Saturday, February 9, 2013

ပစ်မှတ်ကို ထိအောင်ပစ်ပါ





 တပ်မတော်နဲ့ပတ်သက်ပြီး ခေတ်အလိုက် မျိုးဆက်အလိုက် တဦးချင်းအလိုက် အကန့်လေးတွေ ပိုင်းခြားပြီး မြင်စေချင်ပါတယ်။


နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက် ကိုယ်ကျိုးရှာ အာဏာရူးသော စစ်ခေါင်းဆောင်တချို့ရဲ့ စည်းမဲ့ကမ်းမဲ့ အလွန်အကျွံလုပ်ရပ်တွေကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ဦးစီးထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဖြစ်ကနေ ညှိုးနွမ်းအရောင်မှိန် ခဲ့ရတာကို ဘယ်သူမှမငြင်းနိုင်ပါ။ တပ်မတော်သား အများစုလည်း ထိုအချက်ကို ဖုံးဖိငြင်းကွယ်လိမ့်မယ် မထင်ပါ။

သို့သော်လည်း စစ်အာဏာရှင်စနစ် ဖြစ်ထွန်းခဲ့ရခြင်းဟာ အာဏာချုပ်ကိုင်နိုင်တဲ့  စစ်ဗိုလ်ချုပ်တချို့ရဲ့ ကိုယ်ကျိုးရှာ လော်မာဖောက်ပြန်မှုကြောင့် ဖြစ်ခဲ့တာမှန်ပေမဲ့ တပ်မတော်ထဲမှာ အာဏာရှင်အသွေးအရောင် တွေ စရိုက်တွေ ကျင့်သုံးမှု ရှိခဲ့တာ ရှိနေဆဲဖြစ်နေတာတွေဟာ တပ်မတော်သား အားလုံးနဲ့တော့ မသက်ဆိုင် ပါဘူး။ စစ်အုပ်ချုပ်ရးကာလမှာ နဂိုကတည်းက အာဏာလက်စောင်းထက်ချင်သူတွေအတွက် အကောင်းဆုံး ဝန်းကျင်ကို အာဏာရှင်စနစ်က ဖန်တီးပေးထားပါတယ်။

အခွင့်အရေးကို လက်မလွှတ်တမ်းဖမ်းဆုပ်သူတွေရှိသလို အခွင့်သာပေမဲ့ မိမိရဲ့ ကိုယ်ကျင့်သိက္ခာ နည်းနည်း လေးမှ ထိခိုက်ပွန်းပဲ့မခံတဲ့ အဆင့်အတန်းအားလုံးမှ စစ်သားတွေ တပ်မတော်ထဲမှာ ရှိနေတာကို စစ်မှုထမ်း ဖူးသူတိုင်း ကြုံတွေ့ရမှာပါ။
စစ်သားတွေ ဘာကြောင့် အာဏာရှင်ဆန်တဲ့အပြုအမူတွေ လုပ်ရသလဲ ဆန်းစစ်ကြည့်တဲ့အခါ သူတို့ကို ပုံလောင်း သင်ကြားပေးခဲ့ရာ စစ်ကျောင်းတွေဟာ အဓိကမြစ်ဖျားခံရာ မဟုတ်နိုင်ပါဘူး။ သူတို့ရဲ့ ပင်ကိုယ် စိတ်ဓာတ်နဲ့ သူတို့တာဝန်ထမ်းဆောင်ရတဲ့ ဝန်းကျင်အနေအထားရဲ့ ပံ့ပိုးလှုံ့ဆော်မှုတွေက အခရာကျတယ်လို့ မြင်မိပါတယ်။
ရိုးရိုးလေး တွေးကြည့်နိုင်ပါတယ်။ အာဏာရှင်ဆိုတာ သူ့ကိုပြိုင်ဆိုင်အံတုလာမယ့် အာဏာရှင် နောက်လိုက် လေးတွေကို မိုက်မိုက်မဲမဲ ပိုးမွေးသလို တယုတယမွေးမြူယူမှာမဟုတ်ပါ။

သူငယ်ချင်းတဦး ဗိုလ်သင်တန်းဖြေမယ် လုပ်တော့ ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း)(G1) ပြောတာကြားဖူးပါ တယ်။ ‘မင်း အင်တာဗျူးသွားဖြေတဲ့အခါ သိပ်ပြီး smart ဖြစ်တဲ့ပုံ မပေါ်စေနဲ့၊ ငါတို့တုန်းက အဲလိုလူတွေ အရွေး မခံရဘူး’ တဲ့။
သို့သော် အာဏာရှင်တို့ရဲ့ ဓလေ့အတိုင်း… ခိုင်းရာလုပ်မယ့်၊ အထက်ကိုမလှန်မယ့် အကျင့်ဆိုးလူမိုက်လေးတွေ ရှိနေဖို့ လိုအပ်ပါတယ်။ မရှိခဲ့ရင်တောင် ရှိလာအောင်လို့ အခွင့်အရေး အညှီအဟောက်တွေနဲ့မျှားပြီး တမင် ဇာတ်သွင်းယူ ကြရသေးတာ။ ဒါမှ အာဏာရှင်စနစ် တည်မြဲမှာ မို့လား။

ဦးနေဝင်း မဆလခေတ်က မအောင်မြင်တဲ့ ဆိုရှယ်လစ် စီမံကိန်းကို ဖုံးကွယ်ဖို့နဲ့  အဲဒီစနစ်ကို ကျားကန်ဖို့ မှောင်ခိုဈေးကွက် ကြီးထွားစေခဲ့သေးတာပဲ။ လူတွေဟာ ဆိုရှယ်လစ်အသီးအပွင့်မဟုတ်တဲ့ နိုင်ငံခြားဖြစ် ပစ္စည်းတွေကို မှောင်ခိုဈေးကတဆင့် ဝယ်ယူသုံးစွဲနိုင်ခဲ့ကြတယ်။ မှောင်ခိုဈေးကွက်ကို အကြောင်းပြုပြီး ကြီးပွားချမ်းသာလာသူတွေ (စီးပွားရေးသမားများနဲ့ လာဘ်စားဝန်ထမ်း များ) ကလည်း ဒီစနစ်ပျောက်ကွယ်မှာ စိုးရိမ်လာကြတယ်။ တကယ်တမ်းကျတော့ မှောင်ခိုဈေးကွက်နဲ့ အကျိုးရှိသူက အနဲစုလေးပါ။ ဒါပေမဲ့ မှောင်ခိုဈေးကွက်ကို မှီခိုင်ရှင်သန်ရသူတွေက တနိုင်ငံလုံးနီးပါး။
အဲဒီတုန်းက မှောင်ခိုစနစ်ကို အပြီးအပြတ်နှိမ်နင်းနိုင်တဲ့ နည်းလမ်းတခုတင်ပြမိလို့ အရာရှိကြီးတဦးကို ဦးနေဝင်း ကြိမ်းမောင်းမာန်မဲခဲ့တဲ့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဆိုလိုတာက လမ်းဘေးဈေးသည်ကို စည်ပင်ရဲဖမ်းသလို လူမြင်ကောင်းအောင်ဆွဲပြလိုက် ခဏနေပြန်ရောက်လာလိုက်၊ ကြောင်နဲ့ကြွက် စိမ်ပြေးတမ်းကစားနေသလို.. ဖြစ်အာင် လှည့်ဖြားခဲ့တာ မှတ်မိကြအုံးမှာပါ။

ဒီတော့ နှစ်ပေါင်း ၅၀ လောက် အာဏာရှင်ဥခွံအောက်မှာ လုပ်စားလာသူတွေက ခုချိန်မှာ ပိုင်ဆိုင်မှုတွေ သူတို့ မိသားစု ဆယ်သက်စားမကုန်အောင် စုဆောင်းမိနေကြပြီ။ သူတို့သားသမီး မြေးမြစ်အများစုဟာ အရည်အသွေး မီတာမမီတာ အပထား ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရနေကြတယ်။ စစ်ဗိုလ်ဘဝနဲ့ အခွင့်အရေး လက်တဆုံးနှိုက်ယူပြီး အကြီးအကျယ်ချမ်းသာအောင် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တွေရဲ့ သားသမီး ဘယ်နှစ်ယောက်များ တပ်မတော်ထဲမှာ အမွေထားခဲ့သလဲ။ စာရင်းလေး ချကြည့်လိုက်ပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အဆင့်ရောက်ပြီး စစ်အာဏာရှင်မဟုတ်သူတွေလည်း တပ်ထဲမှာ ရှိနေပါတယ်။

ဒီနေ့ တပ်မတော်ရဲ့ သစ်လွင်တဲ့မျိုးဆက်နေရာမှာ တာဝန်ထမ်းဆောင်နေသူ အများစုဟာ သူလိုကိုယ်လို သာမန်လူလတ်တန်းစား၊ လယ်သမား၊ အောက်ခြေဝန်ထမ်းနဲ့ တချို့ဆိုခေါင်းရွက်ဗျတ်ထိုး ကျပန်းလုပ်ကိုင် စားသောက်သူတွေရဲ့ သားသမီး တွေဖြစ်နေတယ်ဆိုတာ မြင်အောင် ကြည့်စေချင်ပါတယ်။

နိမ့်ကျတဲ့ လူ့အလွာမှာ မွေးဖွားကြီးပြင်းလာသူတွေ ဖြစ်တာနဲ့အညီ အောက်ခြေဘဝတွေရဲ့ မွန်းကျပ်မှုဒဏ်ကို သူတို့လည်း တစိတ်တပိုင်း မျှဝေခံစားခဲ့ရတာပါ။ သူတို့ဟာ စီးပွားရေးလက်ဝါးကြီးအုပ်မှုရဲ့ ဆိုးကျိုးကို သိပါတယ်၊ လယ်ယာမြေ အဓမ္မသိမ်းပိုက်ခံရမှုတွေဟာ သူတို့မျက်စိအောက် လက်တကမ်းမှာရှိတဲ့ ပြဿနာ၊ အောက်ခြေဝန်ထမ်းတွေရဲ့ မလုံလောက်တဲ့ လစာကိုတော့ ယနေ့ထိ သူတို့ကိုယ်တိုင်ကြုံတွေ့နေရတုန်း။

သူတို့ဟာ ကိုယ်နဲ့လက်ပွန်းတတီး ထိတွေ့လုံးထွေးရစ်ပတ်နေဆဲ လူစဉ်မမီ ဆင်းရဲနုံခြာလွန်းတဲ့ ဘဝတွေကို မျက်ကွယ်ပြုပြီး ရေပေါ်ဆီလူ့မလိုင်တွေရဲ့ အကျိုးစီးပွားအတွက် အသက်စွန့်ပြီး ကာကွယ်ပေးကြမှာပဲလို့ လှေနံဓားထစ် ယူဆလို့ ရပါ့မလား။ ကျနော်ကတော့ လုံးဝ မထင်ပါ။

နှစ်ပေါင်း ၅၀ လုံးလုံး အာဏာရှင်စစ်ခေါင်းဆောင်တစုက တပ်မတော်ကို အသုံးချပြီး တိုင်းပြည်ကို ထင်သလို ချယ်လှယ်ခဲ့တယ်ဆိုပေမဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်ကိုကာကွယ်နိုင်စွမ်းမဲ့တဲ့အထိ နိမ့်ကျမသွား ခဲ့ပါဘူး။ တပ်မတော်ရဲ့ အဆင့်အတန်း၊ အရည်အသွေး စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ အငြင်းပွားရှုပ်ထွေးမှုတွေ ရှိနေပါစေ.. သေချာတာတခုက ဒီတိုင်းပြည်မှာ ဒီတပ်မတော်လို ကာကွယ်ရေး အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာ တည်ရှိနေလို့သာ တိုင်းပြည်အပေါ် ကျရောက်လာမယ့်  ကြမ္မာဆိုးတွေကို ကာကွယ်ဟန့်တားနိုင်ခဲ့တဲ့ သာဓကတွေ မြန်မာ့သမိုင်းမှာ အထင်အရှားရှိပါတယ်။

တပ်မတော်ကို ခုတုံးလုပ်ပြီး တိုင်းပြည်ဘဏ္ဍာတွေ ရသလောက်ခိုးနေတဲ့ အကျင့်ပျက် စစ်မုဆိုးတွေ ရှိနေတဲ့ တချိန်တည်းမှာ ကျိုးပေါက်နေတဲ့ နယ်နိမိတ်စည်းရိုးတွေကနေ ထိုးဖောက်ဝင်ရောက်လာမယ့် ကျူးကျော်မှု အသွင်ပုံစံအမျိုးမျိုးကို တွန်းလှန်ချေမှုန်းဖို့ ကိုယ်ကျိုးမဖက် အသက်ကိုပဓာနမထားဘဲ တိုင်းပြည်နဲ့လူမျိုး လုံခြုံအေးချမ်းမှုအတွက် နယ်စွန်နယ်ဖျားမှာ အငတ်ပြတ်ခံတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေ ရှိနေတယ် ဆိုတာ အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။

တပ်မတော်ထဲမှာရှိတဲ့ စစ်မင်းသားနဲ့ စစ်သား၊ အသွင်မတူတဲ့  ပုံရိပ် ၂ မျိုးကို ပီပီပြင်ပြင် ခွဲခြားသိမြင်နိုင်သူအဖို့  တပ်မတော်နဲ့ ထိတွေ့ဆက်ဆံရာမှာ အခက်အခဲ သိပ်မရှိနိုင်တော့ပါဘူး။

ခပ်ရိုင်းရိုင်း ဥပမာ တင်စားပြရရင် လူကြီးသူမ,တွေ ပြောလေ့ပြောထရှိတဲ့ ခွေးနဲ့ကြောင် ဥပမာကို ခိုင်းနှိုင်းပြော ရပါမယ်။ ကြောင်ဟာ အိမ်အပူကို ကူမခံဘူး၊ ခွေးကသာ သခင်အတွက် အနွံတာခံရှာတယ်လို့ ပြောကြပါတယ်။ သဘောကတော့ အိမ်တအိမ်မှာ အိမ်သားတဦး အသဲအသန်နာမကျန်း ဖြစ်ချိန်မျိုးမှာ ကြောင်က အိမ်ကို ရှောင်ခွာ သွားတတ်ပြီး ခွေးကတော့ သခင်ကိုယ်စား သူ့အသက်သေတဲ့တိုင် အဲဒီအိမ်မှာပဲ သစ္စာရှိရှိ တွယ်ကပ် နေတယ်လို့ ဆိုကြပါတယ်။

စစ်မင်းသားဆိုတာ ကိုယ်ရေးကိုယ်တာ အခွင့်အရေးရဖို့ မျှော်မှန်းချက်နဲ့ တပ်မတော်ထဲမှာ ခိုကပ်နေတာဖြစ်ပြီး ထင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမျိုးမှာ အခြားအခွင့်သာတဲ့ တနေရာကနေ တပ်ကိုဘက်ကန်ဖို့ ဝန်မလေးတတ် သူတွေဖြစ်ပြီး စစ်သားကတော့ စစ်သားဘဝကို မြတ်နိုးခုံမင်မှုသက်သက်နဲ့ပဲ တပ်မတော်ထဲမှာ ဖြစ်ရာဘဝ ကနေ ကျရာတာဝန်ကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းရွက်တတ်သူတွေပါ။ စစ်အာဏာရှင်တွေဟာ အောင်မြင်တဲ့ စစ်မင်းသားလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်မို့ မြန်မာပြည်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ ထွန်းကားစည်ပင်လာစေဖို့ အာဏာရှင်စနစ် ချုပ်ငြိမ်းစေရမယ်လို့ ကြွေးကြော် ဆောင်ရွက်နေသူ အားလုံးကို အကြံပြုတိုက်တွန်းလိုတာက မိမိတို့ ရည်မှန်းချက် ပေါက်မြောက် အကောင်အထည်ပေါ်စေဖို့ ဗျူဟာချမှတ်လုပ်ဆောင်ရာမှာ တပ်မတော် တရပ်လုံးကို အပြစ်မြင်ရန်လိုတဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေ ရပ်သင့်ပါပြီ။ တကယ်လက်တွေ့မှာလည်း အဲလိုလုပ်လို့ ထိရောက်မှု မရှိနိုင်ပါ။

မိမိတို့ ဦးတည်ထားတဲ့ ပစ်ကွင်းကို တည့်တည့်ချိန်ပြီး ပစ်မှတ်ကို ထိအောင် ပစ်ကြပါလို့…..။

နေမင်းသူ
၁၀-၂-၂၀၁၃

No comments:

Post a Comment

Ads 468x60px

Featured Posts