Tuesday, November 27, 2012

နိုးထပါတော့ ယာမာမိုတို...


ဒုတိယကာကွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ် အောင်သော်နဲ့ Reuters  သတင်းဌာနအင်တာဗျူးနဲ့ ပတ်သက်ပြီးကောက်နှုတ်ချက် သတင်းဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။
ဗိုလ်မှူးချုပ် အောင်သော်ကိုရေတပ်အသိုင်းအဝိုင်းက ‘ယာမာမိုတို’ လို့ခေါ်ကြတယ်။ ဂျပန်ရေတပ်မတော်  ဗိုလ်ချုပ်ကြီးတဦးရဲ့ နာမည်နဲ့ တင်စားခေါ်ဝေါ်တယ်လို့ အကြမ်းဖျင်းသိထားပေမဲ့ သူ့ရုပ်သွင်၊ ဟန်ပန် အမူအယာသို့တည်းမဟုတ် သူ့ဝသီစရိုက်ကြောင့်ခုလိုခေါ်ကြတာလားဆိုတာတော့ ကျနော် သေသေချာချာ မဝေခွဲတတ်ပါ။ သူနဲ့အတူတာဝန်ထမ်းဆောင်ဖူးတဲ့ သူငယ်ချင်းတချို့ ပြောတာကတော့ စစ်စည်းကမ်း အင်မတန်တင်းကျပ်သူလို့ သိရပါတယ်။


၁၉၉၅/၉၆ ကျနော် ဟိုင်းကြီးကျွန်းမှာ တာဝန်ကျစဉ်က သူဟာ ပရခ လက်အောက်ခံ အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်း(ကိုကိုးကျွန်း) ရဲ့ စခန်းမှူး ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ကျနော် ကျောက်ဖြူမြို့ကို ရောက်စဉ် သူက ဓရခ ခေတ္တဌာနချုပ်မှူး ဖြစ်နေတာမို့ တွေ့ဖူးရုံတော့ ရှိပါတယ်။ အဲဒီ ၂၀၀၄ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ထောက်လှမ်းရေးအုပ်စု ပြဿနာတက်ချိန်မှာ သူလည်းစစ်သံမှူးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့တာ ၂၀၁၂ အထိပါပဲ။ အခုတော့ ဒုတိယကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်နေပါပြီ။


အင်တာဗျူးမှာ ဗိုလ်မှူးချုပ် အောင်သော်က ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်စဉ်ကို “အလွန့်အလွန် ဝမ်းနည်းဖွယ် အမှတ်ရစရာများ” အဖြစ်မှတ်ချက်ပြု ပြောဆိုခဲ့ပြီး“၁၉၈၈ ခုနှစ်မှာ တစ်နိုင်ငံလုံးဟာ ကစဥ့်ကလျားအခြေအနေ ရောက်နေတာအမှန်ပါပဲ။ ဒါကိုအားလုံးခံစားခဲ့ကြရတာပါ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေလည်းအပါအဝင်ပေါ့”
“အဲဒီလိုကစဥ့်ကလျား ဖြစ်နေတာကို ငြိမ်ဝပ်ပိပြားအောင် ထိန်းပေးနိုင်မယ့် အဖွဲ့အစည်းကစစ်တပ်ပဲရှိတော့ တယ်။ အဲဒီအချိန်မှာတခြားရွေးစရာဘာနည်းလမ်းမှ မရှိဘူး။ အရပ်သားတွေကိုအကာအကွယ် ပေးဖို့အတွက် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြရတယ်”လို့ဆိုပါတယ်။

တခါ စစ်တပ်ကအာဏာသိမ်းခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း“ဒါကိုလူတွေကလည်းကျေးဇူးတင် နေခဲ့ကြတာ။ အဲဒီလိုအချိန်ကသာခင်ဗျားတို့ တိုင်းပြည်ထဲရောက် နေခဲ့ရင် အဲဒီကျေးဇူးတင်တဲ့ အသံတွေ ကြားကြရမှာ။ လူတိုင်းဟာကိုယ့်အိမ်ထဲမှာနေတာတောင် မလုံခြုံတဲ့ ခံစားမှုမျိုးရနေတာကိုး”လို့ ဆိုပြန်ပါတယ်။
ပြီးတော့ လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေနဲ့ ပတ်သက်လို့ “ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အစိုးရက ဦးဆောင်နေတာပါ”ဆိုပြီးမြန်မာ့တပ်မတော်ကို မြန်မာပြည် ဒီမိုကရေစီသန္ဓေရဲ့ ဗိသုကာအဖြစ် လည်းကောင်း၊ စောင့်ရှောက်သူအဖြစ်လည်းကောင်း ပုံဖော် ပြောကြားသွားခဲ့တာတွေ့ရပါတယ်။

ပြောရရင် ဗိုလ်မှူးချုပ် အောင်သော်ရဲ့ ပြောကြားချက်တွေဟာ ‘အမှန်တဝက် လံတဝက်’ လို့ ဆိုရမှာပါ။ လက်တွေ့ အဖြစ်အပျက်ပိုင်းမှာ အတိုင်းတာတခုထိ မှန်ကန်တာတွေ ရှိပါတယ်။ ၁၉၈၈ လူထုအုံကြွမှု ကာလအတွင်းကလူတိုင်းရဲ့ ရင်ထဲမှာမလုံခြုံတဲ့ စိတ်ခံစားမှုတွေ ရှိနေခဲ့တာမှန်ပါတယ်။ ဒါက ပြည်သူလူထု အတွင်းမှာသာမက တပ်မတော်အပါအဝင် လက်နက်ကိုင် ဝန်ထမ်းတွေနဲ့ ပြည်သူလူထုအကြားမှာပါ ယုံကြည်မှု ပျက်ပြားသွားခဲ့ရခြင်းကြောင့် ဖြစ်ရတာပါ။

လူနေရပ်ကွက်တွေ အတွင်းမှာညစဉ်ကင်းစောင့် လုံခြုံရေးယူရပါတယ်။ ညအခါ ရပ်ကွက်တခုနဲ့တခု  ကူးသန်းသွားလာလို့ မရပါဘူး။ လူအုပ်ကြားမှာအဆိပ်ခတ်သူလို့ မသင်္ကာရဘူးအထင်ခံရရင် အသက်အန္တရာယ် စိုးရိမ်ထိတ်လန့်ရတဲ့ အခြေအနေ၊ တပ်ထဲမှာတာဝန်ကျတဲ့ စစ်သားတွေ အိမ်ပြန်တဲ့အခါ ရေး-၁၀၀ ကဒ်ပြား လေးတွေကိုဘအသေအချာဝှက်ပြီး ယူဆောင်ခဲ့ကြရပါတယ်။ အဲဒီအချိန်က ရေတပ်စစ်သည်တဦး သံလျှက်စွန်း ရေတပ်လိုင်းမှာဆုံးတော့ မင်္ဂလာဒုံစစ်သင်္ချိုင်းကို အရပ်ကားနဲ့ သွားပို့ရပါတယ်။ ဒါတွေကလက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်ပျက်ပိုင်းပါ။

ဒီနေရာမှာတလောက ဆရာဝန်လေးတဦးရေးတဲ့ ‘ဘာကြောင့်လဲ’ ဆောင်းပါးထဲကလို why တလုံးလောက် အခြေတည် စဉ်းစားနိုင်တယ်ဆိုရင်ပဲ သင့်တင့်မှန်ကန်တဲ့ အဖြေကိုရနိုင်မယ်ထင်ပါတယ်။

ဒီအခြေအနေတွေဘာကြောင့် ဖြစ်ပေါ်လာရလဲ။ ၈၈ လူထုအုံကြွမှုဆိုတာလူထုရဲ့ အစိုးရအပေါ် မကျေနပ်မှု သက်သက်လား။ ၂၆ နှစ်တာမဆလအစိုးရလက်ထက်မှာတိုင်းပြည်ရဲ့အခြေအနေနဲ့ ပြည်သူလူထုရဲ့ ကြိမ်မီးအုံးခံစားချက်… စတာတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ ပြောတာပါ။
စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ LDC ဖြစ်သွားတဲ့တိုင်းပြည်မှာ ကိုယ်ထုတ်ထားတဲ့ ငွေစက္ကူကိုတရားမဝင် ကြေညာတယ်၊ လက်ဖက်ရည်ဆိုင်က ရန်ပွဲလေးကိုပြေလည်အောင် ဖြေရှင်းမပေးဘဲ ကျောင်းသားဆူပူမှုအထိ ဖြစ်အောင် လှုံ့ဆော်ပေးတယ်။ လက်နက်မပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းပတမ်း ပစ်ခတ်နှိမ်နင်းတယ်။ အဲဒီနောက်ပိုင်းမှာရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါတောင် ပြည်သူလူထုက ရက်စက်မှုကို ရမ်းကားမှုနဲ့ တုန့်ပြန်ခြင်း မရှိခဲ့ပါဘူး။ မြောက်ဥကလာပမှာရဲတွေကိုခေါင်းဖြတ် သတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ။ ရဲတွေကို ခေါင်းဖြတ်သူတွေဟာ ကျောင်းသားခေါင်းဆောင်၊ သပိတ်ခေါင်းဆောင်တွေ မဟုတ်ပါဘူး။ အေးအေးနေမှန်မှန်လုပ်စားလုပ်သားပြည်သူတွေ မဟုတ်ပါဘူး။

ရပ်ကွက်ထဲမှာလူမိုက် ‘ဇ’ ရှိထားပြီးနယ်ထိန်းတွေနဲ့ တဲ့ရင် လင်မယားလိုနေလိုက် မတဲ့ရင် ရန်သူလို ဆက်ဆံလိုက် နေတတ်တဲ့ ဆိုးသွမ်းစာရင်းဝင်တွေပဲ ဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးစအချိန်မှာ ဆန္ဒပြပွဲလည်းမပါ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ရန်မမူဘဲ ကိုယ့်လမ်းကိုယ်သွားနေရင်း တီအီးကားပေါ်ကနေ ပစ်ခတ်လို့ သေကြေခဲ့ရတာ ဘုမသိဘမသိ ပြည်သူလူထုစစ်စစ်ပါ။

ဒီလောက် ရက်စက်လွန်းပြီး ရင်နာစရာကောင်းတဲ့ ၈၈ ဖြစ်ရပ်တွေကို ပြည်သူတွေရင်ထဲမှာ ဘယ်မေ့နိုင်မှာလဲ။

အဲဒီအချိန်က စစ်တပ်အာဏာသိမ်းတာကို လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးအားပေးထောက်ခံ ကျေးဇူးတင်သူ ဆိုလို့ စစ်အာဏာပိုင်တွေနဲ့ မကင်းရာမကင်းကြောင်း ဝိသမလောဘသား တချို့သာရှိပါလိမ့်မယ်။ တခုတော့ ရှိပါတယ်.. လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတာမျိုး မငြိမ်သက်မှုနဲ့ သံသယတွေကြားမှာ နေ့တဓူဝ ကျီးလန့်စာစား ဖြစ်နေရရှာတဲ့ ပြည်သူလူထုဟာသူတို့လုံခြုံရေးကိုအကာအကွယ်ပေးနိုင်မယ့် အင်အားစုကို အားကိုးအားထားပြုချင်ကြမှာပါ… အဲမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု ပုံစံကိုလိုက်ပြီး လူထုရဲ့ တုန့်ပြန်မှု ထွက်ပေါ်လာရတာပါပဲ။

၈၈ နောက်ပိုင်း ပြည်သူလူထုဘဝကတော့ သိန်းလက်ကလွတ်..စွန်လက်ရောက်ရတဲ့ သားကောင်များသာ ဖြစ်ခဲ့တာပါ။ ငြိမ်ဝပ်ပိပြားမှုဆိုတဲ့ စီမံချက်အောက်မှာမလှုပ်သာမလူးသာ ငြိမ်ငြိမ်လေးကုပ်နေရပါတယ်။ ပြည်သူလူထုက တရားဥပဒေမဲ့ ဝရုန်းသုန်းကား အခြေအနေကို မနှစ်သက်သလို.. ထားရာနေ၊ စေရာသွား၊ ခိုင်းရာလုပ်ဘဝကိုလည်း မလိုလား၊ မပျော်မွေ့နိုင်ကြပါ။

ပိုဆိုးတာက အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ သူတို့ကတိအတိုင်း ရွေးကောက်ပွဲအပြီးမှာ စစ်တန်းလျားကို မပြန်တော့ဘဲ အနှစ် ၂၀ ကျော် ဆက်လက် အာဏာဆုပ်ကိုင်လိုက်တာပါပဲ။

အခု ဒီမိုကရေစီရေးအပြောင်းအလဲမှာ အစိုးရက ဦးစီးဦးဆောင်ပြုနေတယ် ဆိုရာမှာလည်း လက်တွေ့မြင်ကွင်း အရတော့ မှန်ကန်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ အဲဒီလို ဦးစီးဦးဆောင်နေရာကို ရအောင်ယူထားရတာလဲ။ ပြီးတော့ အစိုးရကလုပ်ဆောင်နေတဲ့ အပြောင်းအလဲပုံစံတွေက ပြည်သူလူထုအကျိုးကို တကယ်ပဲရှေ့ရှု နေသလား… ထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့ ယှဉ်ပြီး စဉ်းစားကြည့်လိုက်ပါ။

တကယ်သာ ပြည်သူ့အကျိုးကို ရှေ့ရှုတယ်ဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့ စက်ရုံအလုပ်ရုံအလုပ်သမား ဆန္ဒပြမှုတွေ၊ မြေသိမ်းယာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါ။ အစိုးရလုပ်ဆောင်နေတဲ့ ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို ပြည်သူလူထုကဝန်းရံထောက်ခံနေဖို့ပဲလိုမှာပါ။
အခုတော့ ပြည်သူလူထုကရော နိုင်ငံတကာကပါ အမျိုးမျိုး ချွန်းအုပ်မောင်းနှင်နေတာတောင် လမ်းကြောင်း မဖြောင့်နိုင်သေးတဲ့ ဆင်ရိုင်းတကောင်လိုပါပဲ။

ဗိုလ်မှူးချုပ် အောင်သော် ပြောခဲ့တဲ့ စကားမျိုး နဝတ၊ နအဖ သက်တမ်းတလျှောက် စစ်ဗိုလ်ချုပ်တွေ ပြောဆိုခဲ့ ကြပါတယ်။ ခုချိန်မှာတော့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်မှာ ‘ကျနော်တို့ မှားခဲ့ပါတယ်’ လို့ မသိမသာ တိုးတိုးညှင်းညှင်း ဝန်ခံဖြောင့်ချက်ပေးနေတာတချို့ ကြားသိနေရပါပြီ။

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ စီးပွားရေးကျဆင်းမှုကိုပြောင်းလဲပုံဖော်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လောက်သာမဟုတ်ဘဲ… နိုင်ငံရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး…. စတာတွေပါဝင်တဲ့ အလုံးစုံပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးပါ။

ဒီနေရာမှာ အဓိကပြောချင်တာက တပ်မတော်ရဲ့အခန်းကဏ္ဍကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတဲ့အချက်ပါ။ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တချို့က စစ်တပ်လုပ်တာမှန်တယ်လို့ စစ်အစိုးရသက်တမ်းတလျှောက်လုံး ဟစ်ကြွေးလာချိန်မှာ တဖက်ကလည်း စစ်တပ်မုန်းတီးရေး ဒီရေလှိုင်းတွေ တလိပ်လိပ် တက်လာခဲ့ပါတယ်။

၁၉၈၈ ကာလကတက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်းတက်နေခဲ့တဲ့ ကျောင်းသားလူငယ်တွေဟာ လက်ရှိတပ်မတော်ထဲမှာ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်တာဝန် ထမ်းဆောင်နေကြပါပြီ။ ၈၈ လူထုအုံကြွမှုမှာ သူတို့ဟာကျောင်းသားတွေ ဖြစ်ခဲ့ပါတယ်။ အုံကြွလှုပ်ရှားမှုထဲမှာအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင် လှုပ်ရှားမှု မရှိခဲ့တောင်မှ ကိုယ်တွေ့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအသိ သူတို့မှာရှိထားပြီးသားပါ။

စစ်မှုထမ်းကာလမှာလည်းလူ့အခွင့်အရေးချိုးဖောက်မှု၊ တမိန့်တအာဏာနိုင်လိုမင်းထက်ကျင့်သုံးမှု၊ အကျင့်ပျက်ခြစားမှုတို့ကို သတိထားရှောင်ရှားနိုင်ခဲ့သူတွေ အများအပြားရှိနိုင်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်မှာ တပ်မတော်နဲ့ ပြည်သူလူထုအကြား နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးရှိလာဖို့ အဓိကလိုအပ်ပါတယ်။ ဒီအတွက် တပ်မတော်ရဲ့ အခြေအနေမှန်ကို ထုတ်ဖော်ရှင်းပြနိုင်ရပါမယ်။
စစ်အာဏာရှင် လူတစုကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တပ်မတော်တရပ်လုံးအား တာဝန်ခံခိုင်းတာမျိုး မလုပ်သင့် မပြောသင့်ပါ။ အပြစ် အနာအဆာကင်းပြီး သွက်လက်ထက်မြက်တဲ့ နောက်မျိုးဆက်သစ်ကို လွတ်လွတ်လပ်လပ် ရှင်သန်ခွင့် ပြုသင့်ပါတယ်။
တပ်မတော်ခေါင်းဆောင်တချို့ ကျူးလွန်ခဲ့တဲ့အမှားလုပ်ရပ်တွေကို အမှန်အတိုင်းဖွင့်ဟဝန်ခံပြီး ပြည်သူလူထုရဲ့ နားလည်ခွင့်လွှတ်မှုကို ရယူသင့်ပါတယ်။ ဒါမှသာရေရှည်တည်တံ့တဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်မှာပါ။

ဗိုလ်မှူးချုပ် အောင်သော် ဟာ ဒုတိယကာကွယ်ရေးဝန်ကြီး တဦးဖြစ်သလို လက်ရှိစစ်မှုထမ်းဆဲလည်း ဖြစ်နေ တာမို့ သူပြောတဲ့စကားလုံးတိုင်းဟာ တပ်မတော်ကို အရောင်ရိုက်ခတ်နိုင်ပါတယ်။ အထက်က အင်တာဗျူးမှာ သူပြောခဲ့တဲ့ စကားတွေကို သက်သေပြုပြီး တပ်မတော်ရဲ့သဘောထားဟာ ‘ဤသို့ရှိပါတကား’ လို့ ကောက်ချက်ဆွဲ ခံရရင် တပ်မတော် ပုံရိပ်မကောင်းနိုင်ပါ။ အထူးသဖြင့် မျိုးဆက်သစ်တွေ အထင်လွဲမုန်းတီး ခံရတာ နစ်နာလှ ပါတယ်။

တဖက်နဲ့တဖက် ညှိနှိုင်းပြေလည်မှုရဖို့ လျှော့တန်တာလျှော့ အမှားဝန်ခံသင့်တာဝန်ခံ လုပ်ရမယ့်အချိန်မျိုးမှာ အထိုင်တခုတည်းကနေ တခုတည်းသော အမြင်ကိုစွဲကိုင်ကာ ‘ငါသာလျှင် အမှန်တရား’ လို့ တစိုက်မတ်မတ် ပြောဆိုလုပ်ကိုင်နေခြင်းဖြင့် အာဏာရှင်စနစ်ကိုအကာအကွယ်ပြုတဲ့ အတွေးအခေါ်တခု နောက်မျိုးဆက်တွေ အတွင်း ရိုက်သွင်းမပေးဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။

အတိတ်သမိုင်းထဲမှာ အိပ်မောကျမနေတော့ဘဲ အပြောင်းအလဲနဲ့အတူ နိုးထပါတော့ ယာမာမိုတို ခင်ဗျား…..

နေမင်းသူ
၂၆-၁၁-၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts