ချန်ထားဖြတ်ကျော်ခဲ့သော်ငြား အဖြစ်အပျက်တို့၏မှတ်တမ်းများကို အရာထင်စေသည်မို့ ငြင်း၍မရသကဲ့သို့ ဖျောက်ဖျက်၍လည်း မလွယ်ကူတော့ပေ။
(၄)
          ဘာသာရေးအသိကလည်း မစွံ၊ လုပ်ခဲ့တာကလည်း အာဏာရှင် “စစ်ကျွန်” ဖြစ်လေတော့ ပတ်ဝန်းကျင် လက်သင့်ခံနိုင်မှု အတိုင်းအတာကို စစ်တမ်းကောက်ရန် မွေးကင်းစ ကလေးကတောင် ထောက်ခံ ဖို့ အငြင်းခံရနိုင်၏။ သို့သော် ခေသူမဟုတ် ဆိုသော ဘွဲ့ရထားသူဖြစ်လေတော့ အင်္ဂုလိမာလ ဇာတ်တော်ကို ကျနော်ချဉ်းကပ်ပြီး သင်ခန်းစာထုတ်လိုက်တာ ဒုတ်စာကျွေးချင်လောက်အောင် နာကျည်းသူတွေ ရှိမှာပါ။ အင်္ဂုလိမာလဆိုတာ ဘာလဲ။ သူ့အထ္ထုပ္ပတ္တိက ဘာလဲ။ ဘာကြောင့်ဒီဘဝကို ရောက်တာလဲ။ ဗီဇစရိုက်ကြောင့် လား။ စေခိုင်းသူကြောင့်လား..။ ဘာဖြစ်လို့ လူဆိုးလူကြမ်းကြီးဖြစ်သွားရတာလဲ။ ဘယ်လိုနိဂုံးချုပ် သွားတာလဲ ဆိုပြီး တအားသိချင်စိတ် ပြင်းပြလာ၏။
          အထက်က အမေးဝါကျတွေကို လက်ကိုင်ပြုပြီး ကျော်ကြားတဲ့ ဘာသာပြန်ဆရာကြီး ကိုနေမင်းသူ၊ ထင်ရှားတဲ့ ဘလော့ဂါ ကိုလူဗိုလ်၊ ဂန္ဓဝင်မြောက် ဝတ္ထုတိုတပုဒ်နဲ့ တမဟုတ်ချင်းကြောကြားလာတဲ့ ကိုထူးအောင်၊ လူပုပေမဲ့ စကားလုံးတအားမြင့်တဲ့ စာပေပညာရှင် အုပ်ကြီးဖေ၊ တွေ့သမျှလူကို တပည့်အဖြစ် သတ်မှတ်နေချင်တုန်းဖြစ်တဲ့ ကျူရှင်ဆရာဟောင်း သန့်စင်အောင်(ရန်ကင်း) တို့ကိုမေးမြန်းကြည့်ပါ၏။ သူတို့ပေးတဲ့ သတင်းအချက်အလက်တွေကို ဘဝင်မကျတာကြောင့် ဒုက္ခသည်စခန်းတွင်းမှာရှိတဲ့ နီးစပ်ရာ ပိဋကတ်တိုက်တွေ မွှေနှောက်ကြည့်တော့ ဟောင်းနွမ်းဆွေးမြည့်နေသည့် စာအုပ်လေးထဲမှ တစွန်းတစ သိခွင့်ရ ခဲ့ပါ၏။ တဆက်တည်းမှာပဲ ဘာသာရေးနှင့်မသက်ဆိုင်သည့် အသိအမြင်တခု လင်းလက်ခဲ့ရပါသည်။
          ကောသာလမင်း၏ အတိုင်ပင်ခံ ပုရောဟိတ်နှင့် ဇနီး ပုဏ္ဏေးမ မဏ္ဍနိ တို့ထံမှ အဟိံသက ဆိုသူကို ဖွားမြင်လေ၏။ မွေးဖွားစဉ်မှာပင် တတိုင်းပြည်လုံးမှာ ရှိသည့် ဓား၊ လှံ၊ လက်နက်များ အရောင်တဖျတ်ဖျတ် လက်သဖြင့် ဖခင် ပုရောဟိတ်ကြီးက “ငါ့သား လူဆိုးဖြစ်လိမ့်မယ်” ဟု နိမိတ်ဖတ်ခဲ့၏။ အရွယ်ရောက်သည်ရှိ သော တက္ကသိုလ်ပြည်သို့စေလွှတ်၍ ယောက်ျားတို့တပ်အပ်သော အဌာရသ (၁၈) ရပ်ကို ဆည်းပူးသင်ယူ စေ၏။
          ရိုးရိုးသားသားဖြင့် ကြိုးကြိုးစားစား သင်ယူသောကြောင့် ထူးချွန်ထက်မြက်သဖြင့် တက္ကသိုလ်ဆရာကြီး ၏ အလေးပေးခြင်းကို ခံရ၏။ ဆရာကြီးအပေါ်တွင်လည်း ယုံကြည်ခြင်း၊ ရိုသေခြင်း၊ လေးစားခြင်း တို့ကြောင့် “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်” ဆိုသည်နှင့်အညီ ဆရာ့အလို စိတ်တိုင်းကျ ဖြည့်ဆည်းပေး၏။ ခြေဆုပ်လက်နယ်ပြု၏။ ရိုးရိုးသားသားနေ၏။ တော်အောင်ကြိုးစား ၏။ သို့ဖြစ်၍ ဆရာကြီးက ပို၍ပို၍ အလေးပေးခြင်းကို အခြားတပည့်များက မနာလို မရှုစိမ့်ဖြစ်ပြီး ဆရာကတော် နှင့် မှောက်မှားနေကြောင်း ဆရာကြီး ဂုံးချောဂုံးတိုက်ပြုကြလေ၏။ ကြိမ်ဖန်များစွာ ပြောလတ်သော ဆရာကြီးက ယုံကြည်လာပြီး “ငါ့တပည့် အဟိံသက  အမောင်ပညာတတ်ပြီ၊ ဆရာ့ကို ပူဇော်ရန် လက်ညှိုး ပေါင်း တထောင်ရှာခဲ့ပါ” ဟု မခိုင်းစေသင့် မခိုင်းစေထိုက်သော အလုပ်ကို စေခိုင်းခဲ့၏။
          ပင်ကိုယ်စရိုက်သဘာဝက ရိုးသားသူ၊ ဆရာ့စကားကို မြေဝယ်မကျနာခံသူဖြစ်လေတော့ ဆရာ၏ အမိန့် (သို့) စေခိုင်းချက်အတိုင်း ပုံဖော်လေတော့၏။ တောထဲကိုသွား တွေ့တွေ့သမျှလူကိုဖမ်း လက်ညှိုးဖြတ် ခြင်းကို ရက်ရက်စက်စက် ပြုလုပ်တော့၏။ သူ့ခေါင်းထဲတွင် ဘာမှမရှိ။ ဆရာကိုပူဇော်ရန် လက်ညှိုးတထောင် မပြည့်ပြည့်ရန် ရှာရမည် ဆိုသော ဆရာ၏အမိန့်သာ လွှမ်းမိုးနေပုံရ၏။ ဖြတ်၍ရသော လက်ညှိုးများကိုလည်း ကြိုးဖြင့်သီပြီး ပန်းကုံးသဖွယ် လည်ပင်း၌ ဆွဲထား၏။ ထို့ကြောင့် လက်ညှိုးပန်းရှိသူ အင်္ဂုလိမာလ ဟု အမည်တွင်သော လူဆိုးကြီးဘဝသို့ လုံးလုံးလျားလျား သက်ဆင်းသွားလေတော့၏။ တတိုင်းပြည်လုံး တုန်လှုပ် ချောက်ခြားစွာ ကြောက်လန့်ရသူ အဖြစ်သို့ ရောက်ရှိသွားတော့၏။ အတိုင်းအဆမဲ့ ရက်စက်မှုကတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ လက်ညှိုး၊ မွေးသမိခင်ကျေးဇူးရှင်၏ လက်ညှိုးကိုပင် အလွတ်မပေးတော့ဘဲ ဖြတ်တောက်ရန် ကြိုးပမ်းလေတော့၏။ ပြည်သူတရပ်လုံးကလည်း မသွားရဲမလာရဲ၊ အလုပ်အကိုင်များကို မလုပ်ရဲ မကိုင်ရဲ ဖြစ်ကုန်ကြပြီး ရင်ထဲ၌လည်း ကြောက်ရွံ့မှု၊ ရွံရှာမှု၊ အော့နှလုံးနာမှုနှင့်အတူ....
လူဆုိးၾကီး အဂုၤလိမာလ....
လူဆုိးၾကီး အဂုၤလိမာလ.....
လူဆုိးၾကီး အဂုၤလိမာလ..... ဟု ကြောက်ရွံ့စွာ ရေရွတ်ရင်း နာကျည်းကြလေ၏။ မြင့်မြတ်သော သာသနာ့ ဘောင်ကိုဝင်ရောက်ပြီး ဘုရားသားတော်အဖြစ် ခံယူလိုက်သည့်တိုင် မကြည်ညိုနိုင်၊ မလေးစားနိုင်ဖြစ်ကြရ၏။ ဆွမ်းခံကြွရာတွင်ပင် ခဲများ၊ ဒုတ်များဖြင့် ပစ်ခတ်သည်ကို ကြည့်ခြင်းအားဖြင့် ဘယ်မျှလောက်မုန်းတီးသွားသည် ကို မှန်းဆနိုင်၏။
          သေသေချာချာ ဆန်းစစ်ကြည့်လျှင်ဖြင့် မလိုတမာစိတ်ကြီးသော ပတ်ဝန်းကျင်၏ မဟုတ်မတရား စွပ်စွဲ ခြင်း၊ ဂုံးချောခြင်းကြောင့် လည်းကောင်း၊ အကြီးအကဲဖြစ်သော ဆရာ၏ မယုံသင့်မယုံထိုက်သော စကားကို ယုံစား၍ မခိုင်းစေသင့်သည့် လုပ်ငန်းကို လုပ်ဆောင်စေရန် အမိန့်ပေးစေခိုင်းခဲ့ခြင်းကြောင့် ရိုးသားသော၊ ကြိုးစားသော၊ ဆရာကို ရိုသေလေးစားသော အဟိံသက ဆိုသူသည် စေခိုင်းချက်အတိုင်း ပုံဖော်ရာမှ လူရိုးမှ လူဆိုးအဖြစ်သို့ ပြောင်းပြန် ပြောင်းလဲသွားလေ၏။ အသိအမြင်ကျဉ်းကျဉ်းလေးဖြင့် ချဉ်းကပ်ကြည့်ရာတွင် မလိုတမာကြီးသူတို့၏ မရိုးမသား စွပ်စွဲပြောဆိုမှုကို အကြိမ်ကြိမ်ခံရခြင်း၊ အကြီးအကဲလုပ်သူတို့၏ မဆင်မခြင် စေခိုင်းခြင်း၊ အမိန့်ပေးခြင်းတို့သည် အဓိကကျသော ပြောင်းလဲစေမှု ကျောရိုးပင်ဖြစ်သည်။
(၅)
          တိုင်းတပါးသားတို့၏ ကျွန်ဘဝ၊ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်အတွက် ကြိုးပမ်းရန်ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းထူထောင်ခဲ့သော တပ်မတော်သည် လွတ်လပ်ရေးကို ပြည်သူတရပ်လုံးနှင့်အတူလက်တွဲ၍ အရယူပေးနိုင်ခဲ့သည်။ BIA, BDA, PBF မှသည် မြန်မာ့တပ်မတော် ဆင့်ကဲဆင့်ကဲ ပြောင်းလဲတိုးတက်မှုနှင့် အတူ ဂုဏ်ရောင်ထွန်းတောက်ခဲ့သော ပြည်သူတရပ်လုံးက အလေးအနက်ထားသော တပ်မတော်မှသည် ပြည်သူတရပ်လုံး၏ ရွံကြောက်အဖြစ်သို့ သက်ဆင်းသွားရခြင်းသည်လည်း အင်္ဂုလိမာလ နှင့် တက္ကသိုလ် ဆရာကြီး ကဲ့သို့ပင် မဆင်မခြင် အမိန့်ပေးစေခိုင်းသူနှင့် စေခိုင်းချက်အတိုင်း ပုံဖော်ရသူတို့၏ ဆောင်ရွက်ချက် ကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားဟုပင် မှတ်ထင်စရာရှိတော့၏။ အကျိုးတရားမဲ့သော အကြောင်းသည် မရှိနိင်သကဲ့သို့ အကြောင်းတရားမဲ့သော အကျိုးသည်လည်း မရှိနိုင်ပေ။ Reason and Effect သီအိုရီအရ...
-သွေးထိုးလှုံ့ဆော်သူ အုပ်စုရှိရမည်။
-တသွေးတသံတမိန့်ကို အလွဲသုံးစားပြုသော အမိန့်ပေးစေခိုင်းသူ ရှိရမည်။
          ထိုထိုအကြောင်းများကြောင့် “ငါ့နိုင်ငံတော် င့ါနိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏” ဟု သစ္စာဆိုထားသည့် စစ်မှုထမ်းတို့သည် “ရေဘူးပေါက်တာ မလိုချင် ရေပါတာပဲ လိုချင်တယ်” ဟူသော အမိန့်ပေးစေခိုင်းမှု ယန္တရားအောက်တွင် စေခိုင်းချက်အတိုင်း ပုံဖော်ရသော အင်္ဂုလိမာလစစ်သည် များအဖြစ် ပြည်သူများ၏ နာကျည်းမုန်းတီးကြလေရော့သလားဟု တွေးဆရင်း ပြန်အိပ်ပျော်သွားပါတော့သည်။

ဇေယျာ
၁၂-၂-၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts