Friday, March 16, 2012

အနာဂတ်မှာ တိုင်းပြည်ကို ဘယ်လိုကာကွယ်မလဲ

          ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး ITLOS မှ မိမိတို့ ပိုင်ဆိုင်သည့် ရေပိုင်နက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပိုင်ဆိုင်သင့်ပါသည်ဟု ဆုံးဖြတ်ချက်ချလိုက်သည် ဟု အင်တာနက်သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရပါသည်။ ထိုသတင်းကို ကြားသိရသည့်အခါ ရင်ထဲ တွင် မခံချိမခံသာ ခံစားချက်များနှင့် ဘိုးဘွားပိုင်အမွေအနှစ် ရေထုကို ဆုံးရှုံးလိုက်ရသလို ထိုရေပိုင်နက်တွင်း ကျရောက်လျက်ရှိသော မြေထု(ကျွန်း) ကိုပါဆုံးရှုံးပေးလိုက်ရသည်ကို ကြားသိရသည့်အခါတွင်ကား သက်ပြင်း ခါခါချကာ မကျေမနပ်ဖြစ်ကျန်ရစ်လေတော့သည်။ ထိုအခါ မိမိပထမဦးဆုံး သတိရမိသည်မှာ မိမိတို့ တပ်မ တော်ဆောင်ပုဒ် နှင့် ဆရာချစ်ဦးညို၏ စာပေဟောပြောပွဲမှ ဟောပြောချက်လေး တချက်တို့ကို ချက်ခြင်းသတိရ လိုက်မိသလို အသိတခုသည်လည်း လင်းကနဲ လက်ကနဲဖြစ်လာရပေတော့သည်။ ဤဖြစ်ပေါ်လာသော အသိ တချက်သည် ယခုအခါ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနေသည့် ဆောင်းပါးတပုဒ်အဖြစ်သို့ အသွင်ပြောင်းကာ မိမိ နိုင်ငံ၏ အနာဂတ်ကာကွယ်ရေး၊ မျိုးချစ်စိတ်၊ မိမိမြေ မိမိရေကိုချစ်စိတ်(စကားတို့ဖြင့် ချစ်နေယုံဖြင့်မပြီးပါ) တို့အမှန်တကယ်ရှိပြီလား အနာဂတ်မှာ ဒီလိုအဖြစ်မျိုးမဖြစ်အောင် မိမိတို့ ဘာတွေပြင်ဆင်ထားသင့်သလဲဆို တာတွေကို တစီတတန်းကြီး အတွေးနယ်ချဲ့မိပါတော့သည်။
          မိမိဦးစွာပြောလိုသည်မှာ နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထု ကိုတလက်မမှ အကျူးကျော်မခံဘဲ အသက်အသေခံတိုက်ပွဲဆင်နွှဲသွားမည်ဆိုသည့် မျိုးချစ်တပ်မတော်သားများကိုတည်း။ အဘယ်ကြောင့် မိမိ အနေဖြင့် တပ်မတော်သားများကိုပြောရသနည်း။ အခြားကြောင့်မဟုတ်ချေ။ မိမိတို့ တွေးမြင်ထားသည်မှာ မိမိ မြေ၊ မိမိရေ၊ မိမိလေကို ကျူးကျော်လာမှတိုက်မည် ခိုက်မည်။ သို့သော်ကား ယခုဖြစ်ရပ်တွင် ကျည်တချက် (သေနတ်) မဖောက်ရပါဘဲ။ လူတယောက်မကျရပါဘဲ။ တိုက်ပွဲမဆင်နွှဲလိုက်ရပါဘဲ မိမိတို့ရေထု နှင့် မြေထု ပါ သူတပါးနိုင်ငံပိုင်နက်အဖြစ် တရားဝင်သွားလေပြီ။ မိမိတို့ ကာကွယ်ဖို့မပြောနှင့် ပြင်ဆင်ချိန်ပင်မရလိုက်။ နှစ်နိုင် ငံရေပိုင်နက်ပြဿနာအငြင်းပွါးမှုတွင် မိမိတို့ဘက်က ပြင်ဆင်ထားခဲ့ပါသည်။ လက်ရုံးအားကိုးသော တိုက်မည် ခိုက်မည်ဆိုကာ တပ်များ လက်နက်ခဲယမ်းများကိုသာတည်း။ ထိုအခါ ဆရာကြီးဦးအောင်သင်းပြောသော စာပေ ပြောပွဲတခုမှ စကားလေးကို သွားအမှတ်ရမိသည်။ အနာဂတ်နိုင်ငံတော်ကို ကာကွယ်မယ့် ပညာက စာသင်ခန်း ထဲမှာ၊ နိုင်ငံတော်ကိုကာကွယ်မည်သူများမှာ စာသင်ခန်းထဲတွင်ရှိသည် ဟူသတည်း။
          ယခုဖြစ်စဉ်နှင့် ဆရာကြီး၏ မိန့်မှာစကားကို ပြန်ပြောင်းသုံးသပ်ရာတွင် အမှန်ပင်တည်း။ နိုင်ငံတကာ ခုံရုံးကို တက်သည်။ လိုအပ်ချက်(၁) အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု၊ သက်ဆိုင်ရာအခြေခံသည့် ဝေါဟာရ ကျွမ်းကျင်မှု။ လိုအပ်ချက်(၂) ရင်ဆိုင်ရသည့် အမှုအခင်းနှင့်ပတ်သက်သည့် သက်သေအထောက်အထား ခိုင် လုံအောင်ပြသနိုင်မှု။ လိုအပ်ချက်(၃) အမှုရင်ဆိုင်ကြားနာလျှောက်ထားရန် ဥပဒေပညာ(အထူးသဖြင့် နိုင်ငံတ ကာရေကြောင်းဥပဒေများနှင့်အတူ မိမိတို့သမိုင်းအစဉ်အလာပိုင်နက်ဖြစ်ကြောင်း ယှဉ်တွဲပြောဆိုနိုင်သည့် ပညာ ရှင်)။ လိုအပ်ချက်(၄) ထိုသို့အမှုရင်ဆိုင်ရန်အတွက် လိုအပ်သည့်(လုံလောက်သည့်) ထောက်ပံ့မှု။ လိုအပ်ချက် (၅) မိမိတို့ဘက်မှ မမှားယွင်းကြောင်းကို ကမ္ဘာကို အသိပေးနိုင်မည့် မီဒီယာအခန်းကဏ္ဍနှင့် ယင်းဖြစ်စဉ်အ တွက် မိမိတို့ပြည်သူပြည်သားများမှ ပါရှိလာရန် လှုံ့ဆော်ပေးနိုင်မည့် မီဒီယာအားနည်းမှု။ စသည်စသည် အား နည်းချက်များကိုလည်းတွေ့ရပါသည်။
          ဒီဖြစ်စဉ်ကိုကြည့်ပြီး မိမိတို့တပ်မတော်သားများအနေနဲ့ လက်ရုံးရည်တင်မဟုတ်ဘဲ နှလုံးရည်ပြည့်ဝ သော အသိပညာရှင် အတတ်ပညာရှင်များဟာလည်း နိုင်ငံတော်ကာကွယ်ရေးမှာ လိုအပ်တယ်ဆိုတာကို လက်ခံပြီး အရပ်ဘက်ပညာတတ်များကို လက်ခံပေးကြရပေမည်။ တချိန်ကပြောခဲ့ကြသော(ကျနော်ပါ အပါအ ဝင်ပါ) ယနေ့တိုင် အချို့ပြောနေသေးသော ငါတို့က တောထဲတောင်ထဲမှာအပင်ပန်းခံပြီး နိုင်ငံတော်ကာကွယ် နေတာဆိုတဲ့အပြောမျိုးတွေ အသက်စွန့်ပြီး တိုင်းပြည်ကာကွယ်နေတာဆိုတဲ့ အပြောတွေနဲ့ အဲဒီအတွေးအခေါ် တွေကို ကျနော်တို့ စွန့်လွှတ်သင့်ပြီဆိုတာ ဘယ်လိုမှ တုနှိုင်းမရတဲ့ ဆုံးရှုံးမှုနဲ့ သက်သေပြလိုက်တာပါပဲ။ တဖက် မှာပြန်ကြည့်ရင် ပညာတတ်ဖိနှိပ်ခဲ့တဲ့ သမိုင်းရဲ့ဆိုးကျိုး၊ ပညာရေးကို လျစ်လျူရှုခဲ့တဲ့ သမိုင်းရဲ့ ဆိုးကျိုး ဒီအ ကျိုးတွေကို ကျနော်တို့ ခံစားလိုက်ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှောင်းလာမယ့် ကျနော်တို့ရဲ့ မျိုးဆက်တွေက တော့ အကိုတို့ခေတ်မှာ၊ ဦးလေးတို့ခေတ်မှာ၊ အဘတို့ခေတ်မှာ အသုံးမကျလို့ ကိုယ့်ရေ ကိုယ့်မြေဆိုတာ သမိုင်းနဲ့ချီသက်သေရှိပြီး သူများကိုပေးလိုက်ရတဲ့ မျိုးဆက် အသုံးမကျတဲ့မျိုးဆက်လို့ပြောခံရမှာမလွဲပါဘူး။ ဟိုးနောင်သချိန်သမိုင်းမှာကျရင် လွတ်လပ်ရေးဆုံးရှုံးခဲ့တာ ဘယ်ခေတ် လွတ်လပ်ရေးတော့မဟုတ်ဘူး ကိုယ့် မြေ ကိုယ့်ရေကို အသားလွတ်ဆုံးရှုံးပေးလိုက်ရအောင်ကိုညံ့တာ ဘယ်ခေတ်ဆိုပြီး သမိုင်းမှာထည့်သင်ကြပါ တော့မယ်။
          ဒီတော့ကျနော်တို့တပ်မတော်သားတွေကိုယ်တိုင်ကလည်း ရင့်ကျက်တဲ့အတွေးအခေါ်တွေနဲ့ သက်ဆိုင် ရာပညာရှင်တွေနဲ့ သက်ဆိုင်ရာ အခန်းကဏ္ဍကလူပုဂ္ဂိုလ်အဖွဲ့အစည်းများနဲ့ ပူးပေါင်းလက်တွဲမှသာလျှင် အပြည့်အဝတိုင်းပြည်ကို ကာကွယ်နိုင်မယ်ဆိုတာကို နားလည်သင့်ပါပြီ။ တဆက်တည်းမှာပဲ ကျနော့်အနေနဲ့ ပြောချင်လာတာရှိလာပါတယ်။ အဲဒါကတော့ ဒီပြဿနာနဲ့ပတ်သက်လို့ ပြည်ပရောက်အတိုက်အခံများဟာ ရေငုံနှုတ်ပိတ်နေကြပါတယ်။ ကိုယ့်မြေ ကိုယ့်ရေဆုံးရှုံးတာကိုတောင် အစိုးရကိုပဲအပြစ်တင်နေကြပါတယ်။ အစိုးရထက်သာအောင်လုပ်နိုင်မယ့်နည်းလမ်းတွေရှိနေလို့ အတိုက်အခံလုပ်ရဲကြတာမဟုတ်ပေဘူးလား။ ဘာ လို့များ ဒီကိစ္စကိုတော့ ရေငုံနှုတ်ပိတ်နေကြပြီး မပြောကြတာလဲ။ ဒီနေရာမှာလည်း ပြဿနာဖြစ်လာရင် ကိုယ့် ပြည်တွင်းနိုင်ငံရေးကိစ္စမှာတော့ အတိုက်အခံလုပ်တာလက်ခံပါတယ်။ သို့သော်လည်း ကိုယ့်မြေကိုယ့်ရေ ဆုံးရှုံး မှာကိုတော့ အတိုက်အခံမလုပ်သင့်ပါဘူး ကိုယ်တွေဘက်က လုပ်ပေးနိုင်တာကို လုပ်ပေးရမှာပေါ့။ ဒါမှ တိုင်းပြည်ကိုတကယ်ချစ်တဲ့ အတိုက်အခံဖြစ်မှာပေါ့။ အစိုးရလုပ်ရပ်တွေအတွက်တော့ ကိုယ့်နိုင်ငံသံရုံးရှေ့မှာ တောင် ဆန္ဒပြရဲခဲ့ကြတယ်။ မြစ်ဆုံဆည်ကြီးကိစ္စမှာလည်း စူပါပါဝါ အင်အားကြီးတရုတ်သံရုံးရှေ့လည်း ဆန္ဒ ပြရဲခဲ့ကြတယ်။ နောက်နိုင်ငံရေးပြဿနာတွေ တိုင်းရင်းသားအရေးတွေ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာကိုလိုက်လံ စာတမ်းဖတ်ပြီး အသိပေးနိုင်ခဲ့ကြတဲ့ နိုင်ငံတကာနီးပါးက အစိုးရတွေကို ပြောဆိုခွင့် ရထားတဲ့ အတိုက်အခံများက ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးခဲ့တဲ့ အဖွဲ့ဝင် ၂၂ ဦးနဲ့ သူတို့တတွေရဲ့ နိုင်ငံသံရုံးတွေနဲ့ နိုင်ငံတွေ၊ ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ တဖက်သတ်အနိုင်ရအောင်ယူသွားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်လို့ ဆန္ဒပြတယ်လို့လည်း မကြားမိပါ။ ဘာသံညာသံလည်းမကြားမိပါ။ ကိုယ့်မြေ ကိုယ့်ရေ တပါးသူလက်ထဲ ပါသွားတာတောင် မပြောကြတဲ့ အတိုက်အခံတို့ လက်ထဲကို ဘယ်လိုယုံကြည်ပြီး တိုင်းပြည်ကို အပ်ရပါ့မလဲ။ ကျနော်တွေးရင်း ရင်မောမိပါတယ်။
          ဒီကိစ္စမှာ အတိုက်အခံတွေလုပ်တတ်ရင် အမြတ်ပါ။ နိုင်ငံတကာကို သွားပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းမှုတွေလုပ်ပါ။ အယူခံမရ ရအောင် ယူပါ။ ကမ္ဘာကသိအောင်လုပ်ပါ။ စာတမ်းတွေဖတ်ပါ။ အင်အားကြီး နိုင်ငံအစိုးရတွေကို ဖိအားပေးပါ။ ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ တရားသူကြီး ၂၂ ဦးနဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ကန့်ကွက် ဆန္ဒပြပါ။ ဒီနိုင်ငံတွေဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုရင် အမှန်တကယ် အမှန် တရားကိုမြတ်နိုးတယ် မြန်မာပြည်ကောင်းကျိုးကို လိုလားတယ်ဆိုရင် ဒီလိုလေးပဲ ၂ လလောက်လုပ်လိုက်ပါ။ အဖြေမှန်ထွက်လာပါမယ်။ အောင်မြင်ခဲ့ကြည့်ပါ။ လက်ရှိအစိုးရထက် အတိုက်အခံတွေကို ပိုမိုယုံကြည်အားကိုး လာပါလိမ့်မယ်။
          လောလောဆယ်တော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သားတွေအနေနဲ့ကလည်း သံဝေဂယူစရာ အသိဥာဏ်ပွင့်စရာတွေရှိသလို အစိုးရအနေနဲ့ကလည်း ပညာရေး စနစ်ညံ့ဖျင်းနိမ့်ကျခဲ့ရခြင်းနဲ့ နိုင်ငံရေးမ ကောင်းခြင်းရဲ့ရလဒ် ဒါ့အပြင် အတိုက်အခံတွေမှာလည်း တကယ်တိုင်းပြည်ချစ်တာလား ဆိုတာကို သိနိုင် ဒီအချက်တွေနဲ့ပဲ တန်တယ်ပြောရင် ကျနော်လွန်ပါဦးမယ်။ သို့သော် ဖြစ်ပြီးသားကို ဟိုလူ့လက်ညှိုးထိုး ဒီလူ့ လက်ညှိုးထိုးလုပ်နေကြလို့ကတော့ ကျနော်တို့ လိုချင်တဲ့ အဖြေကိုရောက်လာမှာမဟုတ်ပါဘူး။ အားလုံးအား နည်းခဲ့လို့ ခုလိုဖြစ်တာပါ။ နောင်အရှည်မှာ မဖြစ်ရအောင်သာ ကျနော်တို့က သင်ခန်းစာယူရမှာပါ။
          တပ်မတော်သားညီအကိုများကိုလည်း အထက်ပါအတိုင်းပဲ နိုင်ငံရေးအရ နားလည်လက်ခံပေးကြဖို့ ငါတို့မှ တိုင်းပြည်ချစ်တာ ကာကွယ်တာ ဆိုတဲ့စိတ်တွေပြောင်းကြဖို့နဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့တိုက်တွန်းသကဲ့သို့ အစိုးရအဖွဲ့အားလည်း အထက်ဖော်ပြပါ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံတကာရောက်အတိုက်အခံများနှင့်တကွ ပြည်တွင်းအတိုက်အခံ အင်အားစုများကပါ ဒီကိစ္စကို ရေငုံနှုတ်ပိတ်မနေကြဘဲ လုပ်ဆောင်ပေးကြပါလို့တိုက်တွန်းလိုပါတယ်။ ထိုနည်း တူစွာ တက်ကြွလှုပ်ရှားသူများကလည်း ဒီအရေးမှာ အစိုးရ အတိုက်အခံမခွဲခြားဘဲ တိုင်းပြည်တကယ်ချစ် ကြောင်းပြသဖို့ ဆန္ဒပြပွဲတွေဖော်ထုတ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
ဗိုလ်ရဲထက်(၁၆-၃-၂၀၁၂)
၀၁၅၅ နာရီ။

No comments:

Post a Comment

Ads 468x60px

Featured Posts