Wednesday, April 18, 2012

ဖြူစင် အပြုံးပိုင်ရှင်


“အလုပ်တစ်ခုကိုလုပ်တဲ့အခါ ကိုယ်ကတကယ်ဖြစ်ထွန်းစေချင်တဲ့ စေတနာထားပြီးလုပ်တယ်ဆိုရင် လုပ်ငန်းအစပြုတဲ့အချိန်မှာပဲ အောင်မြင်ဖို့တစ်ဝက်သေချာနေပြီ။”
ဗိုလ်မှူး စိုးပိုင်   ရေ-၁၃၆၁ ( DSA 27th )
(၂၀၀၂ ခုနှစ်မှာ တပ်ကအနားယူသွားသူ)

စစ်မှုထမ်းဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ကာလတလျှောက် ကျနော့်အတွက် ကံကောင်ခြင်းတခုက အကြင်နာတရား ပြည့်ဝပြီး ခေါင်းဆောင်ပီသသော တပ်မှူးကောင်းများနဲ့ အကြိမ်များစွာ ကြုံဆုံခွင့်ရခဲ့တာပါပဲ။ အဲဒီလို တပ်မှူး တွေထဲမှာ ဗိုလ်မှူး စိုးပိုင်လည်း တဦးအပါအဝင်ပါ။ 
သူနဲ့ဆုံတွေ့တဲ့အခါတိုင်း အမြဲလို အပြုံးနဲ့ဆီးကြိုနှုတ်ဆက် လေ့ရှိသူ၊ ရဲဘော်များအပေါ် ညီအရင်းသဖွယ် ဆက်ဆံသူ၊ တပ်မိသားစုတွေရဲ့ စိတ်ပျော်ရွှင်မှုကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးသူ၊ တပ်တွင်း စည်းလုံးညီညွှတ်မှုကို အလေးထားသူ၊ တပ်မိသားစုတွေနဲ့အတူ တပျော်တပါး ဝိုင်းလုပ်ဝိုင်းစား နေရတာကို နှစ်သက်မြတ်နိုးသူ...။
မတွေ့မြင်ရတာကြာပြီဖြစ်တဲ့ ပုံရိပ်တချို့ကို ရုတ်တရက်ပြန်တွေ့လိုက်ရချိန်မှာ စီအိုနဲ့အတူ တာဝန်ထမ်း ဆောင်ခဲ့ရတဲ့ နေ့ရက်တွေကို ကျနော့်စိတ်ထဲမှာ အမှတ်ရလာမိပါတယ်... ၁၉၉၇ ခုနှစ် မိုးဦးကာလ.... ဟိုင်းကြီးကျွန်းမှာ...
ကျနော် အမှတ်(၂၄) ရေတပ်လက်နက်ခဲယမ်းတပ် ကနေ အမှတ်(၂၇) ရေတပ်လေ့ကျင့်ရေးတပ်ကို အပြောင်း အရွှေ့အမိန့်ထွက်ပြီးသော်လည်း ချက်ချင်း မပြောင်းဖြစ်သေးပါ...။ ရလန(၂၄) မှာ လူပျိုကြီး ဗိုလ်မှူး စိုးလှိုင် (မြင်ခိုင်းမင်းသားကြီး) ရဲ့ အရိပ်အာဝါသကို ခိုလှုံကောင်းနေဆဲ...။ အဲဒီအချိန်မှာ ဗိုလ်မှူးစိုးလှိုင် ရန်ကုန်ကို ယာယီတာဝန် ခရီးသွားတုန်း ဗိုလ်မှူး စိုးပိုင် က ကျနော်တို့တပ်ရဲ့ ခေတ္တတပ်မှူးတာဝန်ကို ပူးတွဲယူရတာမို့ ကျနော်နဲ့ စတင် ဆုံစည်းခွင့် ရလိုက်ပါတယ်။
တနေ့မှာ စီအိုက ကျနော့်ကိုမေးပါတယ်.. “မင်း ငါ့တပ်ကို ပြောင်းမလာသေးဘူးလား” တဲ့။ ကျနော့်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိ... ဝေ့လည်ကြောင် အဖြေပေးမိတဲ့အခါ... “အေးကွာ.. မင်း ပြောင်းချင်တဲ့အချိန်မှ ပြောင်း လာပေါ့ အေးဆေးပါပဲ” လို့ ကျနော့်ဆန္ဒကို လိုက်လျောပေးခဲ့တယ်။ ဒါပေမဲ့ ကျနော် သိပ်ကြာကြာ အခွင့်အရေး မရလိုက်ပါ.. တပ်ကို ဗိုလ်မှူး မောင်အေး ဆိုသူ တပ်မှူးအသစ် ဗြုန်းစားကြီး ရောက်လာတယ်။ အဲဒီအချိန်မှာမှ ကျနော် ဗိုလ်မှူးစိုးလှိုင်ကို တပ်ပြောင်းခွင့်ပေးဖို့ အပူကပ်တဲ့အခါ “တပ်မှူး အလွှဲအပြောင်းကိစ္စတွေ လုပ်ပေးပြီး မှ ပြောင်းပါ” တဲ့။ တပ်မှူးတာဝန် လွှဲပြောင်းတဲ့ ကိစ္စတွေလည်း ပြီးရော ဗိုလ်မှူး စိုးလှိုင်က ဖိုင်တွဲတွေ ကသုတ် ကယက် လက်မှတ်ထိုးပေးပြီး ရန်ကုန်ကို ထွက်ခွာသွားပြန်တယ်။
ဘယ်တတ်နိုင်တော့မလဲ.. တပ်မှူးအသစ်နဲ့ကျနော် နှစ်ပါးသွားရတော့တာပေါ့.. တပ်မှူးအသစ်က ကျနော်နဲ့ တမြို့တည်းသား... ဒီအကြောင်းကို ကျနော်ပဲသိတာ... သူမသိဘူး... သူသိအောင် ပြောပြဖို့လည်း ကျနော် မကြိုးစားခဲ့ပါဘူး... (သံသရာတွေ ရှည်မှာစိုးလို့) ဒီလိုနဲ့ မကြာမတင် ကာလမှာ တပ်မှူး အသစ်လည်း ရန်ကုန်ကို ခရီးထွက်သွား ပြန်တယ်။ ဗိုလ်မှူးစိုးပိုင် ဒုတိယအကြိမ် ခေတ္တတပ်မှူးဖြစ်လာချိန်မှာ ကျနော် တပ် ပြောင်းဖို့ အခွင့်ကောင်း ရခဲ့တယ်။ ဒါတောင် ကျနော်ရဲ့ မကောင်းသတင်းနံ့က သူ့ဆီကို ကြိုရောက်သွားလို့ “ငါက လူကောင်းပဲ လိုချင်တာ...လူတော် မလိုချင်ဘူး” ဆိုပြီး ကြိမ်းမောင်းတာ ခံလိုက်ရသေးတယ်ဗျ...
ဖြစ်ပုံက.. အိမ်ခန်းဘေးချင်းကပ် ဆရာကြီးတဦးနဲ့ ကျနော်စကားများတဲ့သတင်း...။ အဲဒီ ဆရာကြီး လင်မယားက တပ်မှူးကို ငိုယိုပြီး သွားသတင်းပို့တယ်။ ကျနော် ဆက်ဆံတာ ရိုင်းတယ်ပေါ့။ ပြဿနာဖြစ်တဲ့ ညက ကျနော်လည်း အတော် ပေါက်ကွဲသွားတယ်။ ဘာဖြစ်လို့ဆို တပ်မှာ ဟိုဆရာကြီးက ကွပ်ကဲကြီး၊ ကျနော်က ရုံးအုပ်.. တပ်သစ်ဆိုတော့  အလုပ်တွေ အပြိုင်ရှုပ်နေကြတာ။ ဒါပေမဲ့ တပ်တည်ဆောက်ရေး လုပ်ငန်း အရေးတကြီး ပေါ်လာရင် အားလုံးဝိုင်းလုပ်ဖို့ တပ်မှူးက အမိန့်ချထားတယ်... အဲဒါကို အခွင့်ကောင်းယူပြီး ကွပ်ကဲကြီးက ထစ်ခနဲရှိ ရုံးပိတ်၊ working party လုပ် ဆိုပြီး ခိုင်းလာတယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ လုပ်ပေးပါတယ်.. တပ်မှူးအမိန့်မပါဘဲ သူဒီလိုခိုင်းလာတာ များတော့ ကျနော်တို့လည်း စိတ်တိုတာပေါ့... ပြီးတော့ ရုံးလုပ်ငန်းကိုလည်း လွှတ်ထားလို့ ရတာမဟုတ်... ရုံးကိစ္စ နှောင့်နှေးမှုဖြစ်ရင် ကိုယ်ပဲ တာဝန်ယူ ဖြေရှင်းရတာ... စိတ်အခန့်မသင့်တဲ့ တနေ့ကျတော့ အဲဒီဆရာကြီးနဲ့ ကျနော် ပြဿပေါ်တော့ တာပဲ။
(တပ်ထဲမှာ နေစဉ်က ကျနော့်ကိုယ်ကျနော် ချမှတ်ကျင့်သုံးတဲ့ မူတခုလည်း ရှိသေးတယ်ဗျ။ အဲဒါက စစ်မှုထမ်းဘဝမှာ “ဒီကောင် ကြောက်တတ်တယ်လို့ အမြင်ခံရင် မကောင်းဘူး၊ ခွနင်းခံရတတ်တယ်၊ နောက်တခါ အပိုးမကျိုးဘူးလို့ အမြင်ခံရလည်း မကောင်းဘူး၊ အမြဲတမ်း သတိထားကြည့်တာ ခံရတယ်။ ဒါ ကျနော့်ခံယူချက်သက်သက်မို့.. မှန်တယ် မှားတယ် မဆိုလိုပါ။ ဒါကြောင့် ကျနော်က လူဆိုးလည်း မဟုတ်၊ လူလိမ္မာလည်း မဆိုနိုင်တဲ့ နည်းကို ကျင့်သုံးခဲ့တယ်။ ငြိမ်ငြိမ်လေး နေလိုက်၊ တခါတခါ ထဖောက်ပြလိုက်။ )
စီအိုက သူ့တပ်ကို ကျနော်မရောက်ခင်ကတည်းက ကျနော့်အကြောင်း လေ့လာထားပုံရတယ်ဗျ... ရုံးချိန်နောက် ပိုင်းမှာ ကျနော့်ကိုခေါ်ချင်ရင် ဘယ်မှာရှိနေလဲ အရင်ရှာခိုင်းတယ်။ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့နေတယ်ဆိုရင် မခေါ်တော့ဘူး။ ကိုယ်တိုင်လည်း ကြိုပြောထားတယ် “မင်းတို့ အရက်မူးပြီး ငါ့အိမ်မလာနဲ့” တဲ့။
စီအိုကိုယ်တိုင်က ဆေးလိပ်မသောက်၊ ကွမ်းမစား၊ (အရက်ဆိုတာ ဝေးမှဝေး)၊ ထာဝရ သက်သတ်လွတ်စားပြီး ဘာသာရေး ကိုင်းရှိုင်းသူ။ အနေအထိုင် တည်ငြိမ်အေးဆေးပြီး ဒေါသဖြစ်ခဲသူ။ သူ့မှာ ခွင့်လွှတ်နိုင်စိတ်နဲ့ ဥပေက္ခာပြုနိုင်တာကို ကျနော်တွေ့ခဲ့ရတယ်။ အုပ်ချုပ်ရေး တပ်က ဆရာကြီးတဦးဟာ ပုံမှန်တိုင်းပြောင်းအမိန့်မှာ ချောင်းဆုံ(ဘီလူးကျွန်း)မှာရှိတဲ့ လေ့ကျင့်ရေးတပ်ကို သင်တန်း ဆရာအဖြစ် အပြောင်းအရွှေ့ပါတယ်။ သူ့မိသားစုနဲ့ ခရီးဝေးကို ပြောင်းဖို့အခက်အခဲ ရှိနေတယ်။ သူက အနီးစပ်ဆုံး လေ့ကျင့်ရေးတပ်(ကျနော်တို့တပ်) ကိုပြောင်းခွင့်ရဖို့ ဌာနချုပ်မှူးကို အပူကပ်တယ်။ ဒါပေမဲ့ လည်း သူ့အတွက် ကံကြမ္မာဆိုးဖြစ်နေတာက စီအိုနဲ့သူ တနင်္သာရီခွင်တခုမှာ အကြီးအကျယ် ပြဿနာတက် ခဲ့ပြီး စီအိုက သူ့ကို “ခင်ဗျား ကျုပ်နဲ့ ဘယ်တော့မှ ပြန်မဆုံမိစေနဲ့” လို့ ကြိမ်းမောင်းထားခဲ့တာ။ (အဲဒီမှာတုန်းက စီအိုနာမည်ကို ခုတုံးလုပ်ပြီး သူအကြီးအကျယ် အမှားကျူးလွန် မိခဲ့ကြောင်း အဲဒီဆရာကြီးကိုယ်တိုင် ဝန်ခံပါ တယ်) ဒါကြောင့် အဲဒီဆရာကြီးဟာ မိသားစုမျက်နှာကြည့်ပြီးတော့သာ ဒီတပ်ကို မျက်နှာအောက်ကျို့ပြီး ပြောင်းလာခဲ့တာ။ သူရင်ဆိုင်ရမယ့် အခြေအနေကို ကြိုတွက်ထားပြီးသား။ တပ်ကိုရောက်လာတော့ စီအိုက သူထင်သလို မဟုတ်ဘဲ ဘာမျှမဖြစ်ခဲ့သလို ဆက်ဆံတာကို တွေ့ရလို့ အံ့သြမဆုံး ဖြစ်ခဲ့ရတယ်။  
ကျနော်တို့တပ်မှာသုံးဖို့ထုတ်ပေးထားတဲ့ မော်တော်ကားတစ်စီး နဲ့ မီးစက် တလုံး ရှိတယ်။ ကားအတွက် တလကို ဓာတ်ဆီ ဂါလံ ၅၀၊ မီးစက်အတွက် ဒီဇယ်ဆီ ၂၅ ဂါလံ ရတယ်။ စီအိုက လစဉ် ရတဲ့ အုပ်ချုပ်မှုဆီထဲက တပ်အတွက် လိုသလောက်သုံး ပိုတာလေးကို စုပြီးရောင်းတယ်။ ရလာတဲ့ငွေနဲ့ မိသားစု အိမ်ထောင်သည် လိုင်းခန်းတွေအတွက် မီးချောင်းတွေဝယ်ပြီး တပ်ဆင်ပေးတာမျိုး၊ လိုက်ကာ ခန်းဆီးလေးတွေချုပ်ပေးတာမျိုး လုပ်ပေးတတ်တယ်။( ဂျီအီးက မီးလုံးတွေပဲ တပ်ဆင်ပေးတာပါ)။ ပြီးတော့ တပ်မိသားစုတွေ ကြည့်ဖို့ တီဗွီ အပေါ်စက်အောက်စက်တစုံ ဝယ်ပေးထားတယ်။ တပ်တွင်းသက်သာဆိုင်လေး တဆိုင်လည်း ဖွင့်ပေးထားပြီး လစဉ် အမြတ်ငွေ ခွဲဝေပေးတယ်။ အဲဒီအချိန်က လစာထဲက ချေးငွေဖြတ်တောက်နေချိန်ဖြစ်လို့ လစာထုတ် တဲ့အခါတိုင်း ကျပ် ၆၀၀ လောက်ပဲ ရတဲ့ ကျနော်တို့အဖို့ သက်သာဆိုင်ကရတဲ့ အပိုငွေ ကျပ် ၅၀၀ လောက်ဟာ အတော်လေး ခုသာခံသာ ဖြစ်ခဲ့တာ။
တာဝန်ထမ်းဆောင်ရာမှာ ကျနော်မှားယွင်း တိမ်းစောင်းမှုလေးတွေရှိခဲ့ပေမယ့် စီအိုက ကျနော့်ကို ယုံယုံကြည် ကြည် တာဝန်ပေးခဲ့တာတွေရှိပါတယ်။ စီအိုရဲ့ကြီးကြပ်မှုနဲ့ တပ်တွင်းစာကြည့်တိုက်ကလေးကို ကျနော် ဦးစီးလုပ်ဆောင် ခဲ့ရပါတယ်။ နောင် ဘယ်မှာတွေ့တွေ့ ညီအကိုရင်းပမာ လှိုက်လှိုက်လှဲလှဲ ဆက်ဆံ ခဲ့တာပါ။
စစ်သည်တွေကို တာဝန်ပေးစေခိုင်းတဲ့နေရာမှာ မျှမျှတတ ရှိဖို့ တာဝန်ခံ အဆင့်ဆင့်ကို အမြဲ မှာကြားလေ့ ရှိပါတယ်။
စီအိုပြောဆိုနေကျ စကားက “ဒီခေတ်လူငယ်တွေဟာ ကျနော်တို့ တုန်းကလို မဟုတ်ဘူး၊ အမှားအမှန် ဝေဖန် ဆန်းစစ်မှု အားကောင်းတယ်၊ မှားမှားမှန်မှန် အထက်ကခိုင်းရင် လုပ်ကိုလုပ်ရမယ်ဆိုတာကို လက်မခံကြတော့ ဘူး၊ ဒါကြောင့် အလုပ်တာဝန်ပေးရင် သူတို့နားလည်အောင် ရှင်းပြပါ။ တပ်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ ဒီအတိုင်းပဲ လုပ်သွားမယ်” တဲ့။
ခုချိန်မှာ သူတို့အကြောင်း ကျနော် ပြန်လည်ရေးသား တင်ပြနေတာ တခြားရည်ရွယ်ချက်ကြောင့် မဟုတ်ပါဘူး။ ကျနော်နဲ့ ရင်းနှီးကျွမ်းဝင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်မှူးတွေထဲမှာ သူတို့ဟာ ရိုးသားဖြူစင်ပြီး တပ်မှူးကောင်းပီသသူတွေ ဖြစ်တဲ့အကြောင်း အသိအမှတ်ပြု ဖော်ပြပေးတာပါ။ သူတို့လို အခြားအခြားသော တပ်မှူးကောင်းတွေလည်း တပ်မတော်ထဲမှာ ရှိနေခဲ့ ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အရာရှိငယ်များအနေနဲ့ သူတို့ဆီက အတုယူသင့်တဲ့အချက်တွေကို လက်ဆင့်ကမ်း ခံယူကျင့်သုံးနိုင်မယ်ဆိုရင် မိမိအတွက်ရော တပ်မတော်နဲ့ တိုင်းပြည်အတွက်ပါ များစွာ အကျိုး ဖြစ်ထွန်းနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ပြည်သူလူထုနဲ့ တသားတည်းရှိသော ပြည်သူ့တပ်မတော် သို့ရည်သန်လျက်....

နေမင်းသူ
၁၈ အေပြီ ၂၀၁၂


No comments:

Post a Comment

Ads 468x60px

Featured Posts