ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ
(http://www.president-office.gov.mm/ ) ကို လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှ
စတင် စမ်းသပ် ဖော်ပြခဲ့ပါတယ်။ ထို အင်တာနက်စာမျက်နှာတွင်
(သတင်းရေးသားနေချိန် တွေ့ရှိချက်အရ) သတင်းလေးပုဒ်၊ မိန့်ခွန်း နှစ်ခု၊
ဓါတ်ပုံသတင်းအချို့နဲ့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ အစိုးရမူဝါဒဆိုင်ရာ
သီချင်းဗီဒီယိုတပုဒ် ဖော်ပြထားတာကို တွေ့ရပါတယ်။
သတင်းများအဖြစ် မေ ၉ ရက်နေ့က ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့
ဦးသိန်းစိန်တို့ တွေ့ဆုံခြင်း သတင်းနဲ့ မေ ၁၁ ရက်နေ့က နိုင်ငံတော်
သမ္မတရုံးတွင် ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခြင်း သတင်းများကို
ဖော်ပြထားပါတယ်။ ဓါတ်ပုံကဏ္ဍမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပတဲ့ အာစီယံ
အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့စဉ်က ဓါတ်ပုံများ အပါအ၀င်
ဓါတ်ပုံ အတော်များများကို ဖော်ပြထားပါတယ်။
သတင်းကဏ္ဍတွင် သတိထားမိတဲ့အချက်တခုက ရက်စွဲ ဖော်ပြတဲ့နေရာမှာ ၂၀၁၂၊ မေလ ၁၁
ရက် - ၂၀၁၂၊ မေ ၁၁ ရက် - နဲ့ မေ (၉) လို့ သတင်း သုံးပုဒ်မှာ ရက်စွဲပုံစံ ၃
မျိုးနဲ့ ရေးထားပါတယ်။ သာမာန်အားဖြင့် ထိုသို့ ကွဲပြားနေခြင်းဟာ
အရေးမကြီးဘူးလို့ ထင်ရပါတယ်။ သို့သော်လည်း ထိုသို့ ကွဲပြားနေခြင်းဟာ စနစ်
(သို့) အလုပ်တခုကို မူဝါဒ၊ သဘောတရား၊ ပုံစံတခုနဲ့ စနစ်တကျ
မလုပ်ကိုင်ခြင်းဆိုတဲ့ သဘောကိုလည်း သက်ရောက်စေတတ်တာမို့ ပုံစံတခုထဲနဲ့
တသမတ်ထဲ ဖော်ပြနိုင်ရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။
ဓါတ်ပုံကဏ္ဍမှာ နည်းနည်း အကြည့်ရဆိုးတာက ဓါတ်ပုံအသေးနဲ့ ဖော်ပြရာတွင် fix
width နဲ့ ဖော်ပြထားတဲ့အတွက် ဒေါင်လိုက်ဓါတ်ပုံများမှာ အကြည့်ရဆိုးသလို
ဓါတ်ပုံအကြီးနဲ့ ကြည့်ရာမှာလည်း ဒေါင်လိုက်ဓါတ်ပုံများမှာ လူပုံတွေ ပုပု၀၀
ကာတွန်းရုပ်လို ဖြစ်နေတာတွေ၊ နောက်တခါ ဓါတ်ပုံရဲ့ အပေါ်ပိုင်း
ပြတ်နေတာတွေကို တွေ့ရပါတယ်။
လိုအပ်ချက်တွေကို ကနဦး စမ်းသပ်နေဆဲ ကျော်လွန်သွားတဲ့အခါ ပြင်ဆင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
သမ္မတရဲ့ အင်တာနက်စာမျက်နှာအကြောင်း သတင်းတခုတွင် ဖော်ပြစဉ်က စာမျက်နှာရဲ့
အိုင်ပီလိပ်စာကို ထည့်သွင်း ဖော်ပြထားတာ သတိထားမိပါတယ်။ အင်တာနက်
လုံခြုံရေးရှုဒေါင့်က ကြည့်မယ်ဆိုရင် အဲဒီလို ဖော်ပြခြင်းဟာ လွန်စွာ
မသင့်လျော်တဲ့ ဖော်ပြခြင်း ဖြစ်ပြီး အန္တရာယ် များပါတယ်။ ဖြစ်နိုင်ရင်
ဖော်ပြမိတဲ့သတင်းနဲ့ အများ ဖတ်ရှုနိုင်တဲ့နေရာများက သမ္မတရုံး
အင်တာနက်စာမျက်နှာ အိုင်ပီလိပ်စာကို ဖယ်ရှားသင့်သလို နောက်ထပ်
အိုင်ပီလိပ်စာတခု ပြောင်းလဲ အသုံးပြုပါက ပိုမို ဘေးကင်းနိုင်မယ်လို့
ထင်ပါတယ်။
သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာတွေကို xhtml 1.0 ၊ Drupal တို့နဲ့ ရေးထားတာ
တွေ့ရပါတယ်။ အင်တာနက်စာမျက်နှာဒီဇိုင်း ရေးသားသူတချို့က xhtml 1.0 ရဲ့
ကန့်သတ်ချက်အချို့ကို မကြိုက်တဲ့အတွက် html 4 ကို ပြန်သုံးကြတာ ရှိပါတယ်။
html 5 ကို သုံးနေကြသူတွေ ရှိသော်လည်း လုံခြုံရေးအတွက်
စိုးရိမ်သူတချို့ကတော့ စောင့်ကြည့်ချင်သေးတယ်လို့ ဆိုပါတယ်။ Drupal က
အများသုံးတဲ့ စနစ်၊ စိတ်ချရတဲ့စနစ်လို့ အများက သိထားကြပါတယ်။
မြန်မာသမ္မတရဲ့ အင်တာနက်စာမျက်နှာဟာ နိုင်ငံတခုရဲ့ အစိုးရအဖွဲ့ အကြီးအကဲကို
ကိုယ်စားပြုတဲ့ အင်တာနက်စာမျက်နှာ ဖြစ်တဲ့အတွက် ကိုယ့်လိုအပ်ချက်နဲ့အညီ
မိမိကိုယ်ပိုင် ဒီဇိုင်း၊ အချက်အလက် သိုမှီးတဲ့ စနစ်တွေနဲ့ ရေးဆွဲ၊
အသုံးပြုနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ ဘာ့ကြောင့်ဆိုတော့
မြောက်ကိုရီးယားအစိုးရ အင်တာနက်စာမျက်နှာ (http://www.korea-dpr.com/) ဟာ
အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာပေးရတဲ့ ဒီဇိုင်းကို သုံးထားတဲ့အတွက် အခြားသူတွေ
ထောက်ပြ ပြောဆိုစရာ ဖြစ်ခဲ့လို့ပါ ပဲ။
(http://www.wired.com/dangerroom/2012/04/north-korea-website/)
မြန်မာသမ္မတ အင်တာနက်စာမျက်နှာမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ရေးထားတဲ့
Copyright @ Myanmar President Office 2012 All Rights Reserved. လို့
ရေးထားပါတယ်။ များသောအားဖြင့် မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး
ရာဟူးအင်တာနက်စာမျက်နှာမှာ ရေးထားသလို Copyright © 2012 Yahoo! Inc. All
rights reserved. လို့ ရေးတတ်တာမျိုး တွေ့ရတာမို့ @ နဲ့ © နဲ့
မှားရေးထားသလားလို့ တွေးမိပါတယ်။
နောက်တခု လိုအပ်နေတယ်လို့ ထင်မိတာကတော့ မူပိုင်ခွင့်ကိစ္စနဲ့ ဆက်သွယ်ရန်ကိစ္စ
ပါ။ အစိုးရအဖွဲ့တွေဟာ သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေကနေ အစိုးရရဲ့
လုပ်ငန်းတွေ၊ သတင်းတွေကို အများ သိခွင့်ရအောင် ဖော်ပြကြပြီး အခြား
မီဒီယာတွေက အလွယ်တကူ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ထည့်ထားတတ်ပါတယ်။
တချို့ကျတော့ ဓါတ်ပုံတွေကို ကူးယူ အသုံးပြုနိုင်အောင်လည်း လုပ်ပေးတတ်ပြီး
ကူးယူ အသုံးမပြုစေလိုတဲ့ ဓါတ်ပုံတွေကျတော့ ကူးလို့ မရအောင်
လုပ်ထားတတ်ပါတယ်။ သက်ဆိုင်ရာ သတင်း၊ ဓါတ်ပုံတွေကို ပြန်လည် အသုံးပြုတဲ့အခါ
ဘယ်အတိုင်းအတာကို ခွင့်ပြုတယ်၊ ဘယ်လိုကိစ္စတွေမှာ အသုံးပြုခွင့်
တောင်းရမယ်ဆိုတာကိုလည်း တပါတည်း ဖော်ပြတတ်ပါတယ်။ မြန်မာသမ္မတ
အင်တာနက်စာမျက်နှာမှာ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း
တိတိကျကျ ဖော်ပြထားတာ မတွေ့ရပါ။
ပြုပြင် ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့
လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ လွယ်လင့်တကူ
သိရှိနိုင်အောင် သမ္မတရဲ့ အင်တာနက်စာမျက်နှာတခု ဖန်တီးနိုင်တာ ၀မ်းမြောက်စရာ
ပါ။ ထိုသို့ ၀မ်းမြောက်မှုနဲ့အတူ သေသပ်ခန့်ငြားပြီး အများလေးစားတဲ့
အင်တာနက်စာမျက်နှာတခုအဖြစ် ရေရှည်တည်တံ့နိုင်ဖို့ တောင့်တ မျှော်လင့်လျက်
ပါ။
(http://www.burmatoday.net/news.php?news_ID=391) မှကူးယူဖော်ပြသည်။
No comments:
Post a Comment