Saturday, March 17, 2012

မြတ်နိုးအတုယူဖွယ် စစ်ပြန်စစ်မှုထမ်းဘဝ (၂)



ဗိုလ်ကြီး Jeremiah Ellis ဟာ အာဖဂန်နစ်စတန် တောင်ပိုင်း တာလီဘန်ထိန်းချုပ်နယ်မြေ Senjaray မြို့မှာ စခန်းချတဲ့ အမှတ်(၄)ခြေလျင်တပ်မမှ တပ်ခွဲမှူးတဦးပါ။ သူ Senkaray မြို့တော်ဝန်ဖြစ်လာ ချိန်မှာ ဒေသဆိုင်ရာအကြီးအကဲများနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး မြို့လုံခြုံရေး ကို ထောက်ပံ့ကူညီပေးတယ်၊ မြို့ခံလူထုဖြစ်စေချင်တဲ့ ဖွံ့ဖြိုးမှုကိစ္စတွေကို မေးမြန်းပြီး Commander’s Emergency Response Program (CERP) ထဲကနေ ရံပုံငွေ ထောက်ပံ့ပေးတယ်။ အဲဒီအတွေ့အကြုံကနေ Ellis အတွက် နိုင်ငံရေးစွမ်းရည်တွေ တိုးတက်စေခဲ့တယ်။

ဘဝပြန်လည်ထူထောင်ရေး
သူနေထိုင်တဲ့မြို့မှာ မြို့တော်ဝန်ပြန်ဖြစ်တဲ့အခါ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့အခါ အဲဒီအတွေ့အကြုံတွေက တန်ဖိုးရှိလာတယ်။ သူနဲ့ သူ့ရဲ့လက်တွဲဖော်တပ်ကြပ်ကြီး Jack Robison တို့ဟာ အခြားလုပ်ငန်းတွေမှာလည်း သူတို့ရဲ့ စွန့်ဦးတီထွင်ဖန်တီးမှု စွမ်းအားကို ပြသခဲ့ကြတယ်။ အကြမ်းပတမ်းတိုက်ပွဲတွေကြားမှာ မလွှဲမရှောင် သာ ရှိနေခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ တပ်ချထားရာကနေ အိမ်ပြန်ရောက်ချိန်မှာ စိတ်ဖိစီးမှုတွေရှိနေတယ်။ ခက်ခဲ တဲ့ကာလတွေမှာ သူတို့ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေ အာရုံပြောင်းစေဖို့  Colorado ရှိ Fort Carson မှာ ကျောက်ကမ်းပါးယံတက်ခြင်း၊ ရေမော်စီးခြင်း၊ သဲထိတ်ရင်ဖိုစွန့်စားရသောပြိုင်ပွဲလေးများ ကျင်းပပေးခြင်းဖြင့် သုံးရက်တာ လေ့ကျင့်ခန်း အစီအစဉ်လေး လုပ်ပေးတယ်။ New Hamphire တက္ကသိုလ်မှ ရောဂါကုထုံး သမားတော်တွေ ဖိတ်ခေါ်ပြီး စစ်မှုထမ်းတွေရဲ့ ရင်ထဲက ခံစားချက်တွေကို အမှန်အတိုင်း ရင်ဖွင့် ပြောပြစေ ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကတော့ Ellis လို အတွေ့အကြုံကြွယ်ဝပြီး အားကိုးအားထားရတဲ့ လူငယ်ခေါင်းဆောင်တွေ တပ်ကအနားယူသွားမှာကို စိုးရိမ်ကြောင့်ကြ ဖြစ်တာအမှန်ပါပဲ။ ဒါပေမဲ့ စစ်တပ်က လွင့်စင်လာတဲ့ ဦးနှောက်ယို စီးမှုဟာ အမေရိကန် အရပ်ဖက်အတွက် အကျိုးများပါတယ်။ “သူတို့ (စစ်ပြန်စစ်မှုထမ်း) တွေဟာ စိတ်သောက ဖိစီးမှုတွေ ရှိနေတဲ့ကြားကပဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်ကြ၊ လူ့အသိုင်းအဝိုင်းကို ပြန်လည် ထူထောင်ကြတယ်။ တနေ့တနေ့ ကိုယ့်ကိုလက်ကမ်းကြိုဆိုသူနဲ့ကြုံရမလား၊ လက်ပစ်ဗုံးက စောင့်ကြိုနှုတ်ဆက် လေမလား မသေချာတဲ့ စစ်မြေပြင်ကျင်လည်ခဲ့ရသူတွေဟာ မယုံကြည်နိုင်လောက်အောင် နူးညံ့သိမ်မွေ့မှုကို ပြသခဲ့ကြတယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဝန်းကျင်အခြေအနေက အမေရိကန်အများစုရဲ့ နေ့စဉ်ဘဝနဲ့ လုံးဝကို ခြားနားလှတာပါ။ Joplin မှာ တိုနာဒိုလေဆင်နှာမောင်းတိုက်တာကို သူတို့ကိုယ်တွေ့ကြုံခဲ့ရတာ။ ဒါကြောင့် Joplin ဒေသပြန်လည်ထူထောင်ရေးမှာ သူတို့ဝိုင်းဝန်းကူညီကြမှာ အသေအချာပါပဲ။ သူတို့ဟာ အမေရိကရဲ့ အားထားရမယ့် နောက်ဆက်အဖြစ် ကျနော်ယုံကြည်ပါတယ်..” လို့ စစ်ပြန်များ ဖေးမကူညီလေ့ကျင့်ပေးရေး အစီအစဉ် အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း David Petraeus က ဆိုပါတယ်။
Petraeus ဟာ စစ်ပြန်များအတွက် စိတ်ဓတ်ရေးရာအရ စံပြပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ သူ့ဘေးမှာ West Point စစ်တက္ကသိုလ်ဆင်း McNally၊ အီရတ်နိုင်ငံ Baghdad မှာတာဝန်ထမ်းဆောင်ဖူးသူ စစ်ရဲအရာရှိဟောင်း Rhodes ၊ မရိန်းတပ်ဖွဲ့ ဗိုလ်ကြီးဟောင်း Or Seth Moulton တို့ ဝန်းရံထားပါတယ်။ Moulton ဟာ အီရတ်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အီရတ်လူမျိုး အင်ဂျင်နီယာတွေနဲ့ အတူလက်တွဲ  လုပ်ဆောင်ရသူလည်း ဖြစ်ပါတယ်။ သူက “ Petraeus ဟာ အံ့သြဖွယ်ရာကောင်းတဲ့ ခေါင်းဆောင်တဦးပါပဲ။ ကျနော်တို့ရဲ့ အလုပ်က စစ်ဗျူရိုကရေစီယန္တရားကို ကျော်လွန်လုပ်ဆောင်ရတာဖြစ်တယ်။ အီရတ် အင်ဂျင် နီယာတွေ၊ အလုပ်သမား တွေသုံးပြီး နယ်ခြားခံတပ်တွေတည်ဆောက်ရာမှာ အမေရိကန် ကန်ထရိုက်တာတွေ သုံးစွဲတဲ့ ကုန်ကျငွေရဲ့ ငါးပုံတပုံ သက်သာပြီး၊ သူတို့ ကြာမြင့်တဲ့ အချိန်ရဲ့ သုံးပုံတပုံ နဲ့ အပြီးဆောက်လုပ်နိုင်ခဲ့တယ်။ ကျနော်တို့ရဲ့  ငွေစာရင်း တောင်းခံလွှာတွေ Petraeus ရဲ့ စားပွဲပေါ်ကို တိုက်ရိုက်ရောက်တယ်။ သူကလည်း လုပ်ငန်းအောင်မြင်ရေး တခုကိုပဲ တောင်းဆို ပါတယ်..” လို့ ပြောပါတယ်။
Moulton ၊ McNally နဲ့ အခြား စစ်ပြန်တပ်ဖွဲ့ဝင်တွေဟာ တပ်ကအနားယူချိန်ကစပြီး အချင်းချင်း ဆက်သွယ်မှု မပြတ်ရှိနေကြတာပါ။ သူတို့ဟာ ကျန်းမာကြံ့ခိုင်မှုရှိတယ်၊ စမတ်ကျတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ ခွန်အားတောင့်တင်းတယ်။ စကားပြောတဲ့အခါ မျက်နှာကိုတည့်တည့်ကြည့်ပြီး ပြောတယ်။ အရူးအမူး ဟာသ လုပ်တတ်ပေမဲ့ လက်တွေ့ကျတဲ့ စကားလုံးကိုပဲပြောတတ်တယ်။ “ပညာရေးနောက်ခံအားကောင်းတဲ့ စစ်ပြန် တွေကြားမှာ ခိုင်မာတဲ့ကတိတခုရှိတယ်.. ကျနော်တို့ရဲ့ပညာနဲ့ ဒီအဖွဲ့မှာအလုပ်အကျွေးပြုဖို့ပါပဲ။ ကျနော်တို့က ပိုမိုကောင်းမွန်တဲ့ အမေရိကန်လူနေမှုဘဝကိုပဲမြင်ချင်ပါတယ်။ သူတလူငါတမင်း သဘောထားကွဲပြားတဲ့ ခေတ်ကာလနိုင်ငံရေးကို အလိုမရှိဘူး။ သူတို့ခေတ်မှာ တိုင်းပြည်ကို ဆွဲနှစ်ပစ်ချတတ်တယ်” တဲ့.. Moulton က ပြောတာပါ။ ဒါဟာလည်း စစ်ပြန်ရဲဘော်တွေရဲ့ ချစ်စရာ ကောင်းတဲ့အချက်ပါပဲ၊ သူတို့ဟာ စကားကို တည်တည် ခန့်ခန့် ပြောကြတယ်။
တဦးနဲ့တဦး ရိုင်းပင်းကူညီရေး
Paul Rieckhoff ဟာ ၂၀၀၄ ဇန်နဝါရီလမှာ အီရတ်ကနေ အစောဆုံးအိမ်ပြန်လာသူ စစ်ပြန်တဦးပါ။ သူဟာ ကြည်းတပ် အရာရှိတဦးဖြစ်ပြီး Amherst College ကနေဘွဲ့ရထားပါတယ်။ အီရတ်စစ်မြေပြင်မှာ သူ့တပ်ဖွဲ့ဟာ ကျည်ကာဝတ်စုံကောင်းကောင်းမရှိဘဲ အမိုးဖွင့် humvee စစ်ယာဉ်ပေါ်မှာ အန္တရာယ်တွေကြားထဲ လှုပ်ရှားသွား လာနေရတာဆိုတော့ တပ်ဖွဲ့ဝင်တွေ ဘယ်တော့သေကြေမလဲ၊ ဒဏ်ရာရကြမလဲ အမြဲတွေးပူနေရတယ်။ သူတို့ တပ်ဖွဲ့ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရချိန်မှာ သူတို့ကို အရေးတယူလုပ်မယ့်သူမရှိဘူး၊ သူတို့အပေါ်စာနာစိတ် ထားပေးဖို့ ဆွယ်တရားဟောသူမရှိဘူးလို့ ခံစားရချိန်မှာ သူ့စိတ်ထဲ အော်ဂလီဆန်လာတယ်။ ဒေါသတွေနဲ့ သူ အိမ်ကိုပြန်လာတယ်။ အိမ်ပြန်ရောက်ပြီး မကြာမီမှာပဲ သူ့တပ်ဖွဲ့ဝင်တဦး ကိုယ့်ကိုယ်ကိုသတ်သေတဲ့အဖြစ်ကို ကြုံတွေ့လိုက်ရတယ်။
မကြာမီ  သူနဲ့ သူ့လိုစစ်ပြန်တွေ စုဖွဲ့ပြီး Operation Truth ဆိုတဲ့ ဝက်ဆိုက်လေး တခုထောင်တယ်။ အဲဒီ ဆိုက်ဟာ စစ်ပြန်ရဲဘော်တွေရဲ့ သတင်းစုစည်းရာဖြစ်လာပြီး Iraq and Afghannistan Veterans of America (IAVA) အဖွဲ့ကို ထူထောင်လိုက်ကြတယ်။ အစပိုင်းမှာ သူတို့အဖွဲ့ဟာ စစ်ဆန့်ကျင်ရေး နိုင်ငံရေး ဆန်ဆန်။ “ကျနော်တို့က စစ်ပွဲဆန့်ကျင်တယ်၊ တပ်မတော်ကိုတော့ ချစ်တယ်” လို့ Rieckhoff က ဆိုပါတယ်။ ကွန်ဂရက် မှာ ဝင်ရောက်အရွေးခံတဲ့ ဒီမိုကရက်တစ် စစ်ပြန်ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကူညီဖို့ VoteVets အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ်။ အဲဒီအခါ စစ်ပွဲကိုထောက်ခံပြီး ရွေးကောက်ပွဲဝင်တဲ့ စစ်ပြန်တွေကိုလည်း တွေ့ခဲ့ ရတာမို့ VoteVets အဖွဲ့ကို IAVA ကနေ ခွဲထုတ်လိုက်တယ်။ သူတို့ရည်ရွယ်ချက်က ရွေးကောက်ပွဲဝင်တဲ့ စစ်ပြန် ကိုယ်စားလှယ်တိုင်းကို ကူညီပေးဖို့ပါ။ ပါတီအနေနဲ့ ဒီမိုကရက်ပါတီ၊ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်ကြိုက်ရာ ဝင်ကြပေမဲ့ သူတို့အချင်းချင်း အပြန်အလှန် ယိုင်းပင်းကူညီကြတယ်။ သူတို့ဟာ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အပြန်လှန် ငြင်းခုံဝေဖန်မှုရှိပေမဲ့ သူတို့ရဲ့တွေးခေါ်မှုဆိုင်ရာ ကွဲပြားမှုဟာ ရဲဘော်စိတ်ဓာတ်ကို မလွှမ်းမိုးနိုင်ဘူး လို့ ဆိုပါတယ်။ ကိုယ်စားပြုပါတီချင်း မတူလင့်ကစား တဦးရဲ့လိုအပ်ချက်ကို နောက်တဦးက ဖြည့်ဆည်းကူညီဖို့ အဆင်သင့်ရှိနေတာပါ။
“တပ်ထဲမှာက တပ်မတော်သားတွေကို ဖိအားပေးပြီး လေ့လာစေတာ။ ခင်ဗျားမှာ လေ့လာချင်စိတ်ရှိတယ်ဆိုရင် ခင်ဗျားမြန်မြန်တိုးတက်တာပဲ။ ဒီလိုနဲ့ကျနော်တို့ဟာ စာဖတ်အားကောင်းသူတွေဖြစ်လာတယ်။ ကျနော်တို့လေ့ လာသင်ယူထားတဲ့ ဗဟုသုတတွေဟာ ကျနော်တို့ အိမ်ပြန်တဲ့အခါ ပါလာတယ်။” Gallina က ပြောပါတယ်။ သူတို့ဟာ စိတ်ကူးယဉ်တာကို မလုပ်ဘူး။ စစ်ဘက်ဆိုင်ရာ တန်ဖိုးနဲ့ လူ့လောကကို ရှုမြင်လေ့ရှိတယ်။ တခါတရံ မှာ အဲဒီအမြင်ဟာ ဝိရောဓိသဘော ဆောင်နေတတ်တယ်။ ကိုယ်ကျိုးမငဲ့ခြင်းဆိုတဲ့ တန်ဖိုးစံကို Gallina က ချဲ့တွေး ကြည့်တယ်။ စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ မိမိရဲဘော်ကို ထားမပစ်ခဲ့ရဘူး ဆိုတဲ့အခြေခံမူကို အခြား စစ်ပွဲတွေက ပြန်လာတဲ့ စစ်ပြန်တွေအခြေအနေနဲ့ ဆက်စပ်တွေးတယ်။ ပြီးတော့ အရပ်ဘက် လူ့အသိုင်း အဝိုင်းအထိ ချဲ့ကြည့်တယ်။ “ကျနော်တို့ကို လေ့ကျင့်ပေးထားတာက တပ်ဖွဲ့ဝင်အချင်းချင်း သေအတူ ရှင်မကွာ အမြဲအတူ ရှိရမယ်။ ကိုယ်ရေးကိုယ်တာထက် အစုအဖွဲ့အရေးကို ဦးစားပေးရတယ်” လို့ Lewis က ဆိုပါတယ်။
အခြားတဖက်မှာ စစ်ပြန်ရဲဘော်တွေရင်ထဲစွဲမြဲနေတဲ့ အမြင်တခု ရှိနေပါသေးတယ်။ သူတို့က အမေရိကန် လူ့အဖွဲ့အစည်းမှာ အောင်နိုင်သူတွေလွှမ်းမိုးထားပြီး တဦးချင်းတာဝန်ခံမှုတွေ လစ်ဟာနေတယ်လို့ မြင်ကြ ပါတယ်။  အသက်လုတိုက်ပွဲတွေကြားမှာ ရှင်သန်နိုင်အောင်လေ့ကျင့်ပေးထားတဲ့ စစ်သားလူထွက် နိုင်ငံရေးသမားနဲ့ မြို့ပြဝန်းကျင်မှာကြီးပြင်းလာတဲ့ ပညာတတ်နိုင်ငံရေးသမားတို့အကြား လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်ပုံ ကွာခြားတာတွေရှိပါတယ်။ စစ်ပြန်တွေဟာ ဦးဆောင်မှုသဘော နဲ့ ပတ်သက်ပြီး “အကျဉ်းအကျပ်ကြားထဲမှာ ဦးဆောင်မှုပေးရတဲ့အခါ အပွန်းအပဲ့အထိအခိုက်ရှိတဲ့ လုပ်ရပ်တွေ ကိုလည်း လုပ်ဆောင်ကြရတယ်” လို့ သူတို့ကိုသင်ကြားပေးတဲ့ သင်ခန်းစာတွေအရ နားလည်ထားကြပါတယ်။ Navy Seal တပ်ဖွဲ့ဝင်ဟောင်း Eric Greitens က “ကျနော်တို့တပ်ဖွဲ့အနေနဲ့ စီးနင်းသိမ်းပိုက်ရေး လေ့ကျင့်ခန်း လုပ်ရာမှာ ညဉ့်နက်သန်းခေါင် ၀၁၀၀ အချိန်မှာ လေ့ကျင့်ရတယ်၊ ရန်သူက လက်နက်အပြည့်အစုံနဲ့ စောင့်ကြို နေတယ်။ ကိုယ့်ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ လုပ်ငန်းပြီးမြောက်မယ်လို့ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ တာဝန်နဲ့ ဝတ္တရားအရ ကျနော်တို့  မဖြစ်မနေလုပ်ရတယ်။ စွန့်စားမှုတွေကြားကပဲ ရန်သူကိုအမိအရ ကြိုးစားချေမှုန်း ရတယ်။”
လွှတ်တော်ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေတဲ့ စစ်ပြန်ရဲဘော်တွေကို ချီးမွမ်းထောပနာပြုမှုတွေ ရှိနေတဲ့တချိန် တည်းမှာ လူထုနိုင်ငံရေးလှုပ်ရှားမှုကို အထင်မကြီးတဲ့ စစ်ပြန်တချို့လည်း ရှိနေပါတယ်။ လက်ရှိ CNAS ဥက္ကဌ၊ မရိန်းတပ်ဖွဲ့ အရာရှိဟောင်း Nathaniel Fick က “ကျုပ်က စစ်မြေပြင်မှာ အသေအကြေတိုက်ပွဲဝင်ခဲ့ပြီးပြီ။ နိုင်ငံရေးဆိုတာ စစ်မြေပြင် တိုက်ပွဲဝင်တာလောက် စွန့်စရာမလိုဘူးလို့ ကျုပ်ယူဆတယ်။ ခုချိန်မှာ ကျုပ်ချစ်မြတ်နိုးတဲ့ မိသားစု ဘဝလေးထဲမှာ အေးဆေးနေချင်ပြီ။ နိုင်ငံရေးလောကထဲရောက်သွားတဲ့ ကျုပ်မိတ်ဆွေတချို့ ဘုံပျောက်မလို ဖြစ်နေတယ်” တဲ့။ မိတ်ဆွေများက သူ့ကို နိုင်ငံရေးလောကထဲဝင်ရောက်ဖို့ တိုက်တွန်းပေမဲ့ သူက လက်မခံဘူး။ သူကပဲဆက်ပြီးတော့ “ဘယ်ပါတီမှ အစွဲမထားပဲ အကောင်းမြင်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့စွမ်းရည် စစ်ပြန်တွေမှာရှိတယ်။ တိုင်းပြည်အတွက် အရေးတကြီးဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေ ရှိတယ်။ ဘာလုပ်ရမယ်ဆိုတာ ကျုပ်တို့နားလည်ပါတယ်”။
(August 29, 2011 ထုတ် Time magazine ပါ The New gratest Generation by Joe Klein ကို ဥာဏ်မီ သလောက် ထုတ်နုတ်ဘာသာပြန် တင်ပြခြင်းမျှသာ)
ဆက်လက်ဖော်ပြပေးပါမယ်....

နေမင်းသူ
၁၇ မတ် ၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts