Friday, March 9, 2012

မြတ်နိုးအတုယူဖွယ် စစ်ပြန်စစ်မှုထမ်းဘဝ


(စစ်ဘက်ကနေ အရပ်ဘက် ကူးပြောင်းတာဝန်ထမ်းဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေများပြားနေတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ တစုံတရာထည့်သွင်းစဉ်းစားနိုင်စရာအချက်တွေ ပါဝင်မယ်ထင်လို့ August 29, 2011 ထုတ် Time magazine ပါ The New Greatest Generation ဆောင်းပါးကို ဥာဏ်မီသလောက် ထုတ်နုတ်ဘာသာပြန်ဆို တင်ပြပေးခြင်း ဖြစ်ပါတယ်။)

John Gallina နဲ့ Dale Beatty တို့ဟာ အခင်ဆုံး ကျောင်းနေဘက်သူငယ်ချင်းတွေ။ အထက်တန်းကျောင်းသား ဘဝမှာ သူတို့နှစ်ယောက်လုံး မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ကို ဝင်ခဲ့ကြတယ်။ အီရတ် စစ်မျက်နှာမှာ အတူတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ နိုဝင်ဘာ ၁၅ ရက်နေ့မှာ သူတို့စီးနင်းလာတဲ့ယာဉ်ကို တင့်ကားဖျက်မိုင်းထိလို့ သေကောင်ပေါင်းလဲ ဒဏ်ရာရခဲ့ပါတယ်။ ဝါရင့်တပ်ကြပ်ကြီး Beatty က သေနတ် သမား၊ Gallina က ယာဉ်မောင်းသူ။ မိုင်းဗုံးဒဏ်ကြောင့် သူတို့စီးနင်းလာတဲ့ယာဉ်ဟာ လေထဲမှာ ပေ ၂၀၀ လောက် လွင့်ထွက်သွားပြီး မြေပြင်ကိုဇောင်ထိုးမိုးမျှော် ပြန်ကျတယ်။ ကားထဲမှာ Beatty ပိတ်မိနေပြီး Gallina က ကားနဲ့ဝေးရာဆီ လွင့်ထွက်ကာ သတိလစ်မေ့မျောသွားတယ်။ နောက် ၄၅ မိနစ်အကြာ Gallina သတိပြန်လည်လာချိန် ‘Dale ဘယ်မှာလဲ’ လို့မေးတော့ ဘယ်သူကမှ မဖြေဘူး။ ဒါကြောင့် Beatty ဆုံးပြီလို့ သူတွက်ဆလိုက်တော့တယ်။
Beatty ကို ဆေးကုသခံဖို့အတွက် Balad သို့ လေယာဉ်နဲ့ခေါ်ဆောင်ပြီး Walter Reed Medical Center မှာ Beatty ရဲ့ဘယ်ဘက်ခြေထောက်ကို ဒူးအောက်နားက ဖြတ်တောက်လိုက်ရကြောင်း နောက်ပိုင်းမှာ Gallina သိလိုက်ရတယ်။ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက Beatty ကို ရွေးချယ်စရာ အခွင့်အလမ်း နှစ်ခုပေး တယ်။ ညာဘက်ခြေထောက်ကို ကောင်းအောင်ကုသဖို့ နောက်နှစ်နှစ်ဆေးကုသမှု ဆက်လက်ခံယူရမယ်။ အဲလိုမဟုတ်ရင် ဖြတ်ပစ်ရနိုင်တယ်တဲ့။ လမ်းလျှောက်တိုင်း ခြေထောက်က မခံနိုင်အောင်နာနေတာမို့ အရင် ဘယ်ဘက်ခြေထောက်ဖြတ်တဲ့နေရကပဲ ဖြတ်ပစ်လိုက်ဖို့ Beatty သဘောတူလိုက်တယ်။
Gallina ထက်စာရင် Beatty ရဲ့ဒဏ်ရာတွေက ပိုပြီးထင်သာမြင်သာဖြစ်တာပေါ့။ ဒါကြောင့်မို့ တပ်ကထွက် ချိန်မှာ Gallina ဟာ Beatty လောက် ထောက်ပံ့မှု မရဘူး။ ဒါပေမဲ့ Gallina ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့အပြား ပေါက်ပြဲပွန်းပဲ့ဒဏ်ရာ၊ ကျောပြင်ထိခိုက်ပျက်စီးမှု၊ ဆိုးရွားတဲ့စိတ်ဖိစီး ဖောက်ပြန်မှု ဝေဒနာ တွေ ခံစားခဲ့ရတယ်။
ပြည်နယ်ဒေသဆိုင်ရာ အိုးအိမ်ထူထောင်ရေးအဖွဲ့က Beatty ရဲ့ မိသားစုပိုင် မြေယာထဲမှာ Beatty နေထိုင်ဖို့ အိမ်လေးတလုံး ဆောက်ပေးတယ်။ အိမ်လေးက သိပ်ပြီးကြီးကျယ်ဆန်းပြားမှုတော့ မရှိပါဘူး။ ဒါပေမဲ့ ခြေထောက်နှစ်ဘက်လုံး ပြတ်နေတဲ့ ဒုက္ခိတသည် သူ့အတွက်အဆင်ပြေအောင် စီမံထားတယ်။ Beatty က အိမ်ဆောက်ရာမှာ ကူလုပ်ပေးတယ်။ အလုပ်လုပ်နေရတဲ့ နေ့တွေဟာ အလုပ်မတဲ့နေ့တွေထက် ပိုပြီး ကောင်းမွန်တယ်လို့ Beatty က ပြောတယ်။ Beattyက သူ့သူငယ်ချင်း Gallina ကိုခေါ်ပြီး အိမ်ဆောက်ရာမှာ ဝိုင်းလုပ်စေတယ်။ ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံကြွယ်ဝထားသူ၊ အေးချမ်းသာယာမှုကို နှစ်သက် ခံစားတတ်သူ  Gallina ကလည်း လိုလိုချင်ချင်ပဲ ဝိုင်းလုပ်ပေးပါတယ်။ အိမ်ဆောက်ပြီးတဲ့အချိန်မှာ သူတို့နှစ် ယောက် ခြေလှမ်းနောက်တဆင့်တက်ဖို့ အစပေါ်လာတယ်။ Gallina ကပြောတယ် “ငါတို့ စစ်သင်တန်းမှာ တုန်းက စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ရဲဘော် ရဲဘက်ကို ပစ်မထားခဲ့ရဘူး လို့ သင်ကြားပေးခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲမှာကျဆုံးသူတွေကို ငါတို့အိမ်ပြန်ခေါ် လာသလား၊ ဒီအတိုင်း ထားခဲ့ရသလား...?  ဟုတ်တော့ မဟုတ်သေးပါဘူးကွာ...” ။
တခြား စစ်ပြန်စစ်မှုထမ်းတွေအတွက် မသန်မစွမ်းမှု ကူညီရေးလုပ်ငန်း ထူထောင်ဖို့ သူတို့နှစ်ဦး ဆုံးဖြတ်ချက် ချလိုက်တယ်။ အဖွဲ့နာမည်ကို Purple Heart Homes (သူရဲကောင်း စစ်ပြန်ဂေဟာ) ဆိုပြီး ရွေးလိုက်ကြတယ်။ ပထမဆုံးလုပ်ငန်းစဉ်အနေနဲ့ လုပ်ငန်းခွဲလေး ထူထောင်တာရယ်၊ ဗီယက်နမ်စစ်ပြန်ကြီး အတွက် ဝှီးချဲလ် လမ်းကြောင်း လုပ်ပေးတာရယ်နဲ့ အစပြုလိုက်တယ်။ အဲဒီ ဗီယက်နမ်စစ်ပြန်ကြီးဟာ နှစ်ပေါင်း ၄၀ လုံးလုံး အိမ်တွင်း အိမ်ပြင် တွားသွားနေရတာ၊ အိမ်နီးချင်းတဦးဦးကူညီမှ ဈေးဝယ်ထွက်နိုင်တယ်။ ဗီယက်နာမ် စစ်ပြန်ဦးရေဟာ အမေရိကန်စစ်ပြန်စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်း ရှိပေမဲ့ ခုနောက်ပိုင်းလူတွေလောက် ထောက်ပံ့မှု ပြည့်ပြည့်စုံစုံ မရကြရှာဘူးလေ။ ဒါကြောင့်မို့ အဲဒီလိုလူတွေအတွက် ခြုံငုံစဉ်းစားပြီး လိုအပ်ချက်တွေကို ကူညီ ဆောင်ရွက်ပေးဖို့ သူတို့ နှစ်ဦးနားလည်မှုရှိရှိ စီစဉ်ဆောင်ရွက်ကြတာပါ။  
သူတို့ရဲ့ “သူရဲကောင်း စစ်ပြန်ဂေဟာ” အဖွဲ့ ဆောင်ရွက်မှုဟာ သိပ်ပြီးသိသိသာသာ တမူထူးခြားမှု မရှိပေမဲ့ သာမန်လုပ်ဆောင်ချက်တော့ မဟုတ်ပါ။ အီရတ်နဲ့ အာဖဂန်စစ်မြေပြင်က ပြန်လာတဲ့ စစ်မှုထမ်းဟောင်း အများစုဟာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ စိတ်ဖိစီးဖောက်ပြန်မှု တွေ၊ အလုပ်လက်မဲ့၊ အိုးမဲ့အိမ်မဲ့ဘဝတွေနဲ့ အခြေအနေဆိုးတယ်လို့ သတင်းတွေထွက်နေချိန်မှာ သူတို့လုပ်ရပ်က ထူးခြားနေပါတယ်။
သူတို့လိုလူမျိုးတွေဟာ အမေရိကန်လူဦးရေရဲ့ ပိစိကွေး ပမာဏ၊ စစ်ပြန်စစ်မှုထမ်းအင်အားရဲ့ သေးငယ်တဲ့ အချိုးအစားလောက်ပဲ ဖြစ်တာမှန်ပေမဲ့  အမေရိကန် လူ့အဖွဲ့အစည်းအတွက် ထူးခြားတဲ့စွမ်းဆောင်မှုတွေကို အစပြုလုပ်ဆောင်သူတွေ ဖြစ်ပါတယ်။ ကမ်းတက်တပ်ဖွဲ့ တပ်ကြပ်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ Jake Wood နဲ့ William McNulty တို့ကလည်း မြေငလျင်ဒဏ်သင့် ဟေတီနိုင်ငံ နဲ့ တိုနာဒို မုန်တိုင်းဒဏ်သင့် Joplin ဒေသ များသို့ အကူအညီထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုအတွက် “Team Rubicon” အဖွဲ့ကို စတင်တည်ထောင် ခဲ့ပါတယ်။ ထို့အတူ ကြည်းတပ် ဗိုလ်ကြီးဟောင်း Wes Moore ဟာ ဘာလ်တီမောနိုင်ငံရှိ အသက် ၈ နှစ်မှ ၁၂ နှစ်အတွင်း ပြစ်မှုကျူးလွန်သော ကလေးသူငယ်များကို လမ်းမှန်ညွှန်ပြရေး ပရိုဂရမ်တခု တည်ထောင်လိုက်ပြီး အဲဒီနိုင်ငံကို သွားရောက်ကာ အထက်တန်းကျောင်းသားတွေကို စိတ်ခွန်အားနိုးကြားစေတဲ့ မိန့်ခွန်းတွေ ပြောကြားပါတယ်။ Silver Star ဆုတံဆိပ်ရှင် ကမ်းတက်တပ်ဖွဲ့ ဗိုလ်ကြီးဟောင်း Brian Stann ကတော့ ပြိုင်စံကင်းတဲ့ သတ်ပုတ်တိုက်ခိုက်ရေးသမားဖြစ်လာပြီး အားလပ်ချိန်တွေမှာ စစ်မှုထမ်းဟောင်းများအတွက် အလုပ်နေရာ ချထားပေးရေး အေဂျင်စီတခု ထူထောင်ပါတယ်။
အီရတ်နဲ့ အာဖဂန် စစ်ပြန်များဟာ နိုင်ငံခြားရေးဝန်ကြီးဌာနလို နေရာမျိုးမှာ လုပ်ငန်းခွင်ပြန်ဝင်ကြပြီး သူတို့ ပါဝင်တိုက်ခိုက်ခဲ့ရတဲ့ ဒေသတွေအတွက် ကူညီထောက်ပံ့ရေး အစီအစဉ်တွေမှာ လုပ်ဆောင်ကြပါတယ်။ တချို့ သူတွေက ရီပတ်ဘလီကန်ပါတီ (သို့) ဒီမိုကရက်ပါတီ ကိုယ်စားပြုဝင်ရောက်အရွေးခံကြပြီး ယေးလ်တက္ကသိုလ်၊ ဟားဘတ်တက္ကသိုလ် တွေမှာတက်ရောက်ပညာသင်ကြားပြီးမှ နိုင်ငံရေးလောက၊ ပြည်သူ့ဝန်ဆောင်လုပ်ငန်း လုပ်ကိုင်သူတွေလည်း ရှိပါတယ်။ စစ်ပြန်ရဲဘော်တွေဟာ အခြားကျောင်းသားတွေထက်ပိုပြီး  စည်းကမ်းလိုက် နာမှု၊ လုပ်ငန်းစိတ်ပါဝင်စားမှု အားကောင်းတယ်လို့ ဟားဘတ်တက္ကသိုလ် ကနေဒီကျောင်းမှာ ဒေါက်တာ Elaine Kamarck က ချီးမွမ်းပြောဆိုပါတယ်။
ပြည်တော်ပြန်စစ်မှုထမ်းတွေဟာ အမေရိကန်လူ့အဖွဲ့အစည်းရဲ့ အရောင်မှေးမှိန်စ စွမ်းရည်တွေ၊ အမေရိကန် ပြည်ထောင်စုမှာ လက်ငင်းလိုအပ်နေတဲ့ “လျင်လျင်ထက်ထက်ဆုံးဖြတ်ချက်ချလုပ်ကိုင်ရေး၊ အားမာန်တက်ကြွ မှု၊ အကောင်းမြင်ယုံကြည်မှုရှိခြင်း၊ စွန့်ဦးတီထွင်ဖန်တီးမှု၊ မှန်ကန်တဲ့မျိုးချစ်စိတ်နဲ့ လူ့အဖွဲ့အစည်းအပေါ် အားရ ကျေနပ်စိတ်တွေ တိုးပွားကျယ်ပြန့်လာရေး” စတဲ့ အရည်အသွေးလိုအပ်ချက်တွေကို စွမ်းဆောင်ဖြည့်ဆည်း ပေးနေပါတယ်။
အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေမှာ ခေတ်မီဆန်းသစ်တဲ့ စစ်ရေးစွမ်းရည်တွေ လိုအပ်သလို စစ်စည်းကမ်းလိုက်နာမှု မှာလည်း အရင်ကလို “ခေါင်းညိတ်ခေါင်းခေါ” ပုံစံသေ စည်းမျဉ်းမဟုတ်ဘဲ အရပ်ဘက်နဲ့ ဆက်စပ်လုပ်ကိုင်နိုင် ဖို့ လိုကြောင်း သဘောပေါက်ထားကြပါတယ်။
“ပထမကမ္ဘာစစ်မှာ တပ်ရင်းအင်အားစုတွေအလိုက် ယှဉ်ပြိုင်တိုက်ကြတယ်၊ ဒုတိယကမ္ဘာစစ်ကျတော့ တပ်ခွဲ အလိုက် တိုက်ခိုက်တယ်။ ဗီယက်နမ်စစ်ပွဲမှာ တပ်စုဦးဆောင်ပြီး တိုက်တယ်၊ လက်ရှိစစ်ပွဲတွေမှာတော့ ဒေသခံ အီရတ်၊ အာဖဂန်ပြည်သူတွေနဲ့ အပြန်အလှန်ဆက်စပ်လုပ်ကိုင်နိုင်တဲ့ တပ်ဖွဲ့ငယ်လေးတွေ လှုပ်ရှားတိုက်ခိုက် နေတာ” လို့ စစ်ပွဲပုံသဏ္ဌာန် ရွေ့လျားပြောင်းလဲလာပုံနဲ့ပတ်သက်ပြီး မျိုးဆက်သစ် စစ်ပြန်လူငယ်အများစု ပါဝင် ဖွဲ့စည်းထားတဲ့ Wasington Think Tank အဖွဲ့ “The Center for New American Security (CNAS)” အကြီး အကဲ၊ ကြည်းတပ်အရာရှိဟောင်း John Nagl က ရှင်းပြပါတယ်။
ဆက်လက်ဖော်ပြပါမယ်.....

နေမင်းသူ
၉ မတ် ၂၀၁၂



No comments:

Post a Comment

Ads 468x60px

Featured Posts