Wednesday, March 14, 2012

စင်တော်ကောက်မှာ ဆုံကြမယ်



သံလျှက်စွန်း၊ ရေတပ်လိုင်းခန်းမှာနေသူတွေအဖို့ မနက်မိုးလင်းတာနဲ့ ကုန်ရထားဥသြဆွဲသံ၊ အရူးရွှေတူးရဲ့ ဝူးဝူး ဝါးဝါး အော်ဟစ်ပြောဆိုသံတွေကြားမှာ အိပ်ယာထ အိမ်တံခါးဖွင့်ကြရတယ်။
ကျနော်နေခဲ့တဲ့လိုင်းက မီးရထားသံလမ်းကို ကိုမျက်နှာမူနေတဲ့ နှစ်ထပ်တိုက်လိုင်း၊ ကျနော်တို့မိသားစုက အပေါ်ထပ်မှာနေတာဆိုတော့ ကုန်ရထား အသွားအပြန် အပေါ်ကစီးကြည့်နေသလိုမြင်ရတယ်။ တခါတလေ ပက်လက်ကုန်တွဲပေါ်မှာ တာလပတ်အစိမ်းရောင် အုပ်ထားတဲ့ အမျိုးအမည်မသိ ပစ္စည်းတွေကို လက်နက်ကိုင် ရဲဘော်တွေ စောင့်ကြပ်ပြီး သယ်ဆောင်သွားတာကိုလည်း တွေ့ရပါရဲ့။

အရူးရွှေတူးကိုတော့ ရေတပ်လိုင်းထဲမှာ ကလေးကအစ၊ ခွေးကအစသိ ဆိုသလိုဖြစ်နေတယ်။ သူက အရူး ဆိုပေမဲ့ စကားလုံးတွေ အကြီးကြီး ပြောတတ်တာ။ သူ့အကြောင်းမသိသူတွေဆို သူ့ကိုအရူးလို့ ဘယ်ထင်မှာ တုန်း။ အလုပ်တွေအရမ်းကြိုးစားတဲ့ ကာယလုပ်သားတဦးလို့ပဲ တွေးမိမှာ။ ဆံပင်စုတ်ဖွား၊ ချေးအထပ်ထပ် အင်္ကျီဖိုးရို့ဖားရား ဝတ်ထားပေမဲ့ လက်ကြားမှာ စီးကရက်မချတမ်းသောက်တာ။ ပြောလိုက်တဲ့ စကားလုံးတွေ ကလည်း စွယ်စုံရအပြောမင်းသားတွေ သြချလောက်ပါပေရဲ့။ သူက ရေတပ်အသိုင်းအဝိုင်းမှာပဲ ကြီးပြင်းလာသူ ဆိုတော့ ရေတပ်အကြောင်း နှစ်ထပ်ကွမ်းနောကျေအောင်ကိုသိနေတာ။ တပ်က အရာရှိ/စစ်သည် အတော်များ များကိုလည်း သူက ရင်းနှီးသိကျွမ်းနေတယ်လေ။
ရေတပ်မှာတာဝန်ထမ်းဆောင်သူတွေအဖို့ မေယုဈေး(ရေတပ်ဈေး) နဲ့ စင်တော်ကောက် လဘက်ရည်ဆိုင် ကို မသိသူမရှိပါ။ လိုင်းထဲမှာနေသူတွေက မနက်စောစော မေယုဈေးမှာ ဈေးဝယ်၊ ပြီးတော့ စင်တော်ကောက် လဘက်ရည်ဆိုင်မှာ ထိုင်တဲ့သူထိုင်၊ အိမ်မှာစားဖို့ မုန့်ဝယ်သူကဝယ်နဲ့ နေ့တိုင်းလိုလို ရောက်နေကျ နေရာ။ တပ်ပြင်မှာနေသူတွေလည်း ဘီအိုစီကားဂိတ်မှာဆင်းပြီး စင်တော်ကောက်မှာ မနက်အဆာပြေစား လဘက်ရည် သောက်ဆိုတော့ ဆိုင်လေးမှာ အမြဲလိုလို စည်ကားနေတတ်ပါတယ်။ အဲဒီဆိုင်တကျောမှာ စင်တော်ကောက် အပြင် ကစ်စ်(kiss) လဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်၊ စတိုးဆိုင်တချို့လည်း ရှိပါတယ်။ ဒါပေမဲ့ လူသိများ တာကတော့ စင်တော်ကောက်ဆိုင်။ စင်တော်ကောက်မှာထိုင်ရင် ရေတပ်သတင်းအစုံကြားရသိရတယ်။
ကျနော်ရေတပ်လိုင်းမှာနေတုန်းက ကျနော့်သားလေးဟာ သုံးနှစ်သားအရွယ်။ တပ်ပြင်နေသူငယ်ချင်းတွေ ကျနော့်အိမ်မှာ ရုံးတက်ရုံဆင်းချိန်တိုင်း စုဝေးနေကျ။ သူတို့အိမ်ကနေ အရပ်ဝတ်နဲ့လာကြတာ။ ကျနော့်အိမ် ရောက်မှ ယူနီဖောင်းလဲဝတ်ပြီး တပ်ထဲကိုသွားကြတယ်။ အပြန်ကျတော့လည်း အိမ်မှာအရပ်ဝတ်လဲဝတ်ပြီး လိုင်းကားတိုးစီးကြရတာကိုး။ သူတို့ မနက်ပိုင်းရုံးလာတဲ့အခါ ကျနော့်ကလေးအတွက် မုန့်ဝယ်လာတတ်ကြ တယ်။
ကျနော့်သားကလည်း တကယ့်အလည်..။ ဟိုကောင်တွေ ယူနီဖောင်းဝတ်ပြီဆိုတာနဲ့ ကျနော့်ဖိနပ်တိုက်တဲ့ ဝက်မှင်ဘီးကို ကိုင်ပြီး ရှူးဘိနပ်ဟိုပွတ်ဒီပွတ်နဲ့ ဖိနပ်တိုက်ပေးချင်ယောင်ဆောင်နေရော။ ဒီတော့ သူငယ်ချင်း တွေဘယ်နေသာပါ့မလဲ။ အိတ်ကပ်ထဲက ငါးကျပ်တန်လေး ထွက်လာတယ်။ ဒီလိုနဲ့ ဒီကောင်လုပ်စားနေတာ။ တခါတလ ဟိုကောင်တွေနဲ့ လဘက်ရည်ဆိုင်ပါသွားလိုက်သေး။ ကျနော့်သူငယ်ချင်းတဦးက သားကိုမေးတယ်။ “သားသားကြီးရင် ဘာလုပ်မှာလဲ” တဲ့။ သားက “အဖေ့လို ရေတပ်သားကြီးလုပ်မှာပေါ့” ပြန်ဖြေတဲ့အခါ ကျနော့် ဘယ်လှည့်ပြီး “အကိုရေ အကို့သားတော့ ကျနော်တို့ကို အားကျလို့ ထင်ပါရဲ့” လို့ ပြောတယ်။ ကျနော်တို့ စစ်သက် ၄၊ ၅ နှစ် လောက်ရှိလာတဲ့အခါမှာ “တပ်မတော်ရဲ့သဘောထားမှန်” ကို တဖြည်းဖြည်းသိလာချိန်။ သားလေးက ငယ်သေးတာကိုး။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ တပ်မိသားစုဝင်တွေ ပြည်ပမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းဖန်တီးပေးတဲ့ အဖွဲ့တခု ပေါ်လာပါတယ်။ အဲဒီမှာ အခြားအဆင့်သားသမီးအတော်များများ အလုပ်လျှောက်ကြတယ်။ ဝန်ဆောင်ခ လက်ငင်းငွေ ၂ သိန်း ၃ သိန်း လောက်ကုန်တယ်။ ကျန်တာကို နောက်မှ အရစ်ကျပေးသွင်းပေါ့။ ဟိုရောက်သွား အဆင်ပြေတယ်ကြားရသူက နည်းနည်း။ ဆီအုန်းခြံထဲမှာ မြွေတွေပေါလို့ ပြန်လာပါရစေ ဖုန်း တဂွမ်ဂွမ် ဆက်သူက များများ။ လိုင်းထဲက ကလေးအတော်များများ ကိုယ့်မျက်စိအောက်မှာပဲ အပြာဝတ်စုံ လေးတွေနဲ့တွေ့ရတော့ “သြော်...တံငါနားနီး တံငါ တယ်မှန်ပါလား” လို့ တွေးမိတော့တယ်။ ခုနောက်ပိုင်း ရေတပ်သားသစ်(OD) တွေဈေးကောင်းရတဲ့အခါ ကိုယ့်သားသမီး ကိုယ်ပြန်ရောင်းစားရတဲ့ စစ်သားဖခင်တွေ လည်း တွေ့လာရပြန်ရော။ လိုင်းပေါက်တွေထဲ ထွန်းတောက်တဲ့လူ အင်မတန်နည်းတာ။ ကလေးတွေ ပင်ကိုယ် ဥာဏ်ရည်ကောင်းပေမဲ့ မိသားစုတွန်းအားမရှိတော့ ဒီဘဝပတ်ဝန်းကျင်မှာပဲ ချာလည်ချာလည်ဖြစ်နေသူတွေ များနေတာ။
မိသားစုစားဝတ်နေရေးအတွက် တမြေခြားမှာ စွန့်စားအလုပ်လုပ်နေရတဲ့ တပ်မိသားစုဝင်ညီမငယ် တဦးနဲ့ ဆုံတွေ့ဖြစ်တဲ့အခါ သူ့အကြောင်းကိုယ့်အကြောင်းမေးမြန်းရင်း ဘဝပေးအခြေအနေတွေ ဆွေးနွေးဖြစ်ကြတော့ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ သူ့မိသားစုလူတန်းစေ့ရေးအတွက် ကြိုးစားရုန်းကန်ပုံလေးတွေကို သိခွင့်ရခဲ့ ပါတယ်။ သူ့ခမျာ သူများတကာလို ငွေကြေးတတ်နိုင်လို့ နိုင်ငံခြားရောက်တာမဟုတ်။ ဖခင်ကြီးရတဲ့ ပင်စင်လခ နဲ့ မိသားစုရပ်တည်ရေး ခက်ခဲတာကြောင့် အကြွေးတင်ခံပြီး ထွက်ခဲ့ရတာပါ။ တပ်ထဲမှာနေစဉ်က သူတို့ဘဝ လေးတွေ သီဝေညှိုးနွမ်းစွာနဲ့ ရပ်တည်ခဲ့ရတယ်။ “ညီမတို့က ကျွန်ဝယ်ရာအဆစ်ပါ ဘဝတွေပါအကိုရယ်” လို့ ပြောလိုက်ချိန်မှာ သူ့အသံလေး ဆို့နင့်ကြေကွဲနေတာကို ကျနော်သတိပြုမိလိုက်တယ်။ သူတို့ရင်ထဲက တအုံ နွေးနွေး ခံစားချက်လေးတွေကိုလည်း မချင့်မရဲတိုးတိုးလေး ရင်ဖွင့်ပြခဲ့တယ်။ “အကိုရယ် ရေတပ်နဲ့ပတ်သက် လို့မသိတာတခုမှမရှိဘူး ODဘဝ၊လိုင်းနေဘဝ၊ ရဲဘော်ဘဝ၊ ဆရာကြီးဘဝနဲ့ ဒုက္ခတွေအများကြီး ရောက်ခဲ့ ဘူးတယ်။ စစ်သင်တန်းလည်း လစာမရဘဲနဲ့တနှစ်တခါတက်ခဲ့ဖူးတယ်။ ဒါပေမဲ့အကိုရယ် ညီမပြောပြဖို့ အချိန် မတန် သေးပါဘူး။ အဲဒီအတွက်တောင်းပန်ပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း မစွတ်ပါရစေနဲ့၊ ရေတပ်ကလူတွေအားလုံးနဲ့တချိန်က ဘဝတူတွေ ဖြစ်ခဲ့ဖူးတယ် အဲဒါကြောင့် အမြဲနားလည် ပေးသွားမယ် မေတ္တာဆိုတာအေးမြပါတယ်
လောကဓံတရားကပဲ တွန်းအားပေးလိုက်လေသလားမသိ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တရားဘာဝနာကဲတဲ့ စကား တွေပြောနေကြတာ။ သူကကျနော့်ကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သံဝေဂလင်္ကာ ရွတ်ပြသွားသေးတယ်။ ခွဲကြခါနီးမှာ ပြောသွားတဲ့စကားကတော့ “တိုင်းပြည်ကိုဘယ်သူအုပ်ချုပ်အုပ်ချုပ် ပြည်သူလူထုဘဝတွေ တိုးတက် မြင့်မားတာကို မြင်ချင်တယ် အကို။ ညီမတို့ ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်နေလည်း အောက်ခြေလူထု ဆင်းရဲတွင်း နက်နေရင် ဘာအဓိပ္ပါယ် ရှိမှာလဲ” တဲ့။
လူအများအမြင်မှာ စစ်မင်းသားလို့ တင်စားခံရတဲ့ ရေတပ်စစ်သည်မိသားတွေတောင် ဒီလိုဖြစ်နေကြရင် ခြေလျင်၊ ခြေမြန်တပ်က ရဲဘော်မိသားစုတွေ ဘယ်လိုနေကြမလဲ။ သက်ဆိုင်ရာ သတင်းရပ်ဝန်းလေးတွေ ရှိကြရင်ကောင်းမှာပဲ။ ရေတပ်ထဲက မိသားစုအခြေအနေတွေ အကဲခတ်ချင်ရင်တော့ “စင်တော်ကောက်ကို ကြွခဲ့ပါ” လို့ပဲ ဖိတ်ချင်ပါတော့တယ် ဗျာ...။

နေမင်းသူ
၁၄ မတ် ၂၀၁၂


No comments:

Post a Comment

Ads 468x60px

Featured Posts