Thursday, February 16, 2012

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော်လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏ ချေပချက်အား သုံးသပ်ခြင်း


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော်လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏
ချေပချက်အား သုံးသပ်ခြင်း

ယနေ့ ၁၅ ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၂ တွင် ဆွေးနွေးပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်အတွင်းတွင် တပ်မတော်နှင့် ပတ်သက်သည့် အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြခဲ့သည်ဟု ဧရာဝတီ သတင်းတပုဒ်တွင် ဖတ်လိုက်ရသောအခါ မိမိအနေဖြင့် လွန်စွာဝမ်းမြောက်မိပါသည်။ ခေါင်းစဉ် အသုံးပြုမှုပိုင်း ဆိုင်ရာ ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ မသုံးသင့်တဲ့ ခေါင်းစဉ်လို့ယူဆပါတယ်။ သို့ပေမယ့် အဓိကသည် အဓိကမို့ မပြောလိုတော့ပေ။ မိမိသည်လည်း ပြည်ပသို့ရောက်ရှိပြီးသည့်နောက်ပိုင်း တောက်လျှောက် နီးပါး တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများကို အစဉ်တစိုက်ရေးသားခဲ့ပြီး ယင်းအတွက်သာ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ သို့အတွက်လဲ တပ်နှင့်ပြည်သူ ဆိုသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်းစာစောင်များနှင့် ဘလော့များ ပြုလုပ်ကာ တတ်စွမ်းသလောက်စွမ်း ဆောင်ခဲ့ပါသည်၊ စွမ်းဆောင်နေပါသည်၊ စွမ်းဆောင်သွားမည်ဖြစ်ပါသည်။
ဦးအေးသာအောင်တင်ပြခဲ့သော တင်ပြမှုများသည် မိမိတို့ ပြည်ပရောက်တပ်မတော်သားများနှင့် မိမိတို့ တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာလှုပ်ရှားသူများ၏ ယခင်တင်ပြချက်များသာဖြစ်သဖြင့် မည်သို့မျှကွဲလွဲမှုမရှိဘဲ မိမိအနေဖြင့်ပင် ဦးအေးသာအောင်အား ပြည်တွင်းလွှတ်တော်မှ မိမိတို့အတွက် လွှတ်တော် တွင်းဆွေးနွေး တင်ပြပေး သည်ဟူပြီးကျေးဇူးပင်တင်ရှိမိပါသည်။ သို့သော်ကား ကျန်အချက်များတွင် ပြောစရာမလိုလားအပ်သော်လည်း မိမိ အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၏ “ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ်တွေကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံး စရိတ်တွေလည်း လျော့ကျသွားမှာပါ” ဆိုသည့်အဆိုကိုတော့ တပ်မတော်သား ကိုယ်စားလှယ်များနည်းတူ မိမိအနေဖြင့်လည်း မိမိသိထားသမျှ စတသ ဖြစ်ပေါ်လာပုံကို ဥပမာပေးကာ ဆန့်ကျင်ပြောဆိုပါရစေ။ တပ်မတော် သားကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့ပြန်လည်ချေပမှုသည်လည်း လိုအပ်ချက်များရှိနေပါသည်။ ပထမဦးစွာ တပ်မတော်သား ကိုယ်စားလှယ်တို့၏ ချေပချက်များမှ မိမိအမြင် လိုအပ် သည်ဟု ထင်မြင်သည်များကို ဦးစွာဖော်ပြလိုပါသည်။
တပ်မတော်သားကိုယ်စားလှယ်များမှ တပ်မတော်အင်အားရှိရန်လိုအပ်ကြောင်းကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ရှင်းလင်းပြီး အရပ်ဘက်ဌာနများတွင်လည်း တာဝန်ထမ်းဆောင်ရန် တပ်မတော်မှ အငြိမ်းစားများကို စနစ် တကျ လေ့ကျင့်ပေးထားပြီးဖြစ်ကြောင်း ပြန်လည်ချေပဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။ ယင်းကဲ့သို့ တင်ပြခဲ့သည့် တင်ပြမှုကို မိမိတို့အနေဖြင့် တပ်မတော်တိုးတက်ရေးကို ရှေးရှုလျက် စဉ်းစားပေးရ မည်ဖြစ်ပြီး အတိုင်းအ တာတခု အထိ လက်ခံကြရမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ပြသည်ဟု ဆိုထားသဖြင့် အဘတို့ အနေဖြင့် အမှန်တကယ်အိမ်နီးချင်းနိုင်ငံများကို တပ်မတော်အင်အားချင်း စိတ်ဓါတ်ချင်း ခံစားမှုချင်း အစစအရာရာတွင် တန်း မှီပြီလားဆိုသည်ကို စဉ်းစားပေးကြရပေမည်။ ထိုသို့စဉ်းစားရာတွင် တပ်မတော်သားကိုယ်စားလှယ်ဟု သုံးနှုံးထား သဖြင့် တပ်မတော်သားတိုင်း၏ ရင်တွင်းသဘောထားများနှင့်တော့ ကိုက်ညီရန်လိုပေလိမ့်မည်။
မိမိတို့အနေဖြင့် တပ်မတော်အင်အားရှိရန်လိုအပ်ကြောင်းကို သိရှိထားပြီးဖြစ်ပါသည်။ ထိုနည်းတူစွာ ဦးအေး မောင်မှတင်ပြခဲ့မှုတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ်စလုံးကို ကျစ်လစ်ခိုင်မာစေရေး လို့ပါရှိထားပြီး သားဖြစ်တဲ့ အတွက် တပ်မတော်သားကိုယ်စားလှယ်တို့မှ ချေပမှုသည် ခုတ်တာတခြား ထိရာတခြားဖြစ်နေသကဲ့သို့ဖြစ်နေပါသည်။ တပ်မတော်သားကိုယ်စားလှယ်များပြန်လည်ဖြေကြားလိုက်သည်က တပ်မတော်အင်အားရှိဖို့လိုအပ်တယ် ဆိုတာပါပဲ။ တပ်မတော်သုံးရပ်ကျစ်လစ်ခိုင်မာပါပြီဆိုမှတော့ဖြင့် အင်အားရှိတယ်ဆိုတာ လိုအပ်ပါဦးမလား။ စကားလုံးအသုံးအစွဲ သာကွာဟသွားခြင်းပါပဲ။ တကယ်ဆိုရင် ကျစ်လစ်ခိုင်မာမှုအတွက် လက်တလောအခြေအနေမှာ တပ်မတော်အနေနဲ့ ဘယ်လိုလုပ်ဆောင်နေကြောင်း လေ့ကျင့်မှုကဏ္ဍတွေကို ဘယ်လိုစွမ်းဆောင်နေကြောင်း ပညာရပ်ပိုင်းဆိုင်ရာအတွက် ဘယ်လိုနိုင်ငံတွေကို ပို့ဆောင်နေပြီး ဘယ်လိုတာဝန်မျိုးတွေကို ထမ်းဆောင်ထားစေကြောင်း စစ်ဘက်ဆိုင်ရာပညာ ရပ်များနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံအသီးသီလိုက်ကို ပေးပို့စေလွှတ်သင်ကြားစေပြီး ဘယ်လိုတာဝန်တွေထမ်း ဆောင်ထားစေကြောင်းကို ပြောကြားသင့်ပါတယ်။ အသင့်တော်ဆုံးအနေနဲ့ လပိုင်းအတွင်းမှာပဲ မိမိတို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည်လည်း အိမ်နီးချင်းနိုင်ငံများသို့ ချစ်ကြည်ရေးအလည်အပတ်သွားရောက်ကာ စစ်ရေးလေ့ ကျင့်မှုများအတွက် ဆွေးနွေးခဲ့ပြီး အိမ်နီးချင်းတပ်မတော်များကို လေ့လာခဲ့ကြောင်း စသဖြင့် ဖြေကြားလျှင်ဖြင့် ထိ ရောက်မည်ဖြစ်ပါသည်။
ဒါ့အပြင် သတင်းပါ ဒုတိယဖြေကြားချက်အရ တပ်မတော်သားကိုယ်စားလှယ်များဟာ စစ်သားမှစစ်သား ဆို တဲ့ အစွန်းရောက်စိတ်အနည်းငယ်ရှိနေတယ်ဆိုတာကို ခံစားရမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရပ်ဘက်ပြောင်း ရွှေ့တာဝန်ထမ်းဆောင်တဲ့ အငြိမ်းစားစစ်ဘက်အရာရှိများကို စနစ်တကျလေ့ကျင့်သင်ကြားပေးထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဟုတ်ကဲ့ မငြင်းလိုပါဘူး။ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမယ့် ဦးစီးဌာနတွေရဲ့ စည်းမျဉ်းလုပ်ငန်း များကို ရက်တို လတိုသင်တန်းများတက်ရောက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ သို့သော် သင်တန်းတက်ရောက် ပြီးတာနဲ့ပဲ စနစ်တကျဖြစ်ပြီလို့ပြောလို့ရပါသလား။ အရပ်ဘက်ကငယ်မွေးဝန်ထမ်းတွေလည်း ဌာနတွင်းသင်တန်းတွေ ကိုအခါအခွင့်သင့်သလိုတက်ခဲ့ကြတာပါပဲ။ ဒါ့အပြင်လုပ်ငန်းပိုင်းဆိုင်ရာအရ ငယ်မွေးဖြစ်တဲ့အတွက် မိမိဝန်ကြီးဌာနရဲ့ လုပ်ငန်းစည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေဟာ ကျက်မှတ်စရာမလိုဘဲကို အလိုလိုအလွတ်ရနေမယ်ဆိုတာကိုလည်း မိမိ တို့တပ်မတော်သားကိုယ်စားလှယ်များနဲ့ တပ်မတော်သားတွေထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေပြောလေ့ရှိတာက စစ်တပ်ကသင်ပေးလိုက်တာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုပညာ တနည်း ခေါင်းဆောင်မှု ပေါ့။ ဘယ်နေရာ ရောက်ရောက် အုပ်ချုပ်မှုနိုင်နင်းတယ် ဆိုတာပါပဲ။ ဟုတ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းသဘောသဘာဝ အုပ်ချုပ်မှုမတူညီတဲ့နေရာမှာတော့ အလွဲကြီးလွဲပါတယ်။ ဥပမာ ကျနော်တို့ လက်နက်ကိုင် ထားတဲ့ တပ်မတော်ဆိုတာ ဗျူရိုကရက်အဖြစ်ဆုံးပါ။ ဒီလိုဗျူရိုကရက်တစ်ကို အားထားအုပ်ချုပ်ပြီး အမိန့်ပေးပုံစံနဲ့ သွား တဲ့လက်နက်ကိုင်တပ်ဖွဲ့တခုမှာတာဝန်ထမ်းဆောင်ခဲ့သူဟာ သာမန်အရပ်သား ဗျူရိုကရက်သိပ်မကျတဲ့အဖွဲ့တခုမှာ လုပ်ကိုင်ရခက်ခဲပါတယ်။ ပြန်တွက်ကြည့်ရင် ကိုယ်တိုင်လဲ အုပ်ချုပ်ရတာ အားမရသလို အုပ်ချုပ်ခံရသူကလဲ အစဉ်အ လာမဟုတ်တဲ့အတွက် အသားကျကျေနပ်မှာမဟုတ်ပါဘူး။ ဥပမာ စစ်တပ်မှာက တန်းစီချိန်ကို ငါးမိနစ်ထက်နောက်ကျ ရင် တကယ်လို့များ စွဲချင်တယ်ဆိုရင် အပြင်းဆုံး နိုင်ငံတော်ပုန်ကန်မှုအထိ အာဏာဖီဆန်မှုအထိ စွဲချက်တင်နိုင်ပါ တယ်။ ဒါပေမယ့် အရပ်ဘက်မှာ ဒီလိုလုပ်လို့မရပါဘူး။ အရပ်ဘက်ဝန်ကြီးဌာနဥပဒေတွေမဖတ်ဖူးတော့ အဲလို ရလား မရလားတော့ ကျနော်လည်း အတတ်မပြောနိုင်ပါ။ သို့သော် သာမန်အတွေးဖြင့်စဉ်းစားလျှင် အရပ်ဘက်ဝန်ထမ်းတွေ မှာက မြို့ထဲသွားလာလှုပ်ရှားရတယ် အိမ်မှုအလုပ်တွေရှိနေတယ် ဒီတော့ ရုံးကို ၅ မိနစ်လောက်နောက်ကျလို့လဲ အခက်အခဲမရှိနိုင်ပါဘူး။ ဒါက အရေးမကြီးတဲ့ သာမာန်အသေးအမွှားလိုဆိုပေမယ့် ကျနော်တို့ စစ်တပ်မှာ န နာရီနဲ့ တိုက်ပွဲဝင်ဖို့လေ့ကျင့်ထားတဲ့သူတွေအတွက်က တစ်မိနစ် ဆိုတာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို အ သက်ပေါင်းများစွာကိုလဲ ဆုံးရှုံးစေနိုင်ပါတယ်။ ဒီလိုမတူညီတဲ့သဘောတရားတွေကိုလဲ မိမိတို့ စစ်ဘက်ခေါင်းဆောင် များအနေနဲ့ စစ်သားမှစစ်သားဆိုတဲ့ စိတ်လေးကို ဖြုတ်ပြီး စဉ်းစားပေးစေလိုပါတယ်။
ဒါ့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် တင်သွင်းတာက အဲလိုအရမ်းကာရော စစ်ဘက် ကနေအရပ်ဘက်ကို ပြောင်းရွှေ့တာဝန်ပေးတော့ အရပ်ဘက်ဝန်ထမ်းတွေရဲ့ ရာထူးတက်လမ်း နဲ့ ဘဝမျှော်လင့်ချက် ကိုထိခိုက်နိုင်ပြီး အရပ်ဘက်ဝန်ထမ်းများအနေနဲ့လဲ တပ်မတော်အပေါ်မှာ သူတို့တွေပဲနေရာတကာပါတယ် နေရာရ တယ်ဆိုတဲ့ မကောင်းမြင်စိတ်နဲ့ ဖြစ်ပေါ်လာနေပါတယ်။ ဆက်လက်ကျင့်သုံးရင် ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး ပိုမို ဆိုးရွားနိုင်တယ်ဆိုတဲ့ သဘောနဲ့ပြောဆိုတင်ပြခဲ့တာဖြစ်ပါတယ်။ ဒါကို ငါတို့စစ်သားတွေကို အသုံးမကျဘူးလို့ပြော တယ်ဆိုတဲ့ တဖက်သတ်အတွေးနဲ့ ခုလိုယတိပြတ်ပြန်လည်ချေပတာဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အပြုအမူမ တဟုတ်ပါဘူး။ ကျနော်ယခင်ရေးသားခဲ့တဲ့ တပ်မတော်သားများအား ဗိုလ် သာဖြစ်စေလို ဆိုတဲ့ ဆောင်းပါးမှာလဲ ယင်း အတွက်ဖြော်ပခဲ့ပြီးဖြစ်ပါသည်။ သို့အတွက် မိမိတို့တပ်မတော်သားများမှ နှစ်ဖက်မြင်နားလည်ပေးစေလိုပါသည်။ လူကြီးဖြစ်ချင်လျှင် လူကြီးဆန်တတ်ရပါမည်။ တိုင်းပြည်ရေးရာအရှည်သဖြင့် ကောင်းစေကြောင်းကို ဆွေးနွေးသမှု သည် စစ်တိုက်သလို အောင်နိုင်ရေးတခုနှင့် ပျက်စီးဆုံးရှုံးမှု ရင်းနှီးပေးစပ်မှုကို မကြည့်သည့် ယတိပြတ်ဆုံးဖြတ်မှုနှင့် ကွာခြားပါသည်။
ယင်းမှာ မိမိတို့တပ်မတော်သားကိုယ်စားလှယ်များ၏ တုန့်ပြန်ချေပချက်များအပေါ်မိမိရှုမြင်သုံးသပ်ချက် ဖြစ် ပါသည်။ ထိုနည်းတူစွာ နိဒါန်းပါ တင်သွင်းသည့်ခေါင်းစဉ်အား စဉ်းစားရလျှင်မှု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တယောက်အနေဖြင့်လည်းကောင်း တပ်နှင့် ပြည်သူ ရင်ကြားစေ့ရေး အခြားဌာနဆိုင်ရာဝန်ထမ်းများနှင့် ကြေလည် သင့်မြတ်ရေးအတွက်ဆိုပြီး ဆွေးနွေးသည့်တိုင် တင်ထားသည့်ခေါင်းစဉ်မှာ လက်ရှိအနေအထားများအရနှင့် ပြောင်းလဲ စနိုင်ငံရေးအခြေအနေကို ရှုပ်ထွေးစေနိုင်ပြီး မူရင်းဆိုလိုချင်သည်နှင့် ကွဲလွဲဆန့်ကျင်နေပါသည်။ စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး ဆိုသည်မှာ အဘယ်ကဲ့သို့မှန်းမသိ။ မိမိကိုယ်တိုင်ပဲ စစ်သားဖြစ်ခဲ့ခြင်းကြောင့်လော။ နားထဲတွင်သော် လည်းကောင်း ဖတ်ရသည်မှာလည်းကောင်း မည်သို့မှ မတည့်ဖြစ်နေပါသည်။ ထားပါလေ။ သို့သော် မိမိအနေဖြင့် ယင်းအား မိမိသဘောဖြင့် ပြောင်းလဲလိုက်ပါသည်။ ယင်းကား တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာမူဝါဒများ တင် သွင်းဟူကာတည်း။
ယခုမိမိအနေဖြင့် သုံးသပ်မည်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၏ “ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ်တွေကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံး စရိတ်တွေလည်း လျော့ကျသွားမှာပါ” ဆိုသည့်အချက်ကိုဖြစ်သည်။ စစ်အသုံး စားရိတ်သည် စစ်ကျောင်းကြီးများတွင်သာတည်မှီနေသည်ဟု ထင်မြင်နေရှာသော အမျိုးသားလွှတ်တော်ကိုယ်စား လှယ်၏ အတွေးအခေါ်အား အပေါ်ပိုင်းအထင်ကြီးခဲ့သမျှ အချည်းနှီးဖြစ်ရသည်၊ အံ့သြရသည်။ ထို့ပြင် အထက်တွင် တော့ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးသွယ် အင်အားကျစ်လျစ်ခိုင်မာရေး ဆိုသည့်အဆိုနှင့် ဆန့်ကျင်ဘက်လားရာ ဖြစ်နေရပြန်ပါသည်။ ထိုစစ်ကျောင်းကြီးများထဲတွင် အခြားကျောင်းများသည်လည်း တပ်မတော်တိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်လှပါသည်။ ထိုနည်းတူစွာ စတသ ကိုဖွဲ့စည်းရခြင်းသမိုင်းနောက်ခံများသည် နိုင်ငံရေးသမားဖြစ် သောဦးအေးမောင်တို့ကဲ့သို့သောလူများနှင့်လဲ မကင်းသည်ကို မိမိဖတ်ရှုမှတ်သားဖူးသော ဗိုလ်ချုပ်သမိုင်းများနှင့် စတသ သမိုင်းများတွင်လေ့လာမှတ်သားဖူးပါသည်။ မိမိလေ့လာမှတ်သားသည့်အချက်အလက်များ မှားယွင်းနေခဲ့ သည်ဆိုလျှင်တော့ဖြင့် ဦးအေးမောင်အား ယခုစာနှင့်ပင် တောင်းပန်လိုက်ပါသည်။ သို့သော်လည်း မိမိသည် စတသ ကျောင်းဆင်းတယောက်အနေဖြင့် အစဉ်အလာကြီးမားသော မိမိတို့ စတသ ဖြစ်ပေါ်လာရခြင်းသမိုင်းကြောင်းသည် မမှားတန်ရာ။ ထို့ပြင် အခြားစာအုပ်တခုတွင်လဲ မှတ်သားမိဖူးသောကြောင့်ဖြစ်သည်။ မိမိလည်း အတိအကျတော့ဖြင့် မမှတ်မိပါ။ သို့သော် မိမိမှတ်မိသလောက်ဖြင့် ဖောက်သည်ချပါအံ့။
ဗိုလ်ချုပ်သည် လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဖို့ အင်္ဂလိပ်အားတိုက်ထုတ်ရန် ဂျပန်သို့ စစ်ပညာသင်သွားပါ သည်။ ထိုအခါ ဂျပန်ပြည်တွင် စစ်ပညာသင်ရင်း လွတ်လပ်ရေးကြိုးပမ်းခဲ့သည်။ ထားပါလေ။ သည်လိုနဲ့ ဗိုလ်ချုပ်ကိုယ် တိုင်က ငါတို့ မြန်မာပြည်မှာလဲ တချိန်ချိန်မှာ ဒီလိုစစ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်မယ့် စစ်ကျောင်းကြီး တကျောင်းတနေ့မှာပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ရှိခဲ့သလို ဖွင့်ဟပြောဆိုခဲ့ဖူးတယ်လို့လဲ မှတ်သားရပါတယ်။ ဒီလို ယနေ့ထိ လေးစားနေရတဲ့အမျိုးသားခေါင်းဆောင်ကြီးရဲ့ တိုင်းပြည်ကာကွယ်ရေးအပေါ် မြင့်မားတဲ့အတွေးအခေါ်နဲ့ ဖြစ်စေချင်ခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍရဲ့ အဓိကကျောင်းကြီးတွေကို ဖျက်သိမ်းခိုင်းတယ်ဆိုတော့ မရိုမသေ မေးလိုက်ချင်ပါသည်။ ဘယ်လိုအတွေးအခေါ်နဲ့များ ဒီလိုအတွေးအခေါ်ထွက်တာလဲလို့ပါ။ အမတ်မင်းရဲ့ စစ်တပ်အသုံး စားရိတ်လျှော့ချရေးဟာ ဒီကျောင်းတွေမဖျက်သိမ်းပဲ အတိုင်းအတာတခုထိလျှော့ချရမယ့် နည်းလမ်းကို မစဉ်းစားနိုင် လို့ပဲလားလို့ မရိုမသေတွေးမိပါတယ်။ အမတ်မင်းဖြစ်ချင်တဲ့ စစ်တပ်အသုံးစားရိတ်လျှော့ချဖို့အတွက် ကျနော်မြင်သ လောက်လေးနဲ့ သိသလောက်ထဲက တခုကိုပြောရရင် တပ်ရင်းတပ်ခွဲတွေကို ထောက်ပံ့နေရတဲ့ စက်ဆီချောဆီများကို အမှန်တကယ်အသုံးပြုမှုရှိရဲ့လား။ ဘယ်လိုအလေအလွင့်တွေဖြစ်နေလဲဆိုတာတွေကို စောင့်ကြပ်စစ်ဆေးပြီး လျှော့ချ မယ်ဆိုရင်လဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်ဖြင့် အထိုက်အလျောက်လျော့ကျသွားနိုင်ပါတယ်။
ဒီနေရာမှာတော့ တပ်မတော်တွင်းမှာလဲ ဒီလိုလေလွင့်ဆုံးရှုံးနေရတာတွေဖြစ်ပေါ်နေတာကို တပ်မတော်ခေါင်း ဆောင်များအနေနဲ့လည်း လျစ်လျူမရှုဘဲ အဆင့်လိုက်က စောင့်ကြပ်ထိန်းသိမ်းရပါမယ်။ အရံဆီကို အပြည့်အဝထား ပြီး အသုံးပြုနေတဲ့ ဆီတွေကို ဘယ်လိုခြိုးခြံချွေတာနိုင်မလဲ ဆိုတာကို စဉ်းစားအဖြေရှာကြရပါမယ်။ မိမိတို့ တိုင်းပြည် အနေအထားပေါ်မူတည်ပြီး မသုံးသင့်တာကို မသုံးစွဲကြဘဲ လို/ပိုစာရင်းကို အမှန်အတိုင်းအထက်ကို တင်ပြကြပြီး တိုင်းပြည်ကိုပြန်ကြည့်ကြရပါမယ်။ တဖက်မှာလဲ အပြည့်အဝမရရှိတဲ့ အခွင့်အရေးတွေအတွက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းနိုင်အောင် တပ်မတော်သားကိုယ်စားလှယ်များက လွှတ်တော်တွင်းမှာ တင်ပြတောင်းခံကြရပါမယ်။ ဒီလိုမှ သာတပ်မတော်သားကိုယ်စားလှယ်များမှလည်း တပ်မတော်သားများလေးစားအားကိုးရသော ကိုယ်စားလှယ်များ ဖြစ် ကြမည်ဖြစ်သလို အခြားကိုယ်စားလှယ်များကလည်း တဖက်စောင်းနင်းမဖြစ်စေဖို့လိုအပ်ပါတယ်။ ဒီအတွက် အားလုံး ကလည်း ဆက်လက်ဖြည့်ဆည်းသွားကြရမှာဖြစ်ပါတယ်။
အခြားကိုယ်စားလှယ်များအနေနဲ့ ယခင်အစိုးရဟောင်းများလက်ထက်က မြင်ခဲ့တဲ့တပ်မတော်ကို အမှန်တ ကယ်ပြောင်းလဲလာစေဖို့ မှန်ကန်တဲ့အတွေးအခေါ်တွေနဲ့ စဉ်းစားတင်ပြကြရမှာဖြစ်သလို တပ်မတော်သားကိုယ်စား လှယ်များအနေနဲ့လည်း စစ်သားမှစစ်သားဆိုတဲ့စိတ်နဲ့ ဇွတ်မှိတ်မငြင်းဘဲ တပ်တွင်းမှာရင်ဆိုင်နေရတဲ့ အခက်အခဲများ ကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားပြီး လိုအပ်တဲ့အကြံဥာဏ်များကို ရယူကြရပါမယ်။ တပ်မတော်အနေနဲ့ကတော့ ယခင်မိမိရေးသားသောဆောင်းပါးများတွင်ပါရှိသကဲ့သို့ မည်သည့်ကျောင်းဆင်းဖြစ်သည် အရပ်ဘက်မှဘွဲ့ရလာသည် စသည်များကို မခွဲခြားဘဲ နေရာပေးရန်အတွက်လည်း ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ကြရပါမည်။ ယခင့် ယခင်အချိန်များကဲ့သို့ အရပ်ဘက်သက်မွေးကျောင်းများမှ ကျောင်းပြီးလာသူများမှ တပ်မတော်တွင်တာဝန်ထမ်း ဆောင်လိုပါကလည်း ရရှိခဲ့သည့် ဘွဲ့များနှင့် သင့်တော်သည့် လက်ရုံးတပ်ဖွဲ့များတွင် အရည်အချင်းကိုဦးစားပေးနေရာ ပေးကာ ခန့်အပ်ခြင်းဖြင့် အမတ်မင်း ဦးအေးမောင်တင်ပြခဲ့တဲ့ တပ်မတော်နဲ့ ကျောင်းသားများအကြားမှာရှိနေတဲ့ အယူ အဆလွဲမှားမှုတွေကို ပြေလည်အောင်ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ အတိအကျပြောရလျှင် ထိုသို့ အရပ်သား စစ်သား ကျောင်းသားဟူသည့်အစွဲများကိုပင်ဖျောက်သင့်လှပေသည်။ နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ ဝါသနာပါရာ အလုပ်များဖြင့် အားဖြည့်ပေးနေပါလားဆိုသည့် မြင့်မြတ်သည့် သဘောထားပြည့်ဝသည့် အဆင့်အတန်းရှိသည့် အသိ ပညာဖွံ့ဖြိုးတိုးတက်လာလျင်ကား အမတ်မင်းတင်ပြခဲ့သော မှားယွင်းသည့်အယူအဆသည် ရှိလာမည်ပင်မဟုတ်ချေ။
အချုပ်အားဖြင့်ဆိုရလျှင် အချို့ကာကွယ်ရေးကဏ္ဍများသည် မည်သူ့ကိုမျှချပြမှုမရှိဘဲ သုံးစွဲနိုင်သည့် စားရိတ် အနေဖြင့် ထိုက်သင့်သည့် အတိုင်းအတာကို ချထားသတ်မှတ်ရမည်ဖြစ်သည်။ မိမိမှတ်သားမိသမျှပြောရလျှင် မိမိတို့ အိမ်နီးချင်းနိုင်ငံတပ်မတော်သည်ပင်လျှင် ကာကွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး တပ်ဘက်တပ်မှူးကြီးများသာ သိသည့် အသုံးစားရိတ်ကို နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းပေးထားရသည်။ မိမိအနေဖြင့် ယခုဆောင်းပါးတွင် တပ်မတော်သား ကိုယ်စားလှယ်များ ဟုထည့်သွင်းရေးသားနေခြင်းအပေါ် အခြေခံဥပဒေပါ တပ်မတော်သား ၂၅ ရာခိုင်နှုံး အားထောက် ခံလိုပြီးပြောကြားခြင်းမဟုတ်ပါ။ ယင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် သက်ဆိုင်ရာတာဝန် ရှိသူများက တာဝန်ယူကြပေလိမ့်မည်။ မိမိအနေဖြင့် ယခုဆောင်းပါးသည် စစ်တပ်လွှမ်းမိုးမှုလျှော့ချရေး လွှတ်တော် တွင်တင်သွင်းဆိုသည့် သတင်းအပေါ်တွင်သာ အခြေခံရေးသားခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် ပြောလိုသည်မှာ တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့်လည်း စစ်သားမှစစ်သားဆိုသည့်အစွဲပျောက်ကင်းပြီး တဖက်မှလည်း ခေါင်းစဉ်အသုံးအနှုံးကို သတိထားစေရန်သာဖြစ်ပါသည်။ ထို့ပြင် မည်သည်က အဓိကဖြစ်သည်ကို အသေအချာစဉ်း စားပြီးမှ ပြောကြားသင့်သည်ကို သတိချပ်စေလိုခြင်းသာဖြစ်ပါသည်။ အမတ်မင်းယနေ့တင်သွင်းခဲ့သော အဆိုများ သည်ကျနော် ရေးသားပြီးသော တပ်မတော်သားများအား ဗိုလ် သာဖြစ်စေလို ဆောင်းပါးတွင် ရေးသားခဲ့ပြီးသည်များ ဖြစ်ပါသည်။ သို့အတွက် မိမိကိုယ်စား လွှတ်တော်တွင်းတင်ပြပေးသည်ဟု မှတ်ယူကာ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထိုသို့ တပ်မတော်သားများအရေးကို ယခုကဲ့သို့ အရေးတယူတင်ပေးသည့်အတွက်လည်း လေးစားမိပါသည်။ တပ်မ တော်သားကိုယ်စားလှယ်များမှလည်း ကျိုးကြောင်းခိုင်လုံစွာ ပြန်လည်ချေပနိုင်ပြီး စကားနိုင်လုသကဲ့သို့မဟုတ်ဘဲ တိုင်းပြည်နှင့် တပ်မတော်အတွက် အမှန်တကယ် လိုအပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်အထိ ဆွေးနွေးပြီး ဥပဒေတရပ်ဖြစ်ပေါ်လာအောင် တင်ပြဆွေးနွေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း သုံးတပ်မိသမျှ ဖော်ပြလိုက် ရပါတယ်။
ဗိုလ်ရဲထက်(၁၅-၂-၂၀၁၂)။

1 comment:

  1. ဒုတိယအပိုဒ်ရှိ ဦးအေးသာအောင်အား ဦးအေးမောင်ဟု ပြင်ဆင်ဖတ်ရှုပေးစေလိုပါသည် မှားယွင်းမှုအတွက် အထူးပင် တောင်းပန်အပ်ပါသည်။

    ReplyDelete

Ads 468x60px

Featured Posts