Monday, November 19, 2012

ပန်သူမဲ့ ပန်းတပွင့်


(၁)
နှစ်ကာလအတန်ကြာ နေ့တဓူဝမြင်တွေ့နေရပေမဲ့ မျက်စိပသာဒမရိုးနိုင်သော တောတောင်သဘာဝ ရှုခင်းအလှ ကို ငေးမောကြည့်ရှုရင်း ကတ္တရာလမ်းအိုလေးအတိုင်း လျှောက်လာခိုက် တစုံတယောက်နှင့် ဝင်တိုက်မိတော့ မလို ဖြစ်သွားရသည်-
‘ဟ ဟ.. သြော်.. ညီလေး….. ဘယ်တုန်းက ပြန်ရောက်လဲ’
‘ဒီမနက်ပဲ အကိုရေ’
 “ဒါနဲ့.. ညီလေး ဒီတခေါက် အလုပ်ပင်ပန်းတယ်နဲ့တူတယ်.. လူတော်တော် ပိန်ကျသွားသလိုပဲ…”
“အကိုရယ် ဒီခန္ဓာကဘယ်တုန်းကမှ သိသိသာသာ မဝပါဘူး..”

“အခု ဘယ်ကိုချီတက်မလို့တုန်း….”
“ဆံပင်သွားညှပ်မလို့ အကိုရေ… ဆံပင်ရှည်လာရင် မနေတတ်တာအကျင့်ဖြစ်သွားပြီဗျ..”
“အေးအေး ဆံပင်တိုတိုထားတော့ ခေါင်းရှင်းတာပေါ့ ညီလေးရာ”
သူ့ကိုတွေ့လိုက်တိုင်း ကျနော့်ရင်ထဲမှာ တမျိုးတမည် ခံစားရသည်။ မြန်မာတို့ ရင်းနှီးပြီးသား စကားပုံလေး တခု ရှိပါသည်-  ‘ပျော်ရာမှာမနေ၊ တော်ရာမှာနေ’ တဲ့…
စိတ်ပျော်ရွှင် ကျေနပ်ရာ အရပ်လည်း မဟုတ်၊ ကိုယ့်အတွက် သင့်တော်မှန်ကန်သည့် နေရာဟုလည်း မဆိုသာသည့် ရပ်ဝန်းတခုမှာကျင်လည် လှုပ်ရှား နေရသော သူ့ဘဝကိုကြည့်ရင်း စာနာဂရုဏာသက် မိခြင်းလည်း ဖြစ်ရပါသည်။
သူနှင့်ကျနော် အမြဲတစေဆုံတွေ့ရသည်တော့ မဟုတ်၊ သူအလုပ်နား၍ ခေတ္တပြန်လာသည့်အခိုက် ရက်တွေ အတွင်းမှာရံဖန်ရံခါ စကားပြောဖြစ်ကြပါသည်။ ယခုလည်းသူနှင့်ကျနော် လမ်းမှာဆုံဖြစ်ကြသည်။ ထုံစံအတိုင်း သူက အပြုံးနှင့်ကြိုဆိုနှုတ်ဆက်တတ်သည်။
 အသက် ၂၇-၂၈ အရွယ် ပန်းရံအလုပ်မှာ လူကြမ်းသမားလေး လုပ်နေရသူ သူ့ဘဝ။ သွက်လက်ဖျတ်လတ် နုနယ်သန်မာတုန်း အရွယ်မို့ သူအလုပ်ကြမ်းလုပ်နိုင်တာ မဆန်းလှပါ။ သို့သော် ဒီလိုအလုပ်မျိုးနှင့် သူလိုလူ မလိုက်ဖက်ဟု ကျနော်တွေးနေမိသည်။

သူနှင့်ထိုက်တန်သော အလုပ်တခုရရန် ကျနော်နှင့်မိတ်ဆွေတဦး တိုင်ပင်ဆွေးနွေးပြီး မိတ်ဆွေဖြစ်သူက အစွမ်းကုန် ကူညီရှာသော်လည်း အထမမြောက်နိုင်သေးပါ။ သူကတော့ လက်ရှိ သူကျင်လည်နေရသော ဝန်းကျင်လေးမှာ ပျော်မွေ့ကြည်နူးမှု အရိပ်အယောင် မတွေ့ရသော်လည်း စိတ်ပျက်အားငယ်သည့် စကား တခွန်းတလေမျှ သူ့နှုတ်ဖျားက ထွက်ပေါ်မလာခဲ့ပါ။ ကြုံတွေ့လာသော လောကဓံတရားကို အဆင်ပြေသလို ဖြတ်သန်းဖို့ စိတ်ပိုင်းဖြတ်ထားပုံရပါသည်။
(၂)
တနေ့ သူနှင့်ကျနော် အင်တာနက်ဆိုင်မှာ ဆုံဖြစ်ကြချိန် သူက သူ့မိသားစုနှင့် ဆက်သွယ်စကားပြော နေတာ တွေ့ရ၏။
“ညီမလေး စာကြိုးစားနော်.. အမေရောနေကောင်းလား… အမေ့ကိုဂရုစိုက်ပါ၊ အကို့အတွက် ဘာမှမပူနဲ့နော်.. အကို အလုပ်အဆင်ပြေရင် ငွေပို့ပေးလိုက်မယ် သိလား”
စသဖြင့် သူပြောနေသော စကားသံတွေ ကျနော့်နားထဲကို တစွန်းတစ ရောက်ရှိလာသည်။
အကိုးလလွယ် ဆယ်လဖွား မွေးမိခင်ကို သူရင်ထဲမှာ အစဉ်အမြဲ အောက်မေ့သတိရနေမှာပါ။ ထို့အတူ သူ လူလားမြောက်ခါစအရွယ်မှာ သုံးနှစ်သုံးမိုး ထိန်းကျောင်းသွန်သင် ပညာပေးခဲ့သည့် တပါးသော မိခင် တဦးကိုလည်း သူ့တသက်တာ ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။ မိခင်နှစ်ဦး၏ ကျွေးမွေး ပြုစု စောင့်ရှောက်မှု၊ ဆုံးမသွန်သင် အတတ်ပညာ ပေးဝေမှုတို့ကြောင့် သူ၏ ပုခုံးလက်ပြင် အကြောအခြင်တို့ သံချောင်းပမာ မာကျောတောင့်တင်းကာ  ဘဝကို ရုန်းကန်ရှင်သန်ရဲသော သတ္တိမွေးဖွားပေးလိုက်ဟန် ရှိပါသည်။

သို့သော် ထိုတပါးသောမိခင်၏ အရိပ်အာဝါသအောက်မှာ ကုန်လွန်ခဲ့ရသော နေ့ရက်အချိန်တွေကို သိပ်ပြီး တမ်းတမ်းတတ ပြောဆိုလေ့မရှိတာကို သတိထားမိပါသည်။ သူဘာကြောင့် အဲဒီရပ်ဝန်းကို ကျောခိုင်း ထွက်ခွာလာခဲ့ရသလဲ… ကျနော်ဥာဏ်မီသလောက် တွေးဆကြည့်သော်လည်း အဖြေမှန်မရနိုင်။
အပြောအဆို ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသားဖြူစင်ကာ သူတပါးအပေါ် အမြဲတမ်းငဲ့ညှာတတ်သော သူ့အမူအယာ စိတ်နေစိတ်ထားနှင့် နှိုင်းဆ စဉ်းစားသောအခါ အရင်က ကျင်လည်ခဲ့သော ရပ်ဝန်းထဲမှာ သူဘက်က လွန်ကျူး မှောက်မှားမှုကြောင့် တိမ်းရှောင်ထွက်ပြေးလာသည်ဟု ကျနော်မထင်မိပေ။
လက်ရှိအရပ်မှာ သူပျော်အောင်နေသည်။ ကလေးတွေကစားဝိုင်းထဲမှာ သူဝင်ကစားနေတာ တွေ့ရဖူးသည်။ ဆယ်ကျော်သက် လူငယ်တွေနှင့်အတူ ဂစ်တာတီးရင်း သီချင်းဆိုတတ်သည်။ ဘာပဲဖြစ်ဖြစ် လူငယ်ဟာ လူငယ်ပါပဲ။ တာဝန်တွေနဲ့ မအားလပ်သည့်ကြားမှာတောင် ရေချိုးချိန်၊ အိပ်ရာဝင်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်လေး နေကြတာ လူငယ်သဘာဝပင် ဖြစ်ပေသည်။
 (၃)
ကျနော်တို့ စတင်ဆုံတွေ့စဉ်က လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်ကြသည်။
“ကျနော့်မိဘတွေက စစ်တွေမှာနေတာ… ကျနော်တို့အိမ်ဘေးနားမှာ ရေတပ်ကဗိုလ်မှူးတယောက်နေတယ်။ အိမ်မှာရေထည့်ဖို့ တိုင်ကီလိုလို့ အမေက အဲဒီဗိုလ်မှူးဆီမှာ ငါးထည့်တဲ့ ပလပ်စတစ်ပုံး တောင်းဝယ်ရတယ်။ အဲဒီပုံးတွေက ပေါ့ပေါ့လေးနဲ့ အသုံးခံတာဆိုတော့ တော်တော်အဆင်ပြေတာပဲ..”
သူဆယ်တန်းအောင်သည့်အခါ နှင်းငွေ့ကမ္ဗလာခြုံ ချယ်ရီရိပ်မြုံရနံ့သင်းတဲ့ တောင်ပေါ်မြေမှာ ပညာဆက်လက် သင်ကြားခွင့် ရခဲ့ပါသည်။ သုံးနှစ်သုံးမိုး ကြိုးကုတ်သင်ယူလေ့ကျင့်မှုတွေနှင့်အတူ အနာဂတ်ရည်မှန်းချက်ကို လည်း ခိုင်ခိုင်မာမာ သူချမှတ်ခဲ့ပေလိမ့်မည်။
တက္ကသိုလ် စာသင်နှစ်တွေ ပြီးဆုံးအောင်မြင်သည့် နောက်ပိုင်းမှာတော့ ပို့လွှတ်သည့်အရပ်ဒေသမှာ သင့်တင့် လျောက်ပတ်အောင်နေ၊ အထက်မှ ပေးအပ်လာသည့် လုပ်ငန်းတာဝန်မှန်သမျှကိုလည်း ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်၊ မိမိလက်အောက်ကိုလည်း တော်တည့်မှန်ကန်စွာ ဦးဆောင်မှုပေးရသည့် စစ်သည်တော်တဦး ဖြစ်လာရသည်။

ဘဝဆိုသည်ကား မျဉ်းဖြောင့်တကြောင်းလို ချောမွေ့ညင်သာဖြောင့်ဖြူးသည် မဟုတ်။ အကွေ့ အကောက်၊ အစုံအဆန်၊ အတက်အကျ လှိုင်းတံပိုးတွေကြားမှာ လူးလွန့်ရုန်းကန်လှုပ်ရှား စွန့်စားဖြတ်သန်း ရတာတွေ ရှိသည်။ သည်ကြားထဲ ကြွေတလက်ကြက်တခုန်… ကြိုတင်မမြင်မသိနိုင်သော  ကံကြမ္မာ အလှည့် အပြောင်းအဟုန်က ဘဝတွေကို ကပြောင်းကပြန် ကပေါက်တိကပေါက်ချာ သွက်သွက်ခါဖြစ်သွားအောင် မှောက်လှန်ပစ်နိုင် စွမ်းရှိပေသည်။
ဒီလောကဓံတရားကို ဖိုးဆန်း ကြုံတွေ့ရင်ဆိုင် ခံစားလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
(၄)
သူဖြတ်သန်းကျင်လည်ခဲ့ရသော ဘဝအစိပ်အပိုင်းတချို့ကို ပြောပြသဖြင့် သိခွင့်ရခဲ့ပါသည်။ AK-47 လက်နက်ကို သူအမြတ်တနိုး ရှိကြောင်း သိလိုက်ရသဖြင့် ကျနော် သူ့ကို ‘ဖိုးဆန်း (47)’ ဟု ခေါ်တွင်လိုက် ပါသည်။ အခြားသူတချို့လည်း ကျနော်ခေါ်သလိုပင် လိုက်ခေါ်ကြသည်။
ပြောရလျှင် ယခင်က ကြုံတွေ့ခဲ့ရဖူးသော အတွေ့အကြုံတချို့ရှိနေတာကြောင့် သူနှင့်သိကျွမ်းရင်းနှီးစမှာ ခပ်တန်းတန်းပင် ကျနော်ဆက်ဆံခဲ့ပါသည်။ တချို့သောသူတွေက ဒီလိုနေရာမျိုးရောက်နေသည့်တိုင် အခြေအနေနှင့် လိုက်လျောညီထွေစွာ နေဖို့ ဝန်လေးနေတတ်သည်။ ကိုယ်မပိုင်ဆိုင်တော့ပြီဖြစ်သော အဆောင်အယောင် ဂုဏ်ဒြဗ်တွေကို အသိအမှတ်ပြုခံချင် နေကြသေးသည်။  အမြင်ကပ်စရာ ကောင်းလှပါဘိ။
ကျနော် အတွင်းမှာရှိစဉ်ကလည်း ဖိုးဆန်းထက် ၂ နှစ် ၃ နှစ်ခန့် စီနီယာကျသော သင်တန်းဆင်းခါစ အရာရှိငယ်များနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးပါသည်။ ဆက်ဆံရေး ရည်မွန်ပြေပြစ်သူတွေ ရှိသလို ခက်ထန်မာကြောသူ တချို့ကိုလည်း တွေ့ခဲ့ရပါသည်။ အဲဒီအချိန်က ကျနော်တာဝန်ကျသော ရုံးမှာ သူတို့ကို WKC ခေါ် ပဲ့စင်အရာရှိအဖြစ် ရေယာဉ်လက်တွေ့သင်ကြားပေးရန် ယာယီတွဲဘက်ထားခြင်း ဖြစ်ပါသည်။ ကျနော့်ထက် ၁၀ နှစ်ကျော်ငယ်ရွယ်သူများ ဖြစ်ပြီး အများစုက ကျနော်တို့ ရုံးအဖွဲ့ကို လေးစားမှုဖြင့် ဆက်ဆံပြောဆိုကြပြီး ‘မင်း’ ‘ငါ’ အသုံးအနှုန်းဖြင့် ပြောဆိုသော စုန်းပြူးတချို့ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ဒေါ်စိန်အေး မွေးထုတ်လိုက်သော သားတွေချင်းတူသော်ငြားလည်း လူမှုဆက်ဆံရေးအသိ မတူညီကြရခြင်းမှာ သီးခြား အကြောင်းခံတွေရှိလိမ့်မည်ဟု ယူဆမိပါသည်။
ဖိုးဆန်းကတော့ ရည်ရည်မွန်မွန်ထဲက ဖြစ်နိုင်ပါသည်။ သူဒီကိုရောက်ခါစ သူနှင့်တကျောင်းတည်းထွက် သူ့ထက်စီနီယာကျသူ တဦးရဲ့ အိမ်မှာနေရသည်။ ထမင်းအိုးတည်၊ ကလေးထိန်းတာကအစ သူ့ဘက်က လစ်ဟင်းမှုမရှိအောင် အိမ်ဗာဟီရ ကိစ္စတွေ လုပ်ပေးတာ တွေ့ရသည်။ ၆ လခန့်ကြာသောအခါ ဟိုပုဂ္ဂိုလ်၏ စီးပိုးဆက်ဆံမှုတွေကို ဆက်လက် သည်းမခံနိုင်သည့်အဆုံး စုပေါင်းရုံးဆီသို့ ပြောင်းရွှေ့ရောက်ရှိလာ၏။ ထိုရုံးတွင် သူ့အရင်ရောက်နေနှင့်သော ရဲဘော်တဦးနှင့် အတူနေသည်။
(၅)
မကြာသေးခင်က ဒေါ်စိန်အေး သားတဦးနှင့် စကားပြောဖြစ်ရာ ဖိုးဆန်းနှင့်ပတ်သက်၍ မချင့်မရဲဖြစ်နေရသော ကျနော့်ရင်တွင်းက ခံစားချက်ကို ဖွင့်ဟမျှဝေဖြစ်လိုက်သည်။ သူလည်း စိတ်မကောင်းနိုင်ပါ။ ပြီးတော့ သူက…
‘ကြားရတာ စိတ်မကောင်းပါဘူးဗျာ.. ဒါပေမဲ့ သူရုန်းကန်နိုင်ပါလိမ့်မယ်.. တကယ်တော့ ကျနော် နားလည်သလို ပြောရရင် DSA never surrender ဆိုတာ အပြင်က လက်နက်မဟုတ်ဘူး ~~ အပြင်ဘဝ တွေ မဟုတ်ဘူး။ အတွင်းစိတ်မှာသာရှိပါတယ်။ ဗိုလ်လောင်းကတည်းက ကိုယ်တိုင် အုတ်ခဲစီ၊ ကိုယ်တိုင် ထုံးသုတ် ကိုယ်တိုင် အိမ်သာဆေး၊ ကြမ်းတိုက်၊ လုပ်လာခဲ့တဲ့ သူတွေပဲ။ ပန်းရံ လုပ်လည်း သူအေးဆေး ဖြစ်နေမှာပါ။ တချိန်ချိန် ကျရင်တော့ နက်ခ်တိုင် ဝတ်ပြီး mess တက် မဲ့ အခြေနေ သူဖန်တီးပါ လိမ့်မယ်။ သူဘယ်နေရာ ရောက်ရောက် တိုင်းပြည်နဲ့ ရဲဘော်ရဲဘက်တွေအပေါ် သစ္စာ မဖောက်သရွေ့ သူဟာ ကျနော့် ညီအစ်ကိုလို့ပဲ သဘောထားပါတယ်။’ ဟု သူ့အတွက် နွေးထွေးသော မှတ်ချက်စကားကို ကြားခဲ့ရသည်။

ဒေါ်စိန်အေး သားတွေ အလုပ်အောက်သက်ကျေတာကို မြင်တွေ့ခဲ့ရဖူးပါသည်။ ကျနော် နယ်တပ်တခု မှာ တာဝန်ကျစဉ်တုန်းက ဖြစ်သည်။ တပ်သစ်ဖြစ်သည်မို့ မကြာမကြာ တပ်သန့်ရှင်းရေး လုပ်ကြရပါ သည်။
တနေ့ လုပ်အားပေးခန့်ခွဲဖို့ တန်းစီချိန်တွင် တပ်မှူး ရောက်ရှိလာပြီး အနီးမှာချထားသော ပေါက်ပြား တလက်ကို ကောက်ကိုင်၍ ‘ပေါက်ပြားကိုင်နည်း လက်တွေ့ ပြမယ်’ ဟုဆိုကာ မြက်ပင်တွေကို အလွှာလိုက်ပါအောင် ရှပ်၍ပေါက်ပြသည်။ ထိုစဉ်က မြို့ပေါ်နေ လူ့အလွှာမှ ရေတပ်ထဲ ရောက်လာသူ စစ်သည်တချို့ ပေါက်ပြားကို ခွင်ကျကျ မကိုင်တတ်ပေ။
တခြားသော အရာရှိငယ်တချို့ ပေါက်ပြားကိုင် မြေပေါက်တာကိုလည်း တွေ့ခဲ့ရပါသည်။ သူတို့မှာ ခံနိုင်ရည်အားနှင့် ကျွမ်းကျင်မှုတွေ ရှိထားပြီး ဖြစ်သည်။ ယင်းအားအင်နှင့် အရည်အသွေးများကို ပြည်သူလူထုအတွက် အပြည့်အဝ စိုက်ထုတ်အသုံးချနိုင်သည့်အချိန်မှာ မြန်မာပြည်ကြီး အလျှင်အမြန် ပြောင်းလဲတိုးတက်ဖို့ သေချာပေသည်။
ပြည်သူလူထုက ဆင်းသက်မွေးဖွားလာသော တပ်မတ်ာသည် ပြည်သူလူထု အကျိုးကိုသာလျှင် အဓိကထား ဦးထိပ်ပန်ဆင် နိုင်ရပေလိမ့်မည်။ မကြာမီသောကာလတခုမှာ ဖြူစင်သန့်ရှင်းသော နှလုံးသားချင်း နွေးနွေးထွေးထွေး ပေါင်းစပ်သွားနိုင်မည်ဟု ကျနော် ယုံကြည်မိပါသည်။
(၆)
ပြီးခဲ့သော သင်္ကြန်ပွဲတော်ကာလ အတွင်းမှာ စုပေါင်းသဒ္ဓါအားဖြင့် မုန့်ဟင်းခါးကျွေး အလှူပွဲလေး လုပ်ဖြစ်ပါ သည်။ အများနည်းတူ ဖိုးဆန်းတယောက်လည်း အလုပ်ရှုပ်နေသည်။ White Board မှာ စာတွေ ရေးလိုက်၊ ပစ္စည်းတွေ ငှားရမ်းသယ်ယူလိုက်နှင့် နားရသည်မရှိ။
ညဦးပိုင်း မုန့်ဟင်းရည်အိုးတွေ တည်ထားပြီး ဟင်းရည်ဆူခါနီးအချိန်မှာ ဗြုန်းစားကြီး မိုးရွာချသည်။ မီးဖိုတွေက အိမ်တံစက်မြိတ်အောက်နားမှာ ရှိနေသဖြင့် ခေါင်မိုးပေါ်မှ မိုးရေတွေ ဒယ်အိုးထဲကို ဒလဟော လျောကျစီးဆင်း လာ၏။ အနီးနားမှ ရတတ်သမျှ ပလပ်စတစ်စများနှင့် ဖုံးအုပ်ဖိုးကြိုးစားသော်လည်း လုံလုံခြုံခြုံမရှိပေ။
ထိုအချိန်မှာ ထင်းတပွေ့ကိုပိုက်ကာ ဖိုးဆန်း အပြေးအလွှားရောက်လာသည်။ ကျနော်နှင့် အတူဝိုင်းကူနေသော သူငယ်ချင်းတဦးက ဖိုးဆန်းကိုတွေ့သောအခါ…
‘ဟေ့ ညီလေး ဖိုးဆန်း… အကို့အိမ်မှာ မိုးကာကြီးကြီးတခုရှိတယ်၊ အဲဒါ ညီလေးသွားယူလိုက်ပါလား’ ပြောလိုက်ရာ ‘ဟုတ်ကဲ့ အကို’ ဆိုပြီး ချက်ချင်း မိုးရေထဲပြေးထွက်သွားကာ အမှောင်ထုကြားမှာ ပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း မနေသာတော့ဘဲ ကျနော့်နှုတ်ဖျားမှ….
‘မင်းကွာ ခိုင်းရက်လိုက်တာ… ဟိုနေရာမှာဆို မင်းအဲလိုပြောကြည့် … လက်ထောက်မှောက်၊ ဂျွမ်းထိုး၊ ဖားခုန် စုံနေအောင် အပြစ်ပေးခံရမှာ သိလား’ ဟု ပြောလိုက်ရာ…..
‘အကိုကတော့ လုပ်ပြီ… ဒီမှာ ညီအကိုတွေချစ်နေတာကို လာသွေးခွဲနေတယ်’ ဟု သူက ရယ်ကျဲကျဲဖြင့် တုန့်ပြန်လေသည်။
တကယ်တမ်းမှာလည်း ခိုင်းလိုက်သူစိတ်ထဲမှာ အတင်စီးရယူလိုစိတ် လုံးဝမရှိဘဲ ညီအစ်ကိုလို ရင်းနှီးမှုဖြင့် အကူညီတောင်းလိုက်မှန်း ကျနော်သိပါသည်။ သို့ရာတွင် ဖိုးဆန်းနှင့်ပတ်သက်၍ မချင့်မရဲစိတ်၊ သနားဂရုဏာ စိတ်တို့ ကျနော့်ရင်မှာ ကိန်းအောင်းနေ၏။ သူ့နေရာမှာ ကျနော့်ညီ ၊ ကျနော့်သား၊ ကျနော့်တူ ဖြစ်နေခဲ့လျှင် ဟူသောအတွေးဖြင့် သူ့မိဘ ညီအစ်ကိုမောင်နှမတွေရဲ့ နှလုံးသားထဲ အငှားဝင် ခံစားကြည့် သည့်အခါတိုင်း အတွေးစတွေ ပေါ်လာသည်။

(၇)
မြိုင်ဟေဝန် ပန်းဥယျာဉ်အတွင်းဝယ် ရနံ့ကြွယ် အဆင်းပြည့်စုံသော ပန်းကလေးတွေ ဝေဝေဆာဆာ ဖူးပွင့်နေ သည်။ ပန်းကလေးတွေရဲ့အလှကို ငေးမောရင်း ပန်ချင်သူ ယူယချင်တွေလည်း ဝိုင်းဝိုင်းလည်နေ၏။ ထိုပန်း ကလေးများနှင့် ရနံ့တူ၊ အဆင်းတူ အမျိုးအစားတူ ပန်းတပွင့် ဥယျာဉ်နှင့် မလှမ်းမကမ်းမှာ ပွင့်လန်းနေသည်ကို တော့ အလေးထား စိတ်ဝင်စားသူ မပေါ်လာသေး။ အထီးကျန် တပွင့်ပန်း ပေမို့လား..။ စဉ်းစားစရာ..။
သူကား စွန့်ပစ်ခံပန်း မဟုတ်၊ အလေ့ကျ အရိုင်းပန်းလည်း မဟုတ်၊ ဥယျာဉ်တွင်းမှ ပဲ့ထွက်လာသော အဖိုးတန် ပန်းကလေး ဖြစ်ပါသည်။
သို့သော် ကာလတာရှည်စွာ ပန်ဆင်မယ့်သူ မရှိပါက ရနံ့ပြယ် အလှအားအင် ကုန်ခမ်းကာ ညှိုးနွမ်းသွားနိုင် သည်။ အဲလိုဖြစ်မှာ ကျနော် စိုးရိမ်နေမိခြင်း ဖြစ်၏။ သူ့လို ပန်သူမဲ့ ပန်းဘဝရောက်နေသူတွေ ဘယ်လောက် များရှိနေပြီလဲ မသိ….။
(၈)
ရုတ်တရက်ဆိုသော် မြန်မာပြည်၏ အကောင်းဆုံးဟုဆိုနိုင်သော စစ်ကျောင်းကြီးတခုမှ ဆင်းလာသူများ အနေဖြင့် မိမိတို့ကျင်လည်ရာ လောကထဲမှာ အခက်အခဲ အကျပ်အတည်းများ ကြုံတွေ့ရသည့်တိုင် အောက်ခြေအကျဆုံး စစ်သည်များကဲ့သို့ ဘဝကို အပြောင်းအလဲလုပ်ရန် အလွယ်တကူ စွန့်စားဆုံးဖြတ်ရန် မလွယ်ကူဟု ထင်မြင်ယူဆစရာ ရှိ၏။ သို့သော် လက်တွေ့ဖြစ်ရပ်များက အခိုင်အမာဆုံး သက်သေအဖြစ် ပြသနေပေသည်။
ယင်းဖြစ်ရပ်များသည်-
ကာယကံရှင်များ၏ မှားယွင်းဖောက်ပြန် လော်လည်မှုကြောင့်လား…..
သူတို့တတွေ ကြုံတွေ့ရင်ဆိုင်ရသော ခါးသီးမှု ဒဏ်ရာဒဏ်ချက်များက ဆက်လက် ရပ်တည်နိုင်စွမ်းမရှိ လောက်အောင် ရက်စက်လွန်း၍လား….
ယင်းအတွက် မည်သူ့တွင် အဓိကတာဝန်ရှိသနည်း….
စသည် စသည်များကို ဆက်လက် စဉ်းစားသုံးသပ်ကြရန် ဖြစ်ပါသည်။
ဤသို့သော အခြေအနေတွင် ကျနော့်အနေဖြင့် ဖိုးဆန်းအတွက် အားပေးတိုက်တွန်းစကား ဆိုရန်သာ တတ်နိုင်စွမ်းပါသည်….
‘အနိမ့်စံ လောကဓံတရားကို ခံနိုင်ရည်အပြည့်နှင့် ရင်ဆိုကျော်ဖြတ်ရင်း ကိုယ့်ကိုယ်ကို မတိမ်းမစောင်းရအောင် ခိုင်မာသော ရပ်တည်ချက်၊ ညွှတ်ပျောင်းသောစိတ်ထားဖြင့် အားတင်းလိုက်စမ်းပါ ညီလေး ဖိုးဆန်း ရေ..’  ဟူ၍။

နေမင်းသူ
၁၉-၁၁-၂၀၁၂


 

1 comment:

  1. DSA ကဆင်းပြီး ရေတပ်ဝင်တယ် ဆိုကတည်းက သူဟာ အဆင့်မနိမ့်ဘူး ဆိုတာ သိထားကြမှာပါ။ ဂုဏ်ယူပါတယ်ညီလေး ရုန်းကန်ပါကွာ။ မင်းအတွက် တစ်နေရာပေါ်လာမှာပါ။

    ReplyDelete

Ads 468x60px

Featured Posts