Monday, April 16, 2012

သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး

    မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ထွန်းပြောင်းလဲလာပါသည်ဟု ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူများက ခံစားပျော်ရွှင်နေကြသောအချိန်အခါတွင် မိမိအနေဖြင့် ယခုကဲ့သို့ပြောဆိုခြင်းသည် အဆိုးမြင်ဝါ ဒီတယောက်ကဲ့သို့ မြင်နိုင်ဖွယ်ရှိသည်ကို နားလည်ပါသည်။ သို့သော်လည်း မိမိတို့စာရေးဆရာဟူသည် မိမိမြင် သည့်အမြင်များနှင့် သိရှိထားသည်ကို စာဖတ်သူပရိတ်သတ်များထံသို့တင်ပြကြရခြင်းသည် တာဝန်တရပ်ဖြစ် ပေသည်။ မိမိခေါင်းစဉ်အနေဖြင့် အဘယ်ကြောင့် သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေးဟု တင်ထားသနည်း။ လက်ရှိနိုင်ငံရေးအခြေအနေများသည် အခြေအနေ အချိန်အခါများသာ ပြောင်းလဲသော်လည်း သွားနေသည့် လမ်းသည် ယခင် နဝတ အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့်နည်းလမ်းဟောင်းပုံစံဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အဘယ်ကဲ့သို့ တူညီသနည်း ဖြစ်စဉ်များကို နှိုင်းယှဉ်သုံးသပ်ကြည့်ရာဝယ်။

    ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲပြုလုပ်ပေးသည် တဖက်မှ တစည ပါတီကို အမာခံပါတီအနေဖြင့် ပါဝင် စေခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးပြကာ အာဏာလွှဲပြောင်းပေးခြင်းမပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် National Assembly (အမျိုး သားညီလာခံ) ကိုခေါ်ယူကျင်းပခဲ့သည်။ ထိုသို့ခေါ်ယူကျင်းပရန်အတွက် နဝတ အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေးများကမ်းလှမ်းကာ ယင်းတို့စိတ်ကြိုက်ပြုလုပ်ခဲ့ကြသည်။ တပိုင်းတစ ခွဲထွက်အဖွဲ့များကို လူမျိုးစုကိုယ်စားလှယ်များအဖြစ် တင်မြှောက်ပြီး ယင်းတို့စိတ်ကြိုက်ပြုလုပ်ခဲ့ကြသည်။ ထိုမှ ၁၉၉၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆက်လက်တက်ရောက်ခြင်းမရှိသည်မှ အစပြုကာ ရပ်နား ထားပြီး ၂၀၀၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။
    ယခုအခါ ၂၀၁၀ ရွေးကောက်ပွဲကို ယင်း ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြုလုပ်ခဲ့ကြပြီး ၁၉၉၀ ကဲ့သို့ မဟုတ်ဘဲ ယင်းတို့၏ အမာခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ထိုမှ ရှေးယခင်အတိုင်း တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးစကားကမ်းလှမ်းပြီး National Assembly (အမျိုးသားညီလာခံ) တခုကို ထပ်မံကျင်းပရန်ပြင်ဆင်နေပြန်သည်။ ဤဖြစ်စဉ်နှစ်ခုတွင် မိမိတို့ မြင်နိုင်သည်မှာ နောက်ခံကားချပ်အနေဖြင့် စစ်အစိုးရအုပ်ချုပ်မှုနောက်ခံနှင့် ဒီမိုကရေစီအမည်ခံအရပ်သား လွှတ်တော်အစိုးရတရပ်ဖြစ်နေသည်။ ယခင်က နိုင်ငံရေးအရ တင်းကြပ်ထားပြီး ယခုအခါ နိုင်ငံရေးအရ လွတ် လပ်မှုအချို့ကို ပေးထားသည်။  သို့သော်လည်း လွတ်လပ်ပြီဟုပြော၍ကား မရသေးသောအခြေအနေဖြစ်သည်။ ယင်းအတွက် နိုင်ငံရေးအကျဉ်းသားအချို့ကျန်ရှိနေသေးခြင်း၊ တပ်တွင်းမှ တပ်တွင်းအခြေအနေများကို ဖော် ထုတ်ရေးသားနေသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နေခြင်းနှင့် အခြားအခြားသော အကြောင်းအရာများစွာတို့ သည်လည်း ဖြစ်ပျက်နေဆဲပင်ဖြစ်ပါသည်။
    ဤသို့သော နောက်ခံအခြေအနေပြောင်းလဲပြီး သွားနေသည့် လမ်းကြောင်းများမှာ ထူးမခြားနားဖြစ်နေ သည်ကို တွေ့ရှိရနေပါသည်။ ဤတွင်မိမိတို့အနေဖြင့် မေးစရာမေးခွန်းတခုပေါ်လာပါသည်။ ယင်းကား မိမိတို့ တိုင်းပြည်အတွက် တောင်းဆိုခဲ့ကြသည်မှာ အဘယ်နည်း။ ဦးနေဝင်းလက်ထက် အာဏာသိမ်းခံခဲ့ရစဉ်ကတည်း ကမိမိတို့ တောင်းဆိုခဲ့ကြသည့် နိုင်ငံရေးရည်မှန်းချက်သည် ဒီမိုကရေစီလော၊ ဖက်ဒရယ်လော။ ယခုမူ ဒီမိုက ရေစီအစိုးရဖြစ်သွားသည်ဆိုသည်နှင့်ပင် မိမိတို့မှာ ရည်မှန်းချက်ရောက်သကဲ့သို့ဖြစ်နေကြပါသည်။ ဒီမိုကရေစီ ဖြစ်တိုင်း ဖက်ဒရယ်ကို လက်ခံကျင့်သုံးရန်အလေးသာမည်လော။ ဤသည်ကို သမိုင်းနမူနာကြည့်မည်ဆိုလျှင် ၁၉၆၁ ခုနှစ်တွင် ရှမ်းပြည်နယ်မှတင်သွင်းသော ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးမူ သို့မဟုတ် တောင် ကြီးမူကိစ္စတွင်ပင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်က အာဏာသိမ်းကာ ဘီလူးက ကပြခဲ့ပါသည်။ ယခု ၂၀၀၈ အခြေခံဥပဒေတွင်ကား ဘီလူးက ကပြရန်မလိုသလောက် ပြီးပြည့်စုံနေပါသည်။ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်အရ ပြည်ထောင်စုအတွက် အန္တရာယ်ရှိနိုင်သည်ဆိုသည်နှင့်ပင် စစ်တပ်က အာဏာသိမ်းနိုင်ခွင့် အပြည့် အဝရရှိထားပါသည်။ ဤအခြေအနေမျိုးတွင် မိမိတို့တိုင်းရင်သားကိုယ်စားလှယ်များ မည်သို့ တောင်းဆိုကြမည် နည်း။
    ထို့ပြင် လက်ရှိအပစ်ရပ် ငြိမ်းချမ်းရေးစကားဝိုင်းများတွင်ပင် လောလောဆယ်အပစ်ရပ်ရေးသည်သာ ပဓာန နောက်ပိုင်းအတွက် အမျိုးသားညီလာခံတခုခေါ်ယူကျင်းပပေးမည်ဟူ၍သာ လက်ရှိအစိုးရဘက်မှ ပြော ကြားနေပါသည်။ ဤသည်ကို မိမိထက်ဝါရင့်သဘာရင့် ပုဂ္ဂိုလ်များ သတိပြုမိကြပေလိမ့်မည်။ သို့သော်လည်း မြန်မာစကားပုံတခုကဲ့သို့ ပညာရှိသတိဖြစ်ခဲ ဆိုသကဲ့သို့ ဖြစ်ပြီး သမိုင်းနောက်ပြန်လှည့်သွားမည်ကို မိမိအနေ ဖြင့် စိုးရိမ်လှပါသည်။ နောက်ကြောင်းပြန်မလှည့်ပါဟု လက်ရှိအစိုးရအဖွဲ့မှ အာမခံထားပါသည်။ သို့သော်လည်း မည်သို့အာမခံနိုင်မည်နည်း။ ဤသည်မှာ တိုင်းရင်းသားပြည်သူအားလုံး၏ အရေးကိစ္စနှင့် တိုင်းပြည်ကိစ္စဖြစ်ပါ သည်။ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုများရှိသည် ဒီမိုကရေစီဖြစ်ပြီဆိုသည်နှင့်ပင် မိမိတို့အနေဖြင့် ဦးတည် ချက်မရောက်ရှိသေးသည်ကို နိုင်ငံသူနိုင်ငံသားတိုင်း သိရှိထားရန်လိုအပ်လှပါသည်။ မိမိတို့သွားမည့်လမ်း ကြောင်းသည် ဖက်ဒရယ်မူ တနည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရန်ဖြစ်ပါသည်။ ဤအတွက် လက်ရှိ အစိုးရခေါင်းဆောင်ပိုင်းနှင့် တပ်မတော်အသိုင်းအဝိုင်းမှ မည်မျှထိနားလည် လက်ခံပေးထားသနည်း။ ပြည်သူ ပြည်သားအများစုကကော ဖက်ဒရယ်ကို မည်မျှနားလည်လက်ခံထားသနည်း ဆိုသည့် မေးခွန်းကို ထုတ်ရန် လိုအပ်လာပါသည်။
    ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါလီမန်သို့ ၄၃ နေရာ ဝင်ရောက်နိုင်သည် ဆိုသည်နှင့် ယင်းပြဿနာများကို မည်မျှဖြေရှင်းနိုင်မည်နည်း။ မိမိအမြင်ကိုပြောရလျှင်မှု အမှန်တကယ်သာ လက်ရှိအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဆိုလျှင် ယခုကဲ့သို့ အပစ်ရပ်ရန် လုပ်နေယုံမျှဖြင့် မပြီးဆီးပါ။ ထို့ပြင် လက်ရှိငြိမ်းချမ်းရေးကိုယ်စားလှယ်များပြောသကဲ့သို့ နောက်မှပြောကြတာပေါ့ ဆိုသော စကားလုံးများပြောနေရန်မလိုပါ။ ထို့ပြင် အဖွဲ့အစည်းများကိုလည်း ယင်းတို့စိတ်ကြိုက်အဖွဲ့ကိုသာ တွေ့ဆုံရန် မလိုအပ်ပါ။ ယာယီအားဖြင့် တနိုင်ငံလုံးအတိုင်းအတာ အစိုးရတပ်များကို အပစ်အခတ်ရပ်ဆဲရန် တရားဝင် ကြေငြာချက်ထုတ်ကာ ဖက်ဒရယ်မူအတွက် သက်ဆိုင်ရာတိုင်းရင်းသားများရေးဆွဲထားသော ဖက်ဒရယ်မူကို တင်သွင်းခြင်း၊ ပြည်ထောင်စုအဆင့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်း၊ ပြည်နယ် လိုက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများ တင်သွင်းခြင်း ပြင်ဆင်ခြင်း ဖြည့်ဆွက်ခြင်းများအတွက် ကော်မတီဖွဲ့ ကာဆောင်ရွက်စေရပါမည်။
    မိမိစိုးရိမ်သည်မှာ အမှန်တကယ်အင်အားကြီးသူများအား သိမ်းသွင်းနည်းဖြင့် အတွင်းသို့ခေါ်ယူထား ပြီး နောက်ဆုံး တိုင်းရင်းသားတွေကိုယ်တိုင်က လက်ခံလိုက်ရပါတယ်ဆိုသကဲ့သို့ ပုံစံမျိုးလုပ်သွားမည်ကို မိမိ စိုးရိမ်ပါသည်။ ထိုသို့လုပ်လိမ့်မည်ဟုလည်း စိတ်တွင် ထင်နေပါသည်။ ဤသို့ဖြစ်လာမည် မဖြစ်လာမည်ကိုတော့ မိမိဆရာသမားတဦးပြောစကားအတိုင်း ငွေရောင်ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားရမည်သာ။ မိမိအနေဖြင့် အဓိကပြောကြားလိုသည်မှာ မိမိတို့ပန်းတိုင်သည် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန်ဖြစ်ပါသည်။ ယင်း ပြည်ထောင်စုစနစ်အပေါ်တွင် ဒီမိုကရေစီထွန်းကားရန်ဖြစ်ပါသည်။ ယခုကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ထာဝရငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးပါ။ အချိန်မရွေး ထပေါက်ကွဲနိုင်သောအခြေအနေဖြစ်ပါသည်။ ထို့ပြင် မိမိတို့ ဦးတည်ချက် ရည်မှန်းချက်ကို မပျောက်ပျက်စေလိုပါ။ မှုန်ဝါးမသွားစေလိုပါ။ တဖက်အပေါ် အလွန် ယုံကြည်မိလျှင် တပ်ဦးကျွံသွားလျှင် မိမိတို့ နစ်နာမည်ကို တွေးမိစေလိုပါသည်။ ယခုအခြေအနေများ သည် ယုံကြည်စိတ်ချလောက်သည့်အနေအထားတွင်မရှိသေးသည်ကို တွေ့ရပါသည်။
    ထို့ပြင် မိမိတွေးမြင်မိသည်တခုက တချက်ခုတ်နှစ်ချက်ပြတ် နိုင်ငံရေးကစားကွက်ကို နင်းမည်ဟုလည်း မြင်နေမိပါသည်။ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်တွင်း သို့ နေရာပေးပြီး တိုင်းရင်းသားများနှင့်လည်း ငြိမ်းချမ်းရေးစကားပြောကာ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပ စေပါမည်။ ဤတွင် တိုင်းရင်းသားများကတော့ သေချာသည်က ဖက်ဒရယ်ကိစ္စကို တင်ပြကြမည်သာ ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သို့မျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဘဲ ဇာတ်မျောနေပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးသေသွားနိုင်ပါသည်။ ထို့ပြင် တဖက်တွင်လည်း ဖက်ဒရယ်မရသဖြင့် တိုင်းရင်းသားများကလည်း မကျေမလည်ဖြင့် ပြန်လည်လက်နက်ကိုင်တိုက်ခိုက်နိုင်ပါသည်။ ဤသို့သောအခြေ အနေမျိုးတွင် နိုင်ငံတကာမျက်နှာပန်းလှရန် စီမံသမျှ ငြိမ်ခံကြမည်လား ထိုသို့ဖြစ်လာလျှင် တိုင်းပြည်ပိုမိုဆင်းရဲ ဆိုးဝါးမည် စသခြင့် ခြောက်လုံးဖိလုံးများဖြင့် ဖိအားပေးပြီး ယင်းတို့စိတ်ကြိုက် စီမံကြလျှင်တော့ဖြင့် ……… သံတူကြောင်းကွဲ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို သတိထားကာ ဆင်ခြင်နိုင်ကြပါစေ….. မိမိတို့ ရည်မှန်းချက်ပန်းတိုင်သည် ရောက်ရန်ဝေးနေပါသေးသည်ဆိုသည်ကို မြင်သမျှတင်ပြလိုက်ရပါသည်…
ဗိုလ်ရဲထက်(၁၆-၄-၂၀၁၂)။

No comments:

Post a Comment

Ads 468x60px

Featured Posts